လိုင်ဇာအနီး ဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး ကလေးသူငယ်တွေအပါအဝင် သုံးဆယ်နီးပါး သေဆုံး
2023.10.10

Updated: 11:50 PM, Oct 10
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ ရဲ့ မြောက်ဘက် သုံးမိုင်ခန့် အကွာ မုန်လိုင်ခက်ရွာ မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီလေတပ် က အောက်တိုဘာ ၉ ရက် မနေ့ည ၁၁ နာရီကျော် အချိန်မှာ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ KIA အဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ဒီနေ့ နေ့လယ်ပိုင်းအထိ လိုင်ဇာမြို့ပေါ်က ဆေးရုံကို ပို့ဆောင်နေရဆဲပဲလို့ ဒဏ်ရာရ သူတွေကို အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြင်ရတဲ့ လူနာအခြေအနေအရဆိုရင် ကျွန်မလှမ်းမြင်ရတာကတော့ ကလေးလေးတွေ ဖြစ်ပါတယ်။ အမေတွေက ဆုံးသွားပြီးတော့မှ နို့စို့တဲ့အရွယ် ကလေးတွေ အသက်ရှင်ပြီး ကျန်နေတာ တွေ့ရတယ်။ အဲဒီတော့ ကလေးတွေအတွက် လိုအပ်တဲ့ အရာတွေ ပြီးတော့ ကလေးတွေက ခန္ဓာကိုယ်တွေ၊ ခေါင်းတွေမှာ ဒဏ်ရာရ ထားတာ တွေ့ပါတယ်။ ပြီးရင် မလှမ်းမကမ်းက လူနာတွေက ပတ်တီးအဖွေးသားနဲ့ ထိခိုက်နေတာကို တွေ့ရ တယ်။ လောလောဆယ်အနေနဲ့ ဆေးရုံအုပ်ကတော့ သေဆုံးသူဟာ စုစုပေါင်း ၂၉ ယောက်၊ ဒဏ်ရာရသူဟာ ၅၇ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဆေးရုံကိုမရောက်တဲ့ လူတွေလည်း ရှိနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီစခန်းတစ်ခုလုံးက ပျောက်သွားတာ၊ ပျက်စီးသွားတာ တွေ့ရတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုကလစ်တွေ မှာလည်း အများဆုံး မြင်ရပါတယ်"
မနေ့ညက တိုက်ခိုက်ခံရတဲ့ ဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အခုနှစ် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ်ဆန်ယန်ရွာက ဒေသခံတွေ အများစုခိုလှုံနေတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီဒုက္ခသည်စခန်းဟာ မုန်လိုင်ခက်ရွာရဲ့ ကုန်းမြင့်အောက်မှာ ကပ်လျက်ရှိနေပြီး အိမ်ထောင်စု တစ်ရာ နီးပါးနေထိုင် ပါတယ်။ မနေ့ညကဖြစ်စဉ်မှာ ဒုက္ခသည်စခန်းရှိတဲ့နေရာကို တည့်တည့် ကျရောက်ခဲ့တာလို့လည်း ဆိုပါတယ်။
"မထိတဲ့ အိမ်ဆိုတာ မရှိသလောက်ပဲ၊ ကုန်းတစ်ခု ခံနေတာတောင် ထိတယ်။ ဗုံးကျတဲ့ နေရာက လူတွေကတော့ တစ်ခါတည်း အကုန်လုံး အိမ်မှာ ရှိသလောက် အကုန်သေသွားတာပေါ့“
အဲဒီဗုံးဟာ ဖျက်အားပြင်းဗုံးဖြစ်တာကြောင့် ဒုက္ခသည်တွေရဲ့ နေအိမ်တွေနဲ့ ရွာခံတွေရဲ့ နေအိမ်တော်တော် များများလည်း ပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒုက္ခသည်စခန်းမှာ နေတဲ့သူတွေက အိမ်လည်း မရှိတော့ဘူး၊ ဘာမှကို မရှိတော့ဘူး။ ပျက်စီးနေတဲ့ သွပ်အပိုင်း အစတွေပဲ မြင်ရတော့တယ်။ ဗုံးကျတာက ငါးကန်တစ်ခုစာ လောက် နက်သွားတယ်။ ပြီးတော့ မုန်လိုင်ခက် တကယ့်ရွာကတော့ အပေါ်ဘက် ကုန်းပေါ်မှာ ဟုတ်တယ်။ ဒါပေမဲ့ အောက်ဘက်ကို ဗုံးကျတဲ့ အပေါ်ဘက်က ဘုရားကျောင်းထိတယ်၊ မူကြိုကျောင်းထိတယ်။ မုန်လိုင်ခက်ရဲ့ စာသင်ကျောင်းရော၊ ဒုက္ခသည်စခန်းရော အကုန်ထိတယ်။ အိမ်ကတော့ အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ မထိတဲ့ အိမ်ဆိုတာ မရှိသလောက်ပဲ၊ ကုန်းတစ်ခု ခံနေတာတောင် ထိတယ်။ ဗုံးကျတဲ့ နေရာက လူတွေကတော့ တစ်ခါတည်း အကုန်လုံး အိမ်မှာ ရှိသလောက် အကုန်သေသွားတာပေါ့“
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီဟာ သူတို့ ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ KIA ပါဝင်လာဖို့ လက်နက်နဲ့ ခြိမ်းခြောက်လိုက်တာပဲလို့ RFA ကို ပြောပါတယ်။
“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့လည်း သူတို့ပြောနေတာ၊ ရွေးကောက်ပွဲ လုပ်ဖို့လည်း သူတို့ပြောနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမှ လက်နက်ချဖို့ ပြောနေတဲ့ အနေအထား ပုံစံဖြစ်နေတာ။ အဲဒါကြောင့် သူတို့ရဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ဘက်ကို ရောက်အောင် ခြိမ်းခြောက်တဲ့ ပုံစံနဲ့ ခေါင်းမထူနိုင်အောင် တိုက်ခိုက်တဲ့ ပုံစံဖြစ်နိုင် ပါတယ်။ ဒုတိယတစ်ချက် ကတော့ ကျွန်တော်တို့ KIO တွေကို လိုင်ဇာတစ်ဝိုက်မှာ သူတို့ဘက်က စစ်ဆင်ရေးလုပ်ပြီး တိုက်ခိုက်နေတာ သုံးလရှိနေပြီ။ သုံးလတောင်မှ နည်းနည်းကျော်ပါပြီ။ သူတို့လည်း ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတာ။ ဒါကြောင့် ပြည်သူလူထု ရှိတဲ့ဘက်ကို ပစ်တာလည်း ဖြစ်နိုင်ပါတယ်"
မနေ့ညက တိုက်ခိုက်ခဲ့တဲ့ ဗုံးဟာ ဖျက်အားပြင်းဗုံးအမျိုးအစားတစ်ခုခုဖြစ်နိုင်ပြီး စစ်ကောင်စီတပ်က ဒရုန်းကို အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အဲဒီဗုံး အမျိုးအစားကို တိတိကျကျသိရဖို့ ကေအိုင်အေ က စုံစမ်းရေးအဖွဲ့နဲ့ စိစစ်နေတယ်လို့လည်း ပြောပါတယ်။
မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာလား၊ လက်နက်ကြီးကျရောက် ပေါက်ကွဲတာလားဆိုတာကိုတော့ RFA အနေနဲ့ သီးခြား စုံစမ်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
KIA က ပြုစုထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၂၉ ဦးထဲမှာ ကျား ၁၂ ဦးနဲ့ မ ၁၇ ဦး ပါဝင်ပြီး ဒဏ်ရာရတဲ့ သူတွေကိုတော့ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တိုက်ခိုက်ခံရမှုကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံတွေ အတွက် ယာယီနေထိုင်ဖို့ နေရာလည်း ပြင်ဆင်ထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သူအနေနဲ့ မသိရသေးသလို ဒီလို သတင်းမျိုး အစိုးရအနေနဲ့ မသိရဘူးလို့ပဲ တုံ့ပြန်ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာမရှိခဲ့ဘူးလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ တစ်ဆင့် ဒီနေ့တုံ့ပြန်ပါတယ်။
“ဒီလိုင်ဇာသတင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ကျွန်တော် တို့ ထိန်းသိမ်းဆောင်ရွက်လျက် ရှိတယ်။ ဒီနယ်စပ် ဒေသနဲ့နီးတဲ့နေရာမှာ ညသန်းခေါင် အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်တို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ ဆိုတာ ဖြစ်နိုင်မလား၊ ဖြစ်နိုင်သလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီး ဖြစ်တယ်၊ တပ်မတော်အနေနဲ့ကတော့ လက်နက်ကိုင်သောင်းကျန်းနေတဲ့ သောင်းကျန်းသူတွေရဲ့ မည်သည့်ဌာနချုပ်ကိုမဆို ကျွန်တော်တို့ ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ဘူး ဆိုတာကို ပြောပြီးဖြစ်ပါတယ်”
အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ KIA ဘက်က တပ်မတော်စစ်ကြောင်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့ နေရာဖြစ်ပြီး အခုပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲပဲလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို ဒေသခံတွေက လက်မခံကြပါဘူး။ ဒီဖြစ်စဉ်ဟာ စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်တွေအပေါ်မှာ အမြစ်ပြတ်ချေမှုန်းနေတာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW)က တာဝန်ခံ ကိုဂျက်ကော့က RFA ကို ပြောပါတယ်။
"စစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် သူတို့လုပ်နေတာဆိုတော့ နောက်တစ်ခုက တိုင်းရင်းသား တွေကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အောက်တိုဘာ ၉ ရက်နေ့ညက လုပ်လိုက်ခြင်းက တိုင်းရင်းသားတွေကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ သက်ရောက်နေတာပေါ့။ အခုလိုမျိုးလက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ပြည်သူတွေ အမြောက်အမြားသေဆုံးရတယ်။ ဒီလိုမျိုး လုပ်ခြင်းက စစ်ကောင်စီ အပြည့်အဝ တာဝန်ရှိတယ်။ တာဝန်ယူရမယ်"
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေထဲမှာ ဒီဖြစ်စဉ်က ဒုတိယအကြိမ် ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ညကလည်း ဖားကန့်မြို့နယ် အနန့်ပါမှာ ပြုလုပ်နေတဲ့ KIO အထိမ်းအမှတ်ပွဲကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကေအိုင်အေ အမှုထမ်းနဲ့ အရပ်သားအပါဝင် စုစုပေါင်း ၆၆ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကတော့ လိုင်ဇာအနီးက ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တဲ့ သတင်းအတွက် အလွန်စိုးရိမ်မိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဒီနေ့ရေးသားထားပါတယ်။ ဒုက္ခသည်စခန်းဆိုတာ ဒုက္ခသည်တွေနဲ့ အရပ်သားတွေရဲ့နေရာဖြစ်ပြီး သူတို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပစ်မှတ် မဖြစ်သင့်ပါဘူးလို့လည်း ဖော်ပြထားပါတယ်။