လေကြောင်းတိုက်ခိုက်မှုကြောင့် မကွေးမှာ တစ်ရက်တည်း ဆယ်ဦး သေဆုံး

RFA Burmese
2024.10.06
လေကြောင်းတိုက်ခိုက်မှုကြောင့် မကွေးမှာ တစ်ရက်တည်း ဆယ်ဦး သေဆုံး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်မကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲခဲ့သဖြင့် လမ်းပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

Updated 3:56 PM Oct 6, 2024

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ဆော၊ ထီးလင်းမြို့နယ်တွေမှာ အောက်တိုဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထီးလင်းမြို့နယ်၊ ကျင်းရွာမှာ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ၀န်းကျင်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ရှစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ထီးလင်းမြို့နယ်၊ ကျင်းရွာနားက ကား၀ပ်ရှော့ကို ပစ်သွားတာ။ အတည်ပြုထားတာဆိုရင် ရှစ်ယောက်လောက် ရှိပြီ၊ လောလောဆယ်အထိပေါ့။ ဆေးရုံမှာ ဆေးကုရင်း သေတာက သုံးယောက်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ ဆယ်ဦး ကျော်တယ်။ နောက်တစ်နေရာကျတော့ ပန်းဆန်၊ ဒရုန်းနဲ့ လာကြဲသွားတာ၊ ဂျက်နဲ့တော့ မဟုတ်ဘူး။ ဒရုန်းနဲ့ရော လက်နက်ကြီးနဲ့ရော ထုတယ်၊ ၁၂၀ နဲ့။ အဲဒါကတော့ ကလေးအမေတစ်ယောက်သေတယ်လို့ ကြားတယ်"

"ထီးလင်းမြို့နယ်၊ ကျင်းရွာနားက ကား၀ပ်ရှော့ကို ပစ်သွားတာ။ အတည်ပြုထားတာဆိုရင် ရှစ်ယောက်လောက် ရှိပြီ၊ လောလောဆယ်အထိပေါ့"

သေဆုံးသူ ရှစ်ဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ တစ်ချိန်တည်းမှာပဲ မနေ့မနက် အစောပိုင်းက ဆောမြို့နယ် ပန်းဆန်ရွာမှာ စစ်ကောင်စီက လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်တိုးဖြစ်ပြီး ဒရုန်းရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ် ဦးမောင်တင်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်တဲ့နေရာကို သွားကြည့်ရင်း ဗုံးထိမှန်သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့ကဖြစ်သွားတာက ရေမရှင်မှာ အေးရိပ်သာကုန်းပေါ်ကို ၁၂ နာရီ ၂၂ မိနစ်မှာ တစ်လုံး၊ ၁၂ နာရီ ၃၀ ကျော်ကျော်လောက်မှာ နောက်တစ်လုံး ချသွားတယ်ပေါ့။ ဒုတိယအကြိမ် ဗုံးချတဲ့အချိန်မှာ သေဆုံးတာတော့ ရှိပါတယ်ဗျ။ သူကတော့ သွားကြည့်တာပေါ့၊ ပထမအကြိမ်ချသွားတဲ့နေရာကို ဘာများထူးခြားမှုရှိလဲဆိုပြီး သွားကြည့်တာ။ သူကတော့ နွားကျောင်းသားပေါ့၊ ‌သွားကြည့်ရင်းနဲ့ နောက်တစ်လုံးချတဲ့အချိန်မှာ လုံး၀ရှောင်လို့မရဘဲ အစအနမှန်ပြီး ခေါင်းပြုတ်သွားတာ"


ဆက်နွှယ်သောသတင်းများ

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးမှု သုံးဆနီးပါး မြင့်တက်

တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ရာကျော် သေဆုံး

ပေါက်မြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး


အဲဒီဒေသမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ နေရာတွေဖြစ်တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဂန့်ဂေါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မာရှယ်လောထုတ်တဲ့ မြို့နယ်တွေထဲမှာ ဒီသုံးမြို့နယ် ပါတယ်ပေါ့။ ထီလင်း၊ ဂန့်ဂေါ၊ ကျောက်ထုပေါ့။ စိုးမိုးနယ်မြေလို့လည်း ပြောလို့ရတယ်။ သူတို့အထူးသတ်မှတ်ထားတဲ့ နေရာတွေလည်း ဖြစ်တယ်ပေါ့။ အဲဒီလိုဆိုတော့ ဒါသူတို့ လေကြောင်းတိုက်ခိုက်တယ်ဆိုတော့ ဒါ သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တာပေါ့"

ယောတော်လှန်ရေးတပ်ဖွဲ့ (YRA) ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေလုပ်တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာလို့ RFA ကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံအချို့အား  ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့တွင် တွေ့ရစဉ်။ (Citizen Photo)
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့တွင် တွေ့ရစဉ်။ (Citizen Photo)

အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း ပေါက်မြို့နယ်၊ ခင်ရှည် (တောင်) ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁၇ ဦး သေဆုံးသွားတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၃၅၀ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(မှတ်ချက် - ဒေသခံများ၏ ပြောဆိုချက်၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်များကို ဖြည့်စွက်ထည့်သွင်းထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။