လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးမှု သုံးဆနီးပါး မြင့်တက်
2024.09.25

သိမ်းပိုက်ခံရတဲ့ နယ်မြေတွေပြန်ရအောင် လိုအပ်သလို တုံ့ပြန်သွားမယ်လို့ စက်တင်ဘာလဆန်းမှာ စစ်ခေါင်းဆောင် ပြောဆိုလိုက်တဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့လထက် ပိုများလာသလို အရပ်သား သေဆုံးရတာလည်း သုံးဆခန့် မြင့်တက်ခဲ့ပါတယ်။
RFA ကပြုစုထားတဲ့ အချက်အလက်တွေအရ အခုစက်တင်ဘာလ ၁ ရက်နေ့က ၂၄ ရက်နေ့အထိ တစ်လနီးပါးအတွင်း တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ခုနစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရတာ တွေ့ရပါတယ်။ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကယားပြည်နယ် (ကရင်နီပြည်) တွေမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ရခိုင်ပြည်နယ်ဟာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး လူ ခုနစ်ဆယ်ကျော်အထိ သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်းမှာ လူနှစ်ဆယ်နဲ့ ရှမ်းပြည်နယ်မှာ ၁၇ ဦး သေဆုံးခဲ့တဲ့အတွက် တိုက်ခိုက်ခံရတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ဒုတိယနဲ့ တတိယ လူသေဆုံးမှု အများဆုံးဒေသတွေ ဖြစ်ခဲ့ပါတယ်။
“စစ်ကောင်စီက အခုနောက်ပိုင်း ရုရှားထုတ် ဂျက်တိုက်လေယာဥ်တွေကို ပိုအသုံးပြုလာပါတယ်”
စစ်ကောင်စီဟာ စစ်ရေးအရ အရေးနိမ့်နေတဲ့အတွက်ကြောင့် လေကြောင်း တိုက်ခိုက်တာတွေ ပိုလုပ်လာတာလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သုံးသပ်ပါတယ်။
“သူတို့ ဆုံးရှုံးသွားတဲ့ သူ့နယ်မြေတွေ၊ သူ့တပ်စခန်းတွေကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားတာလည်းဖြစ်သလို တစ်ဖက်က တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို သူ အလူးအလဲ ခုခံနေရတဲ့အခြေအနေလည်း သူ ရင်ဆိုင်နေရတဲ့အပေါ်မှာ ဒီအခြေအနေ နှစ်ခုလုံးအပေါ်မှာပေါ့နော်။ သူ့တိုက်ခိုက်မှုတွေ၊ သူ့လေကြောင်းနဲ့တိုက်ခိုက်တဲ့ ဒီကြိုးစားဆောင်ရွက်မှုတွေ ပိုများလာတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ နားလည်သိရှိပါတယ်”
ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ငါးဆယ်ခန့်သေဆုံးပြီး ငါးဆယ်ခန့် ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သြဂုတ်လနဲ့နှိုင်းယှဉ်ရင် အခုစက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ဟာ သုံးဆနီးပါးအထိ မြင့်တက်လာတာ တွေ့ရပါတယ်။
ဒါဟာ စစ်ကောင်စီက သူတို့ကိုထောက်ခံတဲ့သူတွေ ဆက်ထောက်ခံအောင် လုပ်ပြနေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက သုံးသပ်ပါတယ်။
“နယ်မြေတွေ ဆုံးရှုံးသွားရလို့ သူတို့ကို ထောက်ခံတဲ့သူတွေ သူတို့ကို ထောက်ခံမှု ကျဆင်းနေတဲ့အချိန်မှာ ဗုံးကြဲပြလိုက်ပြီးတော့ ဒါသူတို့လူတွေက ဆက်လက် ထောက်ခံမှုကိုရဖို့ လုပ်တာဖြစ်သလို တစ်ဖက်ကလည်း ကျွန်တော်တို့ ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းတာ”
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
“စစ်ကောင်စီအနေနဲ့ ရှိသမျှလေယာဥ် အကုန်ထုတ်သုံးလာနိုင်ပါတယ်”
ဒီလို လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လာတဲ့အတွက် စစ်ရေးအခြေအနေကို အပြောင်းအလဲမဖြစ်နိုင်ဘဲ လူထုရဲ့မုန်းတီးမှုနဲ့ နယ်မြေဆုံးရှုံးမှုပဲ ပိုများလာလိမ့်မယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“စစ်ရေးအခြေအနေကတော့ အဲဒီလိုလုပ်လို့ ထူးခြားမလာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြည်းကြောင်း စစ်ဆင်ရေး မလုပ်နိုင်ဘဲနဲ့ နယ်မြေပြန်ရဖို့ဆိုတာ ဒါအတော်မဖြစ်နိုင်တဲ့ကိစ္စ။ သမိုင်းမှာလည်း တစ်ခါမှမရှိဘူး။ ဒါ အခုကတော့ ကြုံရာကျပန်း အကြမ်းဖက် အင်အားစုတွေဆိုပြီးတော့ အကုန်လုံး သူက လေကြောင်းထိုးစစ်တွေ အပြင်းအထန်လုပ်နေတော့ ပြည်သူတွေရဲ့ မုန်တီးမှုနဲ့ သူရဲ့နယ်မြေ ဆုံးရှုံးမှုက ပိုပြီးကြီးလာလိမ့်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်”
ဆက်နွှယ်သော သတင်းများ
ရေဘေးကြုံနေရချိန် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦး သေဆုံး
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး
စစ်ကောင်စီက အခုနောက်ပိုင်း ရုရှားထုတ် ဂျက်တိုက်လေယာဥ်တွေကို ပိုအသုံးပြုလာတယ်လို့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အခု ဒီလေကြောင်းတိုက်ခိုက်မှုမှာ သုံးနေတဲ့လေယာဥ်ကတော့ ဂျက်ဖိုက်တာပေါ့နော်။ အဲဒီတော့ ရုရှားထုတ်လို့ပြောတယ်။ အခု အဲဒီကောင်ကို အသုံးများတယ်။ ဟို ဦးတည်ချက်မရှိဘူး။ သူတို့ ရွာပေါ် ကြဲချင် ကြဲတယ်။ တစ်ခါတလေ သူတို့ချချင်တဲ့နေရာ ချတယ်ပေါ့။ အခုကတော့ ဆက်တိုက်ဆိုသလိုပေါ့နော်။ ဟို လေကြောင်း သုံးနေတာကတော့”
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာလည်း စစ်ကောင်စီဟာ ရုရှားထုတ် တိုက်လေယာဥ်တွေနဲ့ တရုတ်နိုင်ငံထုတ် Y-12 လို သယ်ယူပို့ဆောင်ရေး လေယာဥ်တွေကို အဓိကအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ များလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရှိသမျှလေယာဥ် အကုန်ထုတ်သုံးလာနိုင်တယ်လို့ CDM လေတပ်အရာရှိ ဗိုလ်ကြီး ဇေသူအောင်က သုံးသပ်ပါတယ်။
“တစ်နိုင်ငံလုံး ဖြစ်နေတာဆိုတော့ မြန်မာနိုင်ငံမှာရှိသမျှ လေယာဥ် အကုန်သုံးမှာပေါ့။ ဒါပေမဲ့ ထူးခြားတာတစ်ခုကတော့ ဒီသတင်းအချက်အလက် ရတဲ့နေရာတွေပေါ့နော်။ သတင်းအချက်အလက်ဆိုတာ သူတို့ ဒီပြည်သူတွေပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်တွေကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီစခန်းတွေကိုပဲဖြစ်ဖြစ် အဲဒီလိုတိုက်ခိုက်တဲ့အချိန်တွေမှာ တိုက်ပွဲ မရှိတဲ့နေရာတွေမှာတော့ အဓိကသုံးမှာတော့ Yak နဲ့ ဟိုဟာ Su ကို အဓိက သုံးမှာပေါ့။ အကယ်၍ တိုက်ပွဲဧရိယာထဲမှာဆိုရင်တော့ ကျွန်တော်တို့ တခြားလေယာဥ်တွေပေါ့။ K-8 တို့၊ Yak တို့ 29 တို့ အဲဒါတွေကို အဓိကသုံးမယ်လို့ ယူဆပါတယ်ခင်ဗျ”
၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်ဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက် နေ့အထိ နှစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၁ ဦး သေဆုံးပြီး ၂၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ဈေးနဲ့ စာသင်ကျောင်းတွေအပါအဝင် အဆောက်အအုံ စုစုပေါင်း ၁၇၂ လုံး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ နှစ်ဆနီးပါး တိုးလာတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ လေးထောင်နီးပါး (၃၈၆၆ ဦး) ရှိပါတယ်။