လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် နှစ်လအတွင်း ၁၀၅ ဦးသေဆုံး၊ ၂၆၃ ဦးဒဏ်ရာရ
2022.12.05

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက် အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၅ ဦး သေဆုံး ခဲ့ပြီး ၂၆၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေမှာ ကလေး ၁၅ ဦးနဲ့ ဒဏ်ရာရသူတွေထဲ မှာ ကလေး ၄၇ ဦး ပါဝင်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့က ကလေးအမည်ပေး ကင်ပွန်းတပ်ပွဲနဲ့ ကချင်ပြည်နယ် အနန့်ပါ ဂီတဖျော်ဖြေပွဲကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေမှာတော့ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသက်ဆုံးခဲ့ကြပါတယ်။
မောင်တောမြို့နယ် ဂြစ်ချောင်းရွာမှာ နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ထိမှန်တာကြောင့် တစ်ရက်တည်း တစ်နေရာတည်းမှာ အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
"သေဆုံးမှုတွေက များပြားလာတယ်။ မြို့ရွာပျက်တဲ့အထိ ဒုက္ခတွေရောက်ပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေ များလာပါတယ်"
တစ်လသားအရွယ် ကလေးငယ်ကို အမည်ပေးကင်ပွန်းတက်ပွဲ လုပ်နေတုန်း လက်နက်ကြီး ကျည် ရုတ်တရက် ကျပြီး အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ ဂြစ်ချောင်း ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ တောင်ပေါ်ဓလေ့ကတော့ ကလေးကင်ပွန်းတပ်ပွဲ မွေးနေ့ဆိုပြီးတော့ အဲ့ဒီမှာ ပွဲတစ်ခု လုပ်တယ်။ ပွဲလုပ်တော့ လူစုလူဝေးနဲ့ ထမင်းစားကြတာပေါ့။ ဝိုင်းဝန်းထမင်းစားတဲ့အခါ လက်နက်ကြီးလာကျတဲ့အခါ အစုလိုက်အပြုံလိုက် လက်နက်ထိကြတာပေါ့ "
အမည်ပေးကင်ပွန်းတပ်တဲ့ လသားအရွယ် ကလေးငယ်ကိုယ်တိုင် သေဆုံးပြီး မိခင်ဖြစ်သူ ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားပြည်နယ်တွေမှာသာမက စစ်ကိုင်း နဲ့ မကွေးတိုင်းတွေလို မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာလည်း ဖြစ်ခဲ့ပါတယ်။
သေဆုံးထိခိုက်မှု စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီအထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး နှစ်လအတွင်း အရပ်သား ၂၇ ဦး သေဆုံး၊ ၆၇ ဦးအထိ ဒဏ်ရာရခဲ့ပါတယ်။
ဒီစာရင်းမှာ လက်နက်ငယ်နဲ့ ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူ တွေ မပါဝင်သေးပါဘူး။ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံမှုတွေ ကြောင့် သေဆုံးခဲ့တဲ့ ဒေသကာကွယ်ရေးတပ် PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ အရေအတွက်လည်း မပါဝင်ပါဘူး။
စစ်အာဏာသိမ်းပြီးနောက် သေဆုံးထိခိုက်မှုအများဆုံးကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ကချင်ပြည် နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပါ တယ်။ အဲဒီဖြစ်စဉ်မှာ ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) အမှုထမ်းတွေအပါအဝင် သေဆုံးသူ ၆၀ ကျော်ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အရပ်သား ၂၀ သေဆုံးပြီး ၂၅ ဦး ဒဏ်ရာ ရခဲ့တာပါ။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ် ခွဲခြားမှုမရှိဘဲ လူစုလူဝေးမြင်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဝေဖန်ပါတယ်။
"သူက ရန်သူတို့ ပြည်သူလူထုတို့ ဘာမှ မခွဲခြားဘူး။ လူစုလူဝေးရှိတဲ့နေရာမှာ ရမ်းသန်းပြီးမှပစ်တယ်။ ဆိုတော့ ပြည်သူလူထုလည်း ထိခိုက်တယ်။ ကျနော်တို့ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်တွေကတော့ ပြည်သူလူထုပဲဖြစ် တယ်။ ဆိုတော့ ပြည်သူလူထုကို အခုလိုမျိုးပစ်တယ်ဆိုတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေရဲ့ အုတ်မြစ်တွေ ကို၊ ရေသောက်မြစ်တွေကို စစ်ကောင်စီက ဖြတ်တောက်ချင်တဲ့သဘောနဲ့ အနှောင့်အယှက်ပေးတဲ့သဘောနဲ့ ပြည်သူလူထုရှိတဲ့ရွာတွေ၊ အိမ်တွေ၊ ကျောင်းတွေက အစပစ်တယ်လို့ ကျနော် သုံးသပ်ပါတယ်"
အနန့်ပါ တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက်မှာ KIA ဟာ သူ့ရဲ့ထိန်းချုပ်နယ်မြေအတွင်း နေထိုင် သူတိုင်းကို လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကို သတိထားဖို့ ညွှန်ကြားထားသလို အခြား ဒေသက ပြည်သူတွေအနေနဲ့ သတိဝိရိယရှိကြဖို့ လိုအပ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူ က သတိပေးပါတယ်။
ပြည်တွင်းစစ်မှာ လိုအပ်ရင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအသုံးပြုလေ့ရှိ ကြောင်း စစ်ကောင်စီတပ် က ဝန်ခံထားပါတယ်။ ဒါပေမဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ရင်တော့ ပစ်မှတ်ထား တိုက်ခိုက်တာ မျိုး မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ရဲ့ မေးမြန်းချက်တွေကို ဖြေဆိုခဲ့ဖူးသလို လစဉ် သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ငြင်းဆိုလေ့ရှိပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ဒီလိုတိုက်ခိုက်တာဟာ စစ်ရေး အဖြေတစ်ခုထွက်လာဖို့ စစ်ရေးအရှိန်မြှင့် လုပ်ဆောင် တာလို့ ပြောပါတယ်။
"စေ့စပ်ညှိနှိုင်းဖို့ အရမ်းခဲယဉ်းလာတဲ့ အချိန်မျိုးမှာ ဖြစ်နေတဲ့ စစ်ပွဲရဲ့ စစ်အရှိန်တွေ ကျသွားဖို့အတွက် လက်နက် ကိရိယာတွေ များများစားစား သုံးစွဲတာ ရှိတယ်။ ဒါဟာ သီအိုရီပေါ့။ အဲ့တော့ ရှင်းပါတယ်။ မြန်မာပြည်မှာက ကျနော်တို့ရဲ့ ရေရှည်ဒဏ်ရာကြီး လို ဖြစ်နေတယ်။ အချိန်လည်း တော်တော်ဆွဲတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ်မှာ လည်း အဖြေက မထွက်လာဘူး။ အီလည်အီလည် ဖြစ်နေတဲ့အခါမျိုးကျရင် အဖြေ တစ်ခုခု ထွက်သွားဖို့အတွက် စစ်ကို အရှိန်မြှင့်လိုက်တာ ထုံးစံပါပဲ"

RFA ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလမှာလည်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၈၁ ဦး သေဆုံးပြီး ၁၄၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခု အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လမှာ အရပ်သား ၁၀၅ ဦး သေဆုံးပြီး ၂၆၃ ဦး ဒဏ်ရာရခဲ့တာကို ကြည့်ရင် သေဆုံး ဒဏ်ရာရသူ အရေအတွက် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ တွေ့ရပါတယ်။
စစ်ဘက်နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ကိုကျော်စောဟန် ကတော့ စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်နိုင်ဖို့ အခုချိန်မှာ နယ်မြေတည်ငြိမ်ရေးအတွက် အင်အားသုံး ချေမှုန်းလာတာလို့ သုံးသပ်ပါတယ်။
"ခုခံတိုက်ခိုက်ရေးအဖွဲ့တွေရဲ့ အင်အားက အတော်လေး များလာတယ်။ အာဏာ မသိမ်းခင်နဲ့ အာဏာသိမ်းပြီးမှာ အဖွဲ့ပေါင်း ၄၀၀ ကျော်၊ ၅၀၀ ကျော်လောက်အထိကို တိုးလာတာတွေ့ရတယ်။ အဲ့တော့ ဒီလိုအဖွဲ့အစည်း ၄၀၀ လောက်နဲ့ ရင်ဆိုင်နေရတဲ့ အခါမှာ နစကတပ်တွေရဲ့ တိုက်ခိုက်ရေးက အကန့်အသတ်တွေရှိလာတာ ခက်ခဲလာတဲ့ သဘောကို တွေ့ရပါတယ်။ ဒါက တစ်ပိုင်းပေါ့၊ ဒီတော့ လေကြောင်း စစ်ဆင်ရေးတွေကို ပိုပြီး အားကိုးလာတာကို တွေ့ရတယ်။ နောက်တစ်ပိုင်းကတော့ အခုနောက်ပိုင်းမှာ ဘာလို့ (တိုက်ခိုက်မှုတွေ) များလာသလဲဆိုရင် စစ်ကောင်စီ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ တကယ်လုပ်နိုင်ဖို့ဆိုရင် လက်ရှိလုံခြုံရေးအနေအထားနဲ့ မဖြစ်နိုင်တာ အားလုံးသိတော့ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်ဖို့အတွက် ဒီတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ယူဆရပါတယ်"
စစ်ရာဇဝတ်မှုမြောက်တဲ့ ဒီတိုက်ခိုက်မှုတွေကို မတားဆီးနိုင်ရင် အကျိုးဆက်က လက်နက်အားကိုးနှိမ်နင်းတဲ့ စစ်ဝါဒ ပိုရှည်ကြာသွားလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတိပေးပါတယ်။
"သေဆုံးမှုတွေက များပြားလာတယ်။ မြို့ရွာပျက်တဲ့အထိ ဒုက္ခတွေရောက်ပြီး ထွက်ပြေး တိမ်းရှောင်ရတဲ့ သူတွေ များလာပါတယ်။ အကျိုးဆက်ကတော့ စစ်ကောင်စီက လက်နက်အင်အားသုံးပြီးတော့ တိုက်ခိုက် လို့ရတယ်ဆိုတဲ့ စစ်ဝါဒီစနစ်ကို ပိုပြီးတော့ ရှည်ကြာသွားစေနိုင်တယ်။ ဒီစိတ်ဓာတ်က ကျနော်တို့ တစ်ချိန်လုံး လက်နက်ရှိရင်၊ အာဏာရှိရင် ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးကို ရိုက်သွင်းသွားတယ်။ တစ်ချိန် တည်းမှာပဲ ကျနော်တို့ ပြည်သူလူထုဟာ ခိုကိုးရာမယ့် အနေအထားမျိုး ဖြစ်လာတယ်"
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရလည်း စစ်ပွဲတွေမှာ သိမ်းကျုံးတိုက်ခိုက်ခြင်း မပြုဘဲ အရပ်သားနဲ့ လက်နက်ကိုင်ကို ခွဲခြားရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အမေရိကန်အခြေစိုက် Holocaust Museum လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်နဲ့ သုတေသနအဖွဲ့ရဲ့ နိုဝင်ဘာလကုန်ပိုင်း အစီရင်ခံစာအရ ၂ဝ၂၂ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ် အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရနိုင်ခြေရှိတဲ့ အဆိုးဆုံးနိုင်ငံများစာရင်းမှာ ပါကစ္စတန်၊ ယီမင်တို့နဲ့အတူ မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြ ထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ် ကတော့ ကလေးသူငယ်အပါအဝင် အရပ်သားတွေ၊ အရပ်ဘက်ဆိုင်ရာပစ္စည်း၊ အဆောက်အအုံ တွေကို မတိုက်ခိုက်ဖို့ စက်တင်ဘာလ ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြီး တိုက်တွန်းခဲ့ ပါတယ်။ ဒါကိုမလိုက်နာရင် ကျူးလွန်သူတွေဟာ တာဝန်ခံရမယ်လို့လည်း သတိပေး ထားပါတယ်။