လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်လအတွင်း အရပ်သား ၇၀ ကျော် သေဆုံး
2023.11.14

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သေဆုံးရတဲ့ အရပ်သား အနည်းဆုံး ၇၂ ယောက်ရှိခဲ့ပြီး ၂၅၂ ယောက် ဒဏ်ရာရခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
အဲဒီမတိုင်ခင် ဇူလိုင်နဲ့ သြဂုတ်နှစ်လမှာတော့ အရပ်သား ၆၈ ယောက် သေဆုံးပြီး ၂၄၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့နှုန်း ဆက်ပြီးမြင့်တက်လာတယ်လို့ ပြောရမှာပါ။
“လောလောဆယ်ကတော့ ဒီ ၁၉ ဦးကတော့ ကွမ်းလုံဆေးရုံမှာ ရောက်နေတယ်"
ဒီကြားထဲမှာပဲ အောက်တိုဘာ ၂၇ ရက်မှာစလိုက်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီဟာ နယ်မြေတွေတော်တော်များများ ဆုံးရှုံးပြီး တပ်သားတွေ ဘက်ပြောင်းတာခံလိုက်ရပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ တန်ပြန် ထိုးစစ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကို ပိုအသုံးပြုလာပြီး၊ အရပ်သားတွေ ထိခိုက်တာလည်း ပိုများလာတာဖြစ်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်ကနေ ၃၁ ရက်အထိ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမငါးရက် အတွင်းမှာတင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ အနည်းဆုံး ၁၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောဖြစ်ရပ်တွေထဲမှာ အရပ်သားထိခိုက်မှုအများဆုံးက ကွမ်းလုံမြို့နယ် တံတားဦးရွာ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ အောက်တိုဘာလ ၃၀ ရက် ညနေ ၂ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် တံတားဦးရွာက အရပ်သားတစ်ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က အမည် မဖော်လိုတဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။
“လောလောဆယ်ကတော့ ဒီ ၁၉ ဦးကတော့ ကွမ်းလုံဆေးရုံမှာ ရောက်နေတယ်။ ကြက်ခြေနီအဖွဲ့ကနေပြီး သူတို့ကိုလာပြီးတော့ ကူညီထားတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ အဲ့ဒီတစ်ယောက်က ပွဲချင်းပြီး အဲဒီမှာ ဆုံးသွားတယ်။ ကျန်တဲ့သူတွေက ကွမ်းလုံမြို့ပေါ်မှာ တက်ပြီးတော့ သူတို့ (ဒဏ်ရာ ရသူတွေ) ကို မကြည့်ရဲတဲ့ အခြေအနေမှာရှိသေးတယ်။ ဘာလို့လဲဆိုတော့ ရွာသားတွေက အဲဒီနား တစ်ဝိုက်မှာ စစ်ကောင်စီကရှိထားတော့ သူတို့ မလှုပ်ရှားရဲကြဘူး”
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတဲ့ဖြစ်ရပ်တွေဟာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်တဲ့တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ဖြစ်ခဲ့တာပါ။
အရပ်သား ထိခိုက်သေဆုံးမှုအများဆုံးက ပဲခူးတိုင်းဖြစ်ပါတယ်။ နှစ်လအတွင်း ခုနစ်ယောက်သေဆုံးပြီး အယောက် ၆၀ ဒဏ်ရာရခဲ့ပါတယ်။
ပဲခူးတိုင်း ဖြူးမြို့နယ် နန္ဒမိတ်ရွာထဲက အိမ်တစ်လုံးပေါ်ကို အောက်တိုဘာလ ၁၀ ရက် နေ့လယ်မှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတဲ့အတွက် မိသားစုဝင် လေးယောက် ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီန္ဒမိတ်ရွာမှာဆိုရင် လက်နက်ကြီးနှစ်လုံး ပစ်ချတယ်။ တစ်လုံးကတော့ ကျွန်တော်တို့ ရွာနံဘေးကို ကျတယ်။ တစ်လုံးကတော့ အိမ်ပေါ်ကျပြီးတော့ မိသားစုဝင်လေးဦး ဒဏ်ရာရတယ်။ အဲဒီထဲမှာဆိုရင် ကလေးငယ်တစ်ဦး ပါတယ်ဗျ။ မိခင်နဲ့ ကလေး၊ နောက် သက်ကြီးရွယ်အို နှစ်ဦးပါတယ်ဗျ”
ဒဏ်ရာရသူတွေဟာ အသက် နှစ်နှစ်အရွယ် မောင်ပြည့်စုံ၊ အသက် ၃၅ နှစ်အရွယ် မမာလာ၊ အသက် ၅၈ နှစ် အရွယ် ဒေါ်မြင့်ဌေးနဲ့ အသက် ၆၀ အရွယ် ဦးတင်ထွန်းတို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
KNU တပ်မဟာ (၃) ဟာ ပဲခူးတိုင်းအရှေ့ခြမ်းကနေ ရန်ကုန်- မန္တလေး လမ်းဟောင်းနဲ့ အမြန်လမ်းအထိ ထိန်းချုပ်နိုင်မှာကို စစ်ကောင်စီက စိုးရိမ်ပြီး လေကြောင်းကရောနဲ့ လက်နက်ကြီးနဲ့ပါ နေ့တိုင်းပစ်နေတာလို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“တပ်မဟာ(၃) ရဲ့ အနောက်ခြမ်းတစ်ခွင်လုံးက စစ်တောင်းမြစ်ဝှမ်းကြီးလေ။ နောက်ပြီးတော့ ရန်ကုန်- မန္တလေး ကားလမ်းမကြီးက အဲဒီမှာပဲ တည့်တည့်ရှိနေတယ်။ ရန်ကုန်- နေပြည်တော် -မန္တလေး လမ်းသစ်ကြီးကလည်း အဲဒီမှာပဲ ရှိနေတာ။ အဲဒီ ဒေသအထိကို ကျွန်တော်တို့ တပ်တွေက ချဉ်းကပ်ပြီးတော့ တော်တော်အခြေချနိုင်တဲ့ အနေအထားရှိနေပြီလေ။ ကျွန်တော် ကြည့်ရတာတော့ သူတို့ (စစ်ကောင်စီ) က တော်တော်လေး စိုးရိမ်ချက်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်- မန္တလေး လမ်းဆိုရင် တောင်ငူနားကပ်လာပြီ။ တောင်ငူနဲ့ နေပြည်တော်က ဘာမှဝေးတော့တာ မဟုတ်ဘူး။ ကျွန်တော်တို့တပ်တွေ ဘာလို့အခြေချလာနိုင်လဲဆိုတော့ လူထုထောက်ခံမှုပဲလေ။ ဆိုတော့ အဲဒီအခြေအနေမှာ သူတို့ လူထုကို ပိုပိုမဲလာတဲ့အနေအထားရှိတယ်”
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဒေသခံတွေ မထောက်ခံရဲအောင် စစ်ကောင်စီတပ်က ရွာတွေဘက်ကို တမင်ရည်ရွယ်ပြီး ပစ်ခတ်တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးတာတွေ တိုးလာတာလို့ ပဒိုစောတောနီးက ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ လက်နက်ကိုင်တိုက်ခိုက် တာကို နှိမ်နင်းတဲ့ နေရာမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် စစ်ကောင်စီတပ်ကို အပြစ်တင်လို့မရဘူးလို့ RFA ကို ပြောပါတယ်။
လွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဝေဖန်ပါတယ်။
“နိုင်ငံတကာ ရာဇဝတ်မှု သုံးခုရှိတယ်။ စစ်ရာဇဝတ်မှုရယ်၊ လူသားချင်းစာနာမှုဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာရယ်၊ လူမျိုးတုံး သတ်ဖြတ်တာရယ်။ ဒီသုံးမျိုးထဲမှာ တစ်ခုခုသေချာပေါက်ငြိနေတယ်။ အငြိဆုံးကတော့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်”
အချုပ်အနေနဲ့ဆိုရင် ဒီနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ၁၀ လ အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၅၃၄ ယောက် သေဆုံးပြီး ၁၀၆၄ ယောက် ဒဏ်ရာရတာကို RFA က လေ့လာတွေ့ရှိရပါတယ်။