လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက်နဲ့ ရွှေဘိုအစပ်က ဒေသခံ ၃၀၀၀ ခန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ရွှေဘိုအစပ်က ဖွတ်လှိုင်းရွာ၊ ရင်းမကန်ရွာနဲ့ ချောင်းဆုံရွာတွေ ကို စစ်ကောင်စီတပ်က စတင်ဘာ ၉ ရက် မနေ့ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ သုံးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က Mi35 စစ်ရဟတ်ယာဉ်နဲ့ အချိန်နာရီဝက်ကြာအောင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့ စစ်ကြောင်းဝင်ထိုးဖို့ ခက်ခဲလို့ လေကြောင်းသုံးပြီး ရှင်းတယ်လို့ ကျနော်ထင်တာပဲ"
ဒီပစ်ခတ်မှုကြောင့် ဘုရားစေတီနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အမည် မဖော်လိုတဲ့ ဖွတ်လှိုင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရဟတ်ယာဉ် တစ်စီးလာတယ်ဗျာ၊ အနောက်စူးစူးက တက်လာပြီးတော့ ကျနော်တို့ရွာ နည်းနည်းလည်းကျော်ရော ဝိုက်ပြီးတော့ တောင်ငူ သံလမ်းတစ်လျောက်နဲ့ ရင်းမကန်ကို အရင်စပစ်တယ်၊ ပြီးတော့ ကျနော်တို့ရွာကို သုံးလေးပတ်လောက် ဝဲပစ်တာဗျာ၊ ခန့်မှန်း ချိန်ကတော့ နာရီဝက်နီးနီးရှိမယ်နဲ့ တူတယ်၊ သုံးလေးပတ်လောက် ဝဲပစ်တယ်၊ ဘုရား တွေလည်း မှန်တယ်၊ တချို့အိမ်တွေလည်း ပျက်စီးသွားတယ်၊ ထိမှန်တဲ့သူက အသက် အရွယ်အပိုင်းအခြားအရ ခြောက်ဆယ်၊ ခြောက်တယ်ကျော်လောက်ရှိတယ်"
စက်တင်ဘာ ၁၀ ရက် ဒီမနက် ဖွတ်လှိုင်းရွာသားတချို့ ရွာထဲကို ဆန်နဲ့ရိက္ခာ ပြန်ယူတဲ့ အချိန်မှာ နေအိမ်တွေ ဝင်ရောက်မွှေနှောက်ခံထားရပြီး ဆိုင်ကယ်၊ ဆိုလာ၊ ရေစက် စတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖျက်ဆီးခံထားရတယ်လို့ သူက ပြောပါတယ်။
ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်း သုံးပြီး နယ်မြေရှင်းလင်းရေးလုပ်တာလို့ ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
"လောလောဆယ်ကတော့ သေဆုံးတဲ့ ပြည်သူတွေ ဘာတွေ မသိရသေးဘူး။ ဒါပေမဲ့ ဒါကြီးကတော့ အကြောင်းမဲ့ ပစ်တာဗျ။ လေကြောင်း သုံးပြီးတော့။ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ဒီအတိုင်းပဲ ဝင်ပစ်တာဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်လို့ ပစ်တာဆို လက်ခံလို့ရသေးတယ်။ ဒါက သူတို့ စစ်ကြောင်းဝင်ထိုးဖို့ ခက်ခဲလို့ လေကြောင်းသုံးပြီး ရှင်းတယ်လို့ ကျနော်ထင်တာပဲ"
တိုက်ခိုက်မှုကြောင့် ရှောင်တိမ်းနေရတဲ့ ဒေသခံတွေကတော့ နေရပ်မပြန်ရဲသေးဘဲ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ထွက်သွားလာတာကို စောင့်ကြည့်နေတယ်လို့ သူက ပြော ပါတယ်။ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေလို့ တောတောင်တွေထဲမှာ ရှောင်ပုန်းနေတဲ့ ဒေသခံတွေဟာ နေစရာနဲ့ စားစရာအခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သားတွေ ထွက်ပြေးတိမ်း ရှောင်နေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးအေးလှိုင်ကို RFAက ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီ ဥက္ကဋ္ဌကတော့ လက်နက်ကိုင် ခုခံသူတွေရှိတဲ့နေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေ တယ်လို့ပြောပြီး အထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုမိုးရိပ်ကတော့ စစ်ကောင် စီတပ်ဟာ စစ်ကိုင်းတိုင်းကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းကနေ သုံးဘက် ညှပ်တိုက်ဖို့ ကြံနေတာလို့ သုံးသပ်ပါတယ်။
"ဒီမှာဆို နှစ်ဖက်ဆိုင်နေတာတွေ ဘာတွေမရှိဘူး၊ သတင်းရလို့ ဘာညာပြီးတော့ PDF တွေ ဝင်လာတယ်ဆိုပြီးတော့ သတင်းရပြီးလာတာ မဟုတ်ဘူး၊ ခါတိုင်းလို စစ်ကြောင်း ထိုးပြီးတော့ သီးသန့်လာတာမျိုး မဟုတ်ဘဲနဲ့ လေယာဉ်နဲ့ သပ်သပ်မဲ့ လာပြီးတော့ ပစ် တာဆိုတော့ ကျနော်တို့ရထားတဲ့ သတင်းအတိုင်းပဲ ကြည်း၊ ရေ၊ လေ အစုံလာမယ်ပြော တယ်၊ ကျနော်တို့ဘက်လည်း စနေပြီလို့ ထင်တယ်၊ အခုဟာက လေကြောင်းလည်း ပစ်တယ်၊ ကုန်းကြောင်းလည်း လာတယ်၊ သူတို့ဘက်က စလှုပ်ရှားပြီလို့ ပြောလို့ရ တယ်"
စစ်ကောင်စီက သြဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား အပြန် အလှန် တိုက်ခိုက်မှုပေါင်း ၄၀၂၆ ကြိမ်အထိဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ် ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ငါးသိန်းကျော် (၅၂၈၃၀၀ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) က စက်တင်ဘာလ ၅ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။