ကိုအောင်ကိုထွေး လွတ်မြောက်ရေး တောင်းဆိုပေးဖို့ လူ့အခွင့်အရေးကော်မရှင်ကို AAPP စာပို့
2018.11.07
အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကလေးစစ်သားဟောင်းကိုအောင်ကိုထွေးကို စာနာထောက် ထားတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် တောင်းဆိုပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က လူ့အခွင့်အရေးကော်မရှင်ထံ မနေ့က စာရေးသားပေးပို့လိုက်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုအောင်ကိုထွေး လွတ်မြောက်ရေး တောင်းဆိုပေးဖို့ လူ့အခွင့်အရေးကော်မရှင်ကို AAPP စာပို့
(ဝေမာထွန်း)
■ ကေလးစစ်သားဟောင်း ကိုအောင်ကိုထွေးအနေနဲ့ လက်ရှိမှာ ရင်ဆိုင်နေရတဲ့အမတွေ ပြီးပြတ်သွားပြီဖြစ်ပြီး သူနောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ (၇) ကို ပြစ်မှုထင်ရှားမရှိတဲ့အတွက် အပြီးအပြတ်လွှတ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားသူကြီးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
သူ့အနေနဲ့ တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ အတွက် ကျခံရတဲ့ ထောင်ဒဏ် ၆ လကာလ ပြီးဆုံးပြီဖြစ်သလို ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို RFA ကနေ တဆင့်ပြောကြားခဲ့တာကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲခံရတဲ့ အမှုအတွက် ကျခံနေရတဲ့ ထောင်ဒဏ် ၂ နှစ်မှာ ပြစ်ဒဏ် ၁၀ လနီးပါး ကျန်နေသေးတာဖြစ်ပါတယ်။
ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် လူ့အခွင့်ရေးကော်မရှင်ကနေ တဆင့်စာရေးသား တောင်းဆိုခဲ့တဲ့ အကြောင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးအောင်မျိုးကျော်က အခုလို ပြောပါတယ်။
"သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သူက မပါခဲ့ဘူး။ အမှန်ကတော့ ပါရမှာပေါ့။ မပါလာတဲ့အတွက် အခုက လူ့အခွင့်အရေးကော်မရှင်ကို သူ့လွတ်မြောက်ရေးအတွက် တစ်စုံတစ်ခုပေါ့ ဝိုင်းပြီးတော့ ကြိုးစားပေးဖို့ စာတင်ထားတာ"
လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ကိုအောင်ကိုထွေးလွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ကိုင်တွယ်စရာအကြောင်းမရှိကြောင်း ပြောပါတယ်။
"ကျနော်တို့က ဘာမှလုပ်ဖို့မရှိဘူး။ ကိုင်တွယ်စရာအကြောင်း သိပ်တော့မရှိဘူး။ ဘာကြောင့်ရယ် မဟုတ်ပါဘူး။ တခြားတခြားသော ပြဿနာတွေကလည်း မှိုလိုပေါက်နေတာဆိုတော့ လုပ်စရာတွေက များနေတော့ ကျနော်တို့ ကော်မရှင်နာအဖွဲ့ကလည်း ၁၀ ယောက်လောက်ရှိတာဆိုတော့ ၁၀ ယောက်လောက်မှာမှ တကယ်တမ်း ဒီကိစ္စ လုပ်နေတာက ကျနော်နဲ့ ဒေါက်တာမြင့်ကြည်နဲ့ နှစ်ယောက်ပဲ လုပ်နေတာလေ။ အဲဒါဆိုတော့ ဘယ်လိုမှ မနိုင်ဘူးလေ"
ဗိုလ်တထောင်မြို့နယ် တရားရုံးက ကိုအောင်ကိုထွေးကို တရားသေလွှတ်ပေးလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုခြေထောက်နဲ့ နင်းတယ်ဆိုပြီးစွပ်စွဲခံရတဲ့အမှုမှာ ကိုအောင်ကိုထွေးဘက်က လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် သမ္မတထံ စာရေးသားပေးပို့သွားဖို့ လုပ်ဆောင်နေပါတယ်။
"သမ္မတကြီးထံကို အသနားခံစာကို နောက်အကျဆုံး ရှေ့အပတ် တနင်္လာ၊ အင်္ဂါမှာ အပြီးတင်မှာပါ။ သမ္မတကြီးက ရှေ့နေကလာတာဆိုတော့ တရားခံတွေပေါ်မှာ များစွာသနားငဲ့ညှာတက်တဲ့ စိတ်လည်းရှိတယ်။ ရာထူးတက်မင်္ဂလာမှာ မခံစားရသေးတဲ့ အောင်ကိုထွေးလို လူငယ်လေးတယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထဲမှာ အများကြားသိထားရတဲ့အတိုင်း လွှတ်ပေးပါလို့ အသနားခံစာတင်မှာပါခင်ဗျ"
ဒါက တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောသွားတာပါ။
၁၄ နှစ်သားအရွယ်ထဲက ကလေးစစ်သားအဖြစ် ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအနေနဲ့ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရတာကြောင့် မောင်ဖြစ်သူ လွတ်မြောက်ရေးအပေါ် အစိုးရတာဝန်ရှိသူတွေအနေနဲ့ စဉ်းစား ပေးစေလိုတယ်လို့ ကိုအောင်ကိုထွေး အစ်မ မအေးဇာဝင်း က ပြောပါတယ်။
"သူက ငယ်ငယ်လေးထဲက ၁၄ နှစ်သားထဲက ထောင်ထဲမှာနေခဲ့ရတယ်။ လွတ်လာပြန်တော့လည်း သူရဲ့ ခံစားချက်လေးကို ပြောလိုက်တာနဲ့ ဒီလိုထပ်ဖြစ်သွားတယ်။ သူခံစားရတာတွေများလာတော့ ပေါက်ကွဲပြီး ပြောလာတဲ့ အမှုတွေကလည်း ထပ်ခါထပ်ခါနဲ့ သူ့အသက်နဲ့ဆိုရင်တောင် တော်တော်မမျှတော့ဘူး။ အစ်မတို့ကတော့ စာနာထောက်ထားတဲ့အနေနဲ့ လွှတ်စေချင်တာပေါ့"
ကိုအောင်ကိုထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း မန္တလေးအိုးဘိုထောင်က လွတ်မြောက်လာခဲ့ပြီး ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို ပြောကြားခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ၂၀၁၇ ခုနှစ်သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတာပါ။
အခုဆိုရင် သူပြန်လည်ဖမ်းဆီးခံထားရတာ ၁ နှစ်နဲ့ ၃ လခန့်ရှိနေပြီဖြစ်ပါတယ်ရှင်။