အိန္ဒိယနိုင်ငံသားတွေကို AA ပြန်လွှတ်၊ ချင်းအမတ်ကိုဖမ်းထား
2019.11.04
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ကို ဖြတ်သန်းသွားတဲ့ ကုလားတန်မြစ်မှာ ရက္ခိုင့်တပ်တော် အေအေအဖွဲ့က မနေ့က ခေါ်ဆောင်သွားတဲ့ထဲက အိန္ဒိယနိုင်ငံသားတွေ အပါဝင် ရှစ်ဦးကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံသား တစ်ဦးကတော့ ခေါ်ဆောင်သွားချိန်မှာပဲ သေဆုံးခဲ့ပါတယ်။
သူတို့နဲ့အတူ ဖမ်းဆီးခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကတော့ ပြန်မလွှတ်လာသေးပါဘူး။
အိန္ဒိယနိုင်ငံသားတွေထဲက မစ္စတာ ဗင်နာဂိုပေါ် (Mr . Vinoogopal) ဆိုသူ ပြန်လွတ်မလာခင် သေဆုံးသွားရတာဟာ တောင်ပေါ်လမ်းခရီးမှာ အမောဖောက်ခြင်းကြောင့်ဖြစ်တယ်လို့ သိရကြောင်း ချင်းပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့စက်မှုလက်လက်မှုဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။
“မနက် ၆ နာရီမှာ လွှတ်လိုက်တယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ယောက်ကိုပဲ လိုအပ်ချက်ကြောင့် စစ်ဆေးဖို့ဆိုပြီးတော့ ခေါ်ထားပြီးတော့ ကိုးယောက်ကို ပြန်လွှတ်လိုက်တယ်။ ကိုးယောက်မှာ အိန္ဒိယနိုင်ငံသား ကုမ္ပဏီနှစ်ခု EPI ကုမ္ပဏီက နိုင်ငံခြားသား နှစ်ယောက် အိန္ဒိယနိုင်ငံသားတွေ၊ RPP ကုမ္ပဏီက အိန္ဒိယနိုင်ငံသား သုံးယောက်။ အဲဒီ RPP ကုမ္ပဏီက အိန္ဒိယနိုင်ငံသား သုံးယောက်ထဲက မစ္စတာ ဗင်နာဂိုပေါ် (Mr. Vinoogopal) ဆိုတဲ့တစ်ယောက်က အသက် ၆၀ ဝန်းကျင်ပေါ့။ သူကတောင်ပေါ်တက်တဲ့အချိန်မှာ အမောဆို့ပြီးတော့ ဆုံးသွားတယ်ဆိုပြီးတော့ အဲလိုလေး သတင်းအချက်အလက်ရပါတယ်”
ပလက်ဝနဲ့ အိန္ဒိယနိုင်ငံ ဇိုရမ်ပူကို လမ်းဖောက်နေတဲ့ EPI ကုမ္ပဏီက အိန္ဒိယနိုင်ငံသား နှစ်ဦး၊ RPP ကုမ္ပဏီက အိန္ဒိယနိုင်ငံသား သုံးဦး၊ စကားပြန် နှစ်ဦး၊ မော်တော်ဘုတ်မောင်းသူ နှစ်ဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းတို့ဟာ မနေ့က မနက်ပိုင်း ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို ပြည်နယ်နှစ်ခုအစပ် ရခိုင်ပြည်နယ်ဘက်ခြမ်းမှာရှိတဲ့ ကုလားတန်မြစ် အရှေ့ဘက်ကမ်း ကျောက်တန်းရွာအနီးမှာ အေအေအဖွဲ့က ထိန်းသိမ်းလိုက်တာပါ။
AA လက်ထဲ ကျန်နေတဲ့ ဦးဝှေ့တင်းနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ကို သတင်းပို့ထားတယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ် ဦးဝှေ့တင်းကို ဆက်လက် ထိန်းသိမ်းထားမယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
“ဒီ ဦးဝှေ့တင်းဟာ ဗမာစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ အေအေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ခမီးလူငယ်တွေကို လျှို့ဝှက်စုဖွဲ့ပြီးတော့မှ လုပ်နေတာတွေရှိတယ်။ ပလက်ဝ ညောင်ပင်ကုန်းရပ်ကွက်မှာလည်းပဲ အဲဒီမှာ မီးစက်ကြီးရှိတယ်ပေါ့နော်။ အဲဒီကနေအိမ်တစ်လုံးမှာလည်းပဲ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရုံးဖွင့်ထားတာရှိတယ်။ ဦးဝှေ့တင်းဟာ ဒေသတွင်းပြည်သူတွေကြားမှာ ဘာသာရေးအရ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာရှိတယ်။ ဒါကြောင့် ဦးဝှေ့တင်းကိုတော့ ကျွန်တော်တို့က လုံခြုံရေးအရနေပြီးတော့ စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်ဗျ”
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပေါ် အေအေအဖွဲ့ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားတုံ့ပြန်ချက်ကို ရယူနိုင်ခြင်းမရှိပါဘူး။
မနေ့က ပြည်သူ့လုံခြုံရေးဆောင်ရွက်နေတဲ့ အေအေတပ်ဖွဲ့ဝင်တွေက Speed Boat နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့တာ ဖြစ်ပြီး မူလရောဂါအခံရှိတဲ့ အိန္ဒိယနိုင်ငံသား မစ္စတာ ဗင်နာဂိုပေါ် (Mr . Vinoogopal)ရဲ့ အသက်ကို အေအေရဲ့ ဆေးတပ်ဖွဲ့ဝင်တွေက ကယ်တင်ဖို့ကြိုးစားခဲ့ပေမယ့် အသက်ဆုံးရှုံးခဲ့ရတာကို ရက္ခိုင့်တပ်တော်အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း အေအေ ရဲ့ပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။
ခေါ်ယူစစ်ဆေးရာမှာ အိန္ဒိယနိုင်ငံသားတွေလို့ သိသိချင်းမှာပဲ အမြန်ဆုံးပြန်လွှတ်ပေးလိုပေမယ့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်က ဖမ်းခေါ်လာသူတွေ ပစ်ခတ်ခံရတဲ့ ဖြစ်ရပ်လိုမျိုး ထပ်မံ မဖြစ်ပွားအောင် လုံခြုံတဲ့နေရာကို ခေါ်သွားပြီးမှ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း ရက္ခိုင့်တပ်တော် (AA)ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံသား မစ္စတာဗင်နာဂိုပေါ် (Mr. Vinoogopal) ရဲ့ ရုပ်အလောင်းကို အိန္ဒိယနိုင်ငံကို ဒီနေ့ပြန်လည်သယ်ယူသွားဖို့ ပြောဆိုတယ်လို့ သိရကြောင်း ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာ ပရဟိတလူမှုကူညီရေး အသင်း ဥက္ကဌ ဦးညီပုက ပြောပါတယ်။
“ကျွန်တော်တို့သွားပြီးတော့ ကူညီခဲ့ပါတယ်။ ဒီကစ္ဆပနဒီတံတားကနေ သွားယူခဲ့ပါတယ်။ ကျွန်တော်တို့ကားပေါ်မှာတော့ အလောင်းတော့မပါဘူးဗျ။ အလောင်းကိုကျတော့ နိဗ္ဗာန်ယာဉ်နဲ့ပဲ တင်လာတယ်။ အော်ပရေးရှင်းတွေ မလုပ်တော့ဘူး။ အလောင်းကို ကိုယ့်ဘက်ကိုပဲ သယ်သွားမယ်လို့ သူတို့ကပြောပါတယ်”
အိန္ဒိယနိုင်ငံသားတွေ အခုလို ခရီးသွားလာဖို့ အစိုးရအဖွဲ့က တရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်လက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
တရားဝင်ခွင့်ပြုချက်မပါဘဲ သွားလာတာနဲ့ပတ်သက်လို့ ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသားတွေကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တွေမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် ကောင်စစ်ဝန်ကို ဆက်သွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့တိုက်ပွဲကာလအတွင်း အရပ်သားနဲ့ အစိုးရဝန်ထမ်းတွေကို အေအေ အဖွဲ့က ခေါ်ယူစစ်ဆေးတာတွေရှိပြီး လွှတ်တော်အမတ်နဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီး ခေါ်ဆောင်သွားမှုကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။