ကာကွယ်ရေးဦးစီးချုပ် လမ်းညွှန်ချက်နဲ့ ဒီမိုကရေစီစနစ်
2020.10.27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်မတော်မိသားစုတွေနဲ့ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ ဒီမိုကရေစီ အစိုးရနှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးစဉ်းစားပြီး မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဗိုင်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ အတွက် မဲပေးရာမှာ ဒီမိုကရေစီအစိုးရနှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုး စဉ်းစားဖို့နဲ့ တိုင်းပြည်အပေါ် စိတ်စေတနာကောင်းသူ၊ နိုင်ငံအကျိုးဖော်ဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့ ဟုမ္မလင်း၊ လဟယ်နဲ့ ခန္တီး က တပ်မတော်မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။ သူအခုလိုပြောကြားတာဟာ သူ့ရဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်ခွင့် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးညိုအုန်းမြင့် ကပြောပါတယ်။
“ လွှတ်တော်ကိုယ်စားလှယ်ရွေးတဲ့အခါ သူပြောတဲ့ ချိန်ထိုးတယ်ဆိုတာက ပြီးခဲ့တဲ့သက်တမ်းမှာ လွှတ်တော်က အသက်ဝင်တယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီတုန်းက လွှတ်တော်ထဲမှာ အစိုးရကို ပြန်လည်ထိန်းညှိနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါခဲ့တယ်။ ဒီဘက် ဒုတိယလွှတ်တော်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရဘာလုပ်လုပ် ကျန်တဲ့ပါတီလိုင်းပေါ်မှာပဲ ရှိတယ်ဆိုတဲ့ အနေအထားကို ဘေးကကြည့်တဲ့အခါ နည်းနည်း စိတ်မသက်မသာဖြစ်ဖို့များတာပေါ့နော်။ ဒီအတွက်ကြောင့် ဒီနှစ်ခုမှာ ကွာဟချက်ကိုပြောတယ်လို့ ကျတော် ဒီလိုသဘောပေါက်ပါတယ်။ ပါတီနိုင်ငံရေး ကျော်ပြီးကြည့်စေချင်တဲ့သူကို ရွေးချယ်ပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့ရဲ့လွတ်လပ်ရဲ့အမြင်ပေါ့နော် ဒီမိုကရေစီခေတ်မှာတော့ ဒါ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် သူ့ရဲ့နိုင်ငံသားအခွင့်အရေးကို အသုံးချတယ်လို့ ကျနော်ထင်ပါတယ်။”
လယ်သမားအကျိုးဆောင် ဦးဇော်ရမ်းကတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောစကားဟာ ဒီမိုကရေစီနဲ့မညီဘဲ တပ်မတော်မိသားစုတွေကို ဖိအားပေးရာကျတယ်လို့ မြင်ပါတယ်။
“သူဟာ တပ်ချုပ်တယောက်ဖြစ်တဲ့အတွက် သူ့ရဲ့စကားက တပ်ထဲမှာ သံမှိုတခုလို တပ်မှုးတွေက လိုက်နာမှာဖြစ်တဲ့အတွက် အဲဒါကို လိုက်ပြီး အကောင်အထည်ဖော်ပြီး ဖိအားပေးမှာ စိုးတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းကြောင်းအတိုင်း မဲပေးဖို့ ဖိအားပေးရင် ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ သန့်ရှင်းပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
ကာကွယ်ရေးဦးစီးချုပ်က အမျိုးဘာသာ ထိန်းသိမ်းနိုင်သူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြဖို့လည်း မကြာခင်က တိုက်တွန်းခဲ့တာရှိပါတယ်။ အဲဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြင်ဦးလွင်ရှိ အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော် အရှင်စန္တိတက နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံနဲ့ လူမျိုးပေါင်းစုံနေထိုင်တာကို သတိထားကြဖို့ လိုတယ်လို့ မိန့်ကြားပါတယ်။
“ ဘာသာကြီး လေးခု ရှိတဲ့ ဒီနိုင်ငံမှာ အမျိုးဘာသာ သာသနာဆိုတဲ့ စကားလုံးတခုက ဘယ်ဘာသာကိုပြောတာလဲ ဘယ်အမျိုးကို ပြောတာလဲ ။ အခု ဒကာကြီးဦးမင်းအောင်လှိုင် ပြောတဲ့စကားကလည်း နိုင်ငံသားအားလုံးကို ခြုံပြီးတော့ ပြောတဲ့စကားဖြစ်ရင် သိပ်လှမှာပဲ။ အမျိုးဘာသာ သာသနာဆိုတော့ အမျိုးဆိုရင် ဗမာကိုပြောတာလား၊ ဘာသာဆိုရင် ဗုဒ္ဓဘာသာကိုပြောတာလား၊ တခြားဘာသာငယ်လို့ လူဦးရေနည်းလို့ အဲဒီဘာသာဝင်တွေရဲ့ အခန်းကဏ္ဍကို ဘယ်နေရာ ဘယ်လိုထားမှာလဲ။ ဒါလည်း နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့သူက စဉ်းစားဖို့လိုပါတယ်။ ဘာသာရေးကိစ္စတွေဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ပဲ ပိုပြီး သင့်တော်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်လုပ်ကြမယ့် ပုဂ္ဂိုလ်ဆိုတာ နိုင်ငံသားအားလုံးကို ခြုံပြီးစဉ်းစားတတ်တဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာ၊ ဥပက္ခော ဆိုတဲ့ ဗြမ္မာစိုရ်တရား လေးပါး ကိုင်နိုင်တဲ့ခေါင်းဆောင်မျိုးကို ပြည်သူလူထုက ရွေးချယ်မှ ဒီနိုင်ငံ အေးချမ်းမှာဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာဆိုတဲ့ စကားလုံးဆိုတာ ဘုန်းကြီး နားလည်သလောက် သမိုင်းနဲ့ပြောမယ်ဆိုရင် ကိုလိုနီခေတ်တုန်းက YMBA တို့လို အဖွဲ့တွေက တိုင်းတပါးသားကို တော်လှန်တဲ့ခေတ်က စည်းရုံးတဲ့ စကားလုံးတွေလို့ ထင်ပါတယ်။”
လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်ခဲ့ပြီးနောက်ပိုင်း မြဝတီသတင်းစာမှာ ဆက်လက်ဖော်ပြခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)