ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းက အယောက် ၅၀၀ ပြန်လာမည်
2019.02.20

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်ကြတဲ့ ဒုက္ခသည်တွေထဲက အယောက်ငါးရာကျော် တတိယအသုတ်အဖြစ် ပြန်လာဖို့ရှိကြောင်း ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်လိုက်ပါတယ်။
■ ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွေကနေ ဒီတစ်ခေါက်မှာ တတိယအသုတ်အနေနဲ့ မြန်မာဒုက္ခသည် ၅၀၀ လောက် ပြန်လာမယ့်ထဲမှာ ကရင်ဒုက္ခသည်များကော်မတီ KRC ရဲ့ လက်အောက်က မယ်လနဲ့ နို့ဖိုး အပါအဝင် စခန်း ၄ ခုက ဒုက္ခသည်တွေ ပါဝင်တယ်လို့ သိရကြောင်း KRC ဘက်က ပြောပါတယ်။
UNHCR ပြောရေးဆိုခွင့်ရှိသူနဲ့ ဒုက္ခသည်တွေအရေး ကူညီပေးနေသူတွေကို မေးမြန်းပြီး RFA သတင်းထောက် မသီရိမင်းဇင်နဲ့ ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းက အယောက် ၅၀၀ ပြန်လာမည်။
(သီရိမင်းဇင်)
ဒီနေ့မှာ မယ်လစခန်းက ဒုက္ခသည် ၁၀၀ ကျော်ပြန်သွားတယ်လို့ သိရကြောင်း ကရင်ဒုက္ခသည်များ ကော်မတီ KRC ဥက္ကဋ္ဌ ဆရာ ရောဘတ်ထွေး က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့အောက်မှာရှိတဲ့ စခန်း ၄ ခုတော့ပါတယ်၊ ကျွန်တော်သိသလောက်ကတော့ ဒီနေ့ဆင်းသွားတာတော့ လူက ၁၃၀ ကျော်တယ်၊ အဲဒါကျွန်တော်တို့ မယ်လစခန်းအတွင်းက ထွက်တဲ့သူတွေပဲနော်"
ဒီတစ်ခေါက် မြန်မာပြည်ပြန်မယ့် ၅၀၀ ထဲမှာ အဲဒီစခန်း ၄ ခုက အရေအတွက် ဘယ်လောက်ပါလဲဆိုတာတော့ အတိအကျမသိရသေးကြောင်း၊ ဒါ့အပြင် ပြန်မယ့်သူတွေအနေနဲ့ ဘာ့ကြောင့်ပြန်ကြသလဲ၊ UNHCR ဘက်မှာ ဘာတွေသွားရောက် တင်ပြကြသလဲဆိုတာ မသိရှိရကြောင်းလည်း ဆရာ ရောဘတ်ထွေး က ပြောပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေကနေ မြန်မာပြည်ကို ပြန်လာတဲ့ ဒုက္ခသည်တွေထဲမှာ ဒီတစ်ကြိမ်က အရေအတွက် အများဆုံးဖြစ်ကြောင်းလည်း ဆရာ ရောဘတ်ထွေး က ပြောပါတယ်။
UNHCR အနေနဲ့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ရဲ့ ဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးပေးတာသာ ဖြစ်ကြောင်း UNHCR ရန်ကုန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ အောဖီမက်ဒေါနယ် က RFA ကို ပြောပါတယ်။
"UNHCR အနေနဲ့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးပေးတာသာဖြစ်ကြောင်း၊ UNHCR အနေနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေဆီကို အဖွဲ့တွေစေလွှတ်ပြီး ကွင်းဆင်းလေ့လာခိုင်းတာ ရှိသလို၊ နောက်တစ်ဖွဲ့ကိုလည်း ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းကို စေလွှတ်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခိုင်း ကြောင်း၊ မြန်မာဘက်ကရတဲ့ အခြေအနေတွေကို အဲဒီဒုက္ခသည်တွေကို ပြန်ပြောပြပြီး တကယ်ပြန်ချင်တာ ဟုတ်/မဟုတ် မေးမြန်းကြောင်း၊ တကယ်ပြန်ချင်ပြီဆိုမှ မြန်မာအစိုးရဘက်က အာမခံချက်ရပြီဆိုတာနဲ့ သူတို့ကိုပြန်ဖို့အတွက် စီစဉ်ပေးတာဖြစ်ကြောင်း ပြောသွားတာပါ"
ဒါ့အပြင် အဲဒီဒုက္ခသည်စခန်းတွေမှာ UNHCR ဘက်က ရုံးဖွင့်ပြီး ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စည်းရုံးပြောဆို နေတာတွေရှိတယ်ဆိုပြီးလည်း ဝေဖန်မှုတွေရှိနေပါတယ်။
ဒီဝေဖန်မှုတွေကို UNHCR ရန်ကုန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ အောဖီမက်ဒေါနယ် က အခုလို တုံ့ပြန်လိုက်ပါတယ်။
"UNHCR အနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးအတွက် တိုက်တွန်းတာ၊ နှိုးဆော်တာတွေမရှိကြောင်း၊ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေကဖြစ်ကြောင်း၊ အဲဒါကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေး၊ ဘဝရပ်တည်ဖို့ အသက်မွေးဝမ်းကျောင်း တွေလုပ်နိုင်ဖို့၊ စတဲ့ကိစ္စတွေကိုသာ UNHCR အနေနဲ့ ဦးစားပေးဆောင်ရွက်နေတာဖြစ်ကြောင်း ပြောသွားတာပါ"
ဒီ ၃ ရက်အတွင်း ဒုက္ခသည် ၅၀၀ ကို ပြန်လည်လက်ခံသွားမှာဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က RFA ကို ပြောပါတယ်။
"ဒါတတိယအကြိမ်ပေါ့၊ ပထမအကြိမ် ၉၃ ယောက်၊ ဒုတိယအကြိမ် ၇၁ ယောက်၊ ဒီတစ်ခေါက်ဆိုရင် ၂ နိုင်ငံ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး လုပ်တယ်၊ ဌာနဆိုင်ရာတွေကလည်း လုပ်ပေးတယ်၊ ကြိုဆိုကြတော့ ၅၇၅ ယောက် အခုဝင်တာလေ၊ ၃ ရက်အတွင်းမှာပေါ့"
ဒီနေ့ကနေစပြီး နေရပ်ပြန်လာကြတဲ့ ကာယကံရှင်တွေကိုယ်တိုင်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။
စာရင်းတွေအရ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်း ၉ ခုမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်စုစုပေါင်း ၁ သိန်းနီးပါးရှိနေတယ်လို့ သိရပါတယ်ရှင်။