ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တကယ်လိုအပ်နေပြီလား
2020.09.18
ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူများလာချိန်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ နိုင်ငံရေးပါတီတချို့က တောင်းဆိုနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်ကူးစက်သူဦးရေများလာတဲ့အတွက် လူထုအတွင်း စိုးရိမ်မှုတွေ မြင့်မားလာနေပါတယ်။ ဒီလိုအချိန်မှာ ရွေးကောက်ပွဲကို လက်ရှိသတ်မှတ်ရက်အတိုင်း နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပသင့်ပါသလား။
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရမယ်လို့ တရားသေပြောနေတာ မဟုတ်ပါဘူးလို့ RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲကျင်းပဖို့ လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေ ပြည့်ပြည့်စုံစုံရှိတယ်ဆို ရင်လည်း လုပ်ပေါ့၊ တကယ်လို့ အဆင်မပြေဘူး ပိုပြီးဆိုးသွားနိုင်တယ်ဆိုရင်လ ည်း ရွှေ့ပေါ့။ အဲဒီလို ရွှေ့တဲ့ နောက်ဆက်တွဲမှာ ဘယ်သူမှထိခိုက်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။ အချိန်တန်ရင် ရွေးကောက်ပွဲက ဖြစ်အောင် လုပ်ကိုလုပ်ရမှာပဲလေ။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ။ အဲဒီတော့ ကော်မရှင်အနေနဲ့ စဉ်းစားပါ။ နိုင်မလားပေါ့ နိုင်နိုင်နင်းနင်း လုပ်နိုင်ရင်လည်း လုပ်ပါ။ အသက်အရွယ် ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းတယ်ဆိုရင်လည်း ရွေးကောက်ပွဲ ရွှေ့ဖို့စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားသင့်တယ်။ စဉ်းစားပြီးတော့ ရွှေ့ဆိုင်းမယ်ဆိုရင်လည်း ပြည်ခိုင်ဖြိုးပါတီက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ် ကျနော်တို့ မကန့်ကွက်ဘူး”
အာဏာရပါတီ NLD ရဲ့ အမြင်ကကော ဘယ်လိုရှိပါသလဲလို့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကို RFA က မေးမြန်းခဲ့ပါတယ်။
“ရွေးကောက်ပွဲလုပ်တယ် မလုပ်ဘူး ဆိုတာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်မှာပေါ့။ ကိုဗစ်က ဘယ်တော့မှ ထိန်းချုပ်နိုင်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။ ကာကွယ်ဆေးလည်း မပေါ်သေးဘူး။ ဗိုင်းရပ်စ်ကို ကုသဆေးလည်း ရှိမှ မရှိတာ၊ အဲဒီတော့ ရွေးကောက်ပွဲနောက်ဆုတ်တာနဲ့တင် ကိုဗစ်ကို ကာကွယ်နိုင်မယ်လို့ ဘယ်သူမှမပြောနိုင်ဘူး၊ ဆုတ်မယ်ဆိုရင်ရောဘယ်အထိ ဆုတ်မှာလဲ၊ နိုင်နိုင်နင်းနင်း လုပ်နိုင်တယ် ဆိုရင်တော့ ရွှေ့စရာအကြောင်း မရှိပါဘူး၊ တခြားနိုင်ငံတွေမှာလည်း ဖြစ်ပွားမှု တကယ် အမြင့်မားဆုံးရောက်နေတဲ့ အခြေအနေတောင်မှ ရွေးကောက်ပွဲ လုပ်သွားသေးတာပဲ။ ကျနော်တို့ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေတာပဲ။ ရွေးကောက်ပွဲရှိရင် မဲဆွယ်စည်းရုံးရမှာ က နိုင်ငံရေးသမားအလုုပ်ပဲ၊ စုစုရုံးရုံးမဖြစ်တဲ့ မဲဆွယ်စည်းရုံးရေးနည်းမျိုး ရှာပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂို လ်က ပြောထားတော့ ကျနော်တို့လည်း စုစုရုံးရုံးမဖြစ်တဲ့ မဲဆွယ်စည်းရုံးနည်းကို စည်းစားတာပေါ့။ ကိုယ်စားလှယ်တွေ လိုက်ဆင်းပြီး လိုက်နှုတ်ဆက်တာတော့ သိပ်မလုပ်ကြဘူး၊ pamphlet campaign လေးလောက် အောင်နိုင်ရေးဖွဲ့ပြီး စည်းရုံးရေးဝင်နေတာပေါ့၊ သီချင်းလေးတွေ ဖွင့်တာတို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းလေးတွေ ဖွင့်ပြတာတို့ပေါ့”
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကျင်းပမှာကို ဆန့်ကျင်ပါတယ်။
“စားဝတ်နေရေး အလုပ်အကိုင်တွေ အခက်အခဲတွေဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ကို ထောက်ခံမဲပေးပါလို့ ပြောရမှာ ကျနော်တော့ ကိုယ့်ကိုကိုယ် စိတ်မလုံဘူး။ ဒီ ကိုဗစ်အန္တရာယ်ထိန်းချုပ်နိုင်တဲ့ ပမာဏပေါ့။ အနည်းဆုံး ၂ ပတ်လောက် ၁ လ လောက် ထိန်းသိမ်းလိုက်ရင်တောင်မှ ပြန့်ပွားနှုန်းကို ထိန်းချုပ်နိုင်မယ်လို့ ကျနော်တော့ မျှော်လင့်တယ် တင်းတင်းကြပ်ကြပ်လုပ်လိုက်ရင်၊ ဒီပုံစံအတိုင်းကတော့ ရွေးကောက်ပွဲ ပုံမှန်သတ်မှတ်ရက်အတိုင်း မလုပ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။”
မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါ်မွန်မွန်မြတ်ကတော့ ရွေးကောက်ပွဲကို လွှတ်တော်နဲ့ ဆက်စပ်ပြပါတယ်။
“ရွေးကောက်ပွဲမလုပ်ဖြစ်ရင် အစိုးရက ဒီတိုင်းပဲဆက်သွားနေမှာပဲ။ ဒါပေမယ့် လွှတ်တော်ကြီးရပ်သွားမှာပေါ့၊ လွှတ်တော်ကြီးရပ်သွားရင် အခြေခံဥပဒေပြင်ဆင်ရေးက ရှေ့တိုးလို့မရဘူးလေ၊ မဏ္ဍိုင်တရပ် ရပ်သွားမှာပေါ့။ အဲဒါက လူထုအတွက် မကောင်းဘူး။ ကပ်ဘေးကာလကြားထဲ လုပ်သွားတဲ့ ရွေးကောက်ပွဲတွေ ရှိနေတာပဲလေ ကိုးရီးယားလည်း လုပ်တာပဲ။ဂျပန်လည်းလုပ်တာပဲ။ စင်္ကာပူလည်း လုပ်တာပဲ။ ရွေးကောက်ပွဲကို သူ့ပုံမှန်အတိုင်းဖြစ်အောင်လုပ်ရမှာက အစိုးရတရပ်ရဲ့ တာဝန်ပဲ။ ရွေးကောက်ပွဲမဖြစ်ရင် နိုင်ငံတကာအမြင်မှာ အစိုးရက ညံ့တယ်။ ရွေးကောက်ပွဲတောင်ဖြစ်အောင် မလုပ်နိုင်ဘူးလို့ မြင်သွားမှာပဲ။ တကယ်လို့ ကပ်ဘေးက တော်တော်ကြီး ဆိုးဆိုးရွားရွား ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ဘယ်လိုမှ အစိုးရယန္တရားကြီးကို လည်ပတ်အောင် မလုပ်နိုင်ဘူးဆိုရင် တမျိုးပေါ့။”
လက်ရှိမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ တောင်းဆိုနေသူတွေကို ဒေါ်မွန်မွန်မြတ်က ဘယ်လိုမြင်ပါသလဲ။
“သူတို့ရှုံးမယ်ဆိုတာ သိနေလို့ပဲ။ ကျမအဲလိုပဲ မြင်တယ်။ အခု ရွေးကောက်ပွဲ ကမ်ပိန်းတွေလုပ်တဲ့နေရာမှာလည်း ကပ်ဘေးကြောင့် မြေပြင်မှာ ကမ်ပိန်းတွေ မလုပ်နိုင်ကြဘူး။အွန်လိုင်းမှာ သွားယှဉ်လို့ရှိရင်လည်း ပိုက်ဆံတွေ ဘယ်လောက်သုံးသုံး ကမ်ပိန်းတွေဘယ်လောက်လုပ်လုပ် NLD မှာရှိတဲ့ လူထုထောက်ခံအားကို ဘယ်ပါတီမှ မယှဉ်နိုင်ဘူး။ အဲ့ဒီအခါကျတော့ မဲဆွယ်ပွဲလုပ်မဲ့ ရက် ၆ဝ အတွင်းမှာ ဘယ်လိုမှ ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ မထင်ဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကို ရွှေ့ချင်တာ ရည်ရွယ်ချက်က ဒါပါပဲ”
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကတော့ တဖြေးဖြေးနီးလာနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီး သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်မှာလားဆိုတာ မကြာခင်ရက်ပိုင်းအတွင်း ပိုမိုသိရှိနိုင်ကြမယ်လို့ ယူဆရပါတယ်။