ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဆက်လက်ချီတက်ဖို့ လူငယ်တွေ ဆုံးဖြတ်ထား

2022.08.08
ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဆက်လက်ချီတက်ဖို့ လူငယ်တွေ ဆုံးဖြတ်ထား ၂ဝ၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က စစ်ကိုင်းက ဒေသခံပြည်သူများ ဆန္ဒပြနေကြစဉ်။
ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

ဒီနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ဟာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ မဆလ စစ်အစိုးရကို ပြည်သူလူထုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၄ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှာ အသီးသီး ပြုလုပ်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံက ပေါက်ဖွားခဲ့တဲ့ စိတ်ဓာတ်နဲ့ အလံကို ကိုင်စွဲပြီး လက်ရှိ နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင် ရောက်တဲ့အထိ ဆက်လက်တော်လှန် သွားမယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်း က RFA ကို ဒီနေ့ ပြောပါတယ်။

"ဆိုးရွားလှတဲ့ တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျပြီးတော့ ဒီမိုကရေစီလမ်းစပေါ်လာဖို့ အတွက်ကို အင်မတန် လူထုလူတန်းစား အလွှာပေါင်းစုံပါခဲ့တဲ့ အင်အားကြီးမားတဲ့ လှုပ်ရှားမှုကြီး၊ အရေးတော်ပုံကြီးတစ်ခုဖြစ်ခဲ့တယ်။ အခု ဒီအရေးတော်ပုံရဲ့အလံကို ကျနော်တို့ ဆက်ပြီးသယ်ဆောင်မယ်။ ဒီအရေးတော်ပုံရဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီးတော့မှ ကျနော်တို့ တော်လှန်ရေးအဆက်ဆက်၊ အရေးတော်ပုံအဆက်ဆက်ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ကိစ္စကိုတော့ ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့ ရောက်အောင်သွားမယ်ဆိုတဲ့ ပိုင်းဖြတ်မှုတွေ၊ ကြွေးကြော်သံတွေနဲ့ ဖော်ဆောင်နေတာ ဖြစ်ပါတယ်"

ရန်ကုန်မြို့က သပိတ်အင်အားစုတွေဟာ ဒီနေ့ မနက်ပိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပြီး ည ရှစ်နာရီမှာ သံပုံးတီးလှုပ်ရှားမှုတွေကို ဆက်လုပ်မယ်လို့ ပြောပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားအကောင်းဆုံး ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ လည်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က ပြည်သူတွေ စုပေါင်းပြီး ဒီနေ့ ရွာပေါင်းစုံ သပိတ် ဆင်နွှဲခဲ့ကြပါတယ်။

8888-protest-sagaing.jpg
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်ရှိ ဈေးတစ်ခုတွင် ဈေးသူဈေးသားများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ် (Photo: CJ)

ဆန္ဒပြသူ ၂၀၀ ကျော်ခန့်ဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ စီတန်းလှည့်လည်ပြီး "တရားတဲ့ သူသာ နိုင်ကြေး"၊ "စစ်အာဏာရှင် ပြုတ်ကျရေး အဆုံးထိတိုက်မယ်" စတဲ့ ကြွေးကြော်သံ တွေနဲ့ စစ်အာဏာရှင်ကို ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကနီနဲ့ ဘုတလင်မြို့နယ် ကျေးရွာတွေမှာလည်း ပြည်သူလူထုက ရှစ်လေးလုံး အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး "၈ လေးလုံးက ပြည်သူ့တိုက်ပွဲ ၂၂ မှာ အပြီးသတ် ဆင်နွှဲ" ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသား တပ်မတော် မြန်မာပြည်မြောက်ပိုင်း စစ်ဌာနချုပ်မှာလည်း ဒီနေ့ ရှစ်လေးလုံး ၃၄ နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့ပါတယ်။ စစ်အာဏာရှင်ကို နိုင်အောင် မတိုက်နိုင်သရွေ့ မြန်မာပြည်သူ အားလုံး နောက်ထပ်အာဏာသိမ်းမှုတွေကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့ ABSDF မြန်မာပြည်မြောက်ပိုင်း စစ်ဒေသကော်မတီဝင် ရဲဘော် ယော်ရှု က ပြောပါတယ်။

"နောင်လာနောက်သား အခုကြီးလာတဲ့ လူငယ်လူရွယ်တွေအားလုံး အမှတ်ရစေနိုင်ဖို့ အတွက် ဘာကြောင့် ရှစ်လေးလုံးဆိုတာ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ရှစ်လေးလုံး စိတ်ဓာတ်ဆိုတာ ဘာလဲ၊ ရှစ်လေးလုံးက ဘာလိုချင်ခဲ့တာလဲ၊ ရှစ်လေးလုံးဟာ ဘာကို တိုက်ပွဲဝင်ခဲ့တာလဲ ဆိုတာကို ကျနော်တို့ လက်ဆင့်ကမ်းတဲ့အနေနဲ့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်ရှိနေသရွေ့ သူဟာ အာဏာ သိမ်းမှာပဲ၊ သူလိုချင်တာ မရဘူးဆိုရင် အာဏာသိမ်းမှာပဲ။ အခုလည်း ကျနော်တို့ အာဏာရှင်ကို နိုင်အောင် မတိုက်နိုင်ဘူးဆိုရင် ဒီအာဏာရှင်ရှိနေသရွေ့ ထပ်ပြီးတော့ သူတို့ အာဏာသိမ်းဦးမှာပဲဆိုတာကို ကျနော်တို့ပြောလိုပါတယ်"

သူတို့အနေနဲ့ ၁၉၈၈ ကျောင်းသားတပ်မတော် စတင်ဖွဲ့စည်းချိန်ကနေ အခုချိန်ထိ စစ်အာဏာရှင် အဆက်ဆက်ကို ရရာလက်နက်စွဲကိုင် တိုက်ပွဲဝင်နေတာဖြစ်ပြီး အနှစ် ၃၀ ကျော်အတွင်း ကျောင်းသားတပ်မတော်က အသက်ပေးလှူခဲ့တဲ့ ရဲဘော် အယောက် ၇၀၀ ကျော်ရှိတယ်လို့လည်း ရဲဘော် ယော်ရှုက ပြောသွားပါတယ်။

လက်ရှိအခြေအနေဟာ မြန်မာတစ်နိုင်ငံလုံး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က ပျက်စီး ယိုယွင်းနေသလို အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီး သုံးခုလုံးလည်း ပြိုလဲနေတဲ့ ကာလဖြစ်တယ်လို့ ဒီနေ့ ရှစ်လေးလုံး ၃၄ နှစ်ပြည့် ABSDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး”ဆိုတဲ့ ရည်ရွယ်ချက် သုံးရပ်နဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို ဒီနေ့ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့ပါတယ်။

NUG အစိုးရရဲ့ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက စစ်အာဏာရှင်အဆက်ဆက်ဟာ အကြမ်းဖက် ရက်စက်မှုတွေကို စဉ်ဆက်မပြတ် ကျင့်သုံးပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူ တွေကို ဖျက်ဆီးဖို့ နည်းလမ်းမျိုးစုံ သုံးနေပေမယ့် ပြည်သူတွေဟာ ရှစ်လေးလုံး စိတ်ဓာတ်နဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်လံကို ဆက်လက်ကိုင်စွဲ တော်လှန်သွားမယ်လို့ အဖွင့်မိန့်ခွန်း မှာ ပြောသွားပါတယ်။

ရန်ကုန် ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီက မဂျူဝယ်လ်ကတော့ လွန်ခဲ့တဲ့ ၃၄ နှစ်က ဖြစ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းသွား မယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။

"ရှစ်လေးလုံး အရေးတော်ပုံကြီးက ပြီးသွားတာတော့ တော်တော်လေးကြာပြီပေါ့နော်။ ဒါပေမဲ့ ညီမတို့လူငယ်တွေအနေနဲ့ကတော့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ရင်းနဲ့ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရမယ်ဆိုတဲ့ စိတ်နဲ့ လက်ရှိမှာ ဒီရှစ်လေးလုံး အရေးတော်ပုံကို ဆက်ပြီးလှုပ်ရှားနေရတာ ဖြစ်ပါတယ်"

သပိတ်ကော်မတီလူငယ်တွေဟာ ဩဂုတ်လ ၇ ရက် မနေ့ကလည်း ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ဦးရဲနိုင်အောင်ကတော့ ပြည်သူလူထုမှာ ပိုကောင်းတဲ့ စနစ်တစ်ခုကို တောင်းဆိုမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနေသရွေ့ တစ်ချိန်မှာ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီစနစ် ရကိုရလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

"လူထုက မဆလ တစ်ပါတီဆိုရှယ်လစ်စနစ်ကို မကြိုက်တဲ့အတွက် ပိုကောင်းတဲ့ နိုင်ငံရေးစနစ်ကို လိုချင်တဲ့အတွက် လူထုတစ်ရပ်လုံးက တက်ညီလက်ညီ ဆန္ဒပြ တောင်းဆိုတဲ့အတွက် သမိုင်းက ရွေ့သွားတယ်။ သမိုင်းအရွေ့သည် လူထုရဲ့ ဆန္ဒ၊ လူထုရဲ့တောင်းဆိုမှုနဲ့ ဖြစ်တဲ့အတွက် လူထုဆန္ဒက ရှိနေသရွေ့၊ လူထုက ပိုကောင်းတဲ့ စနစ်ကို မျှော်မှန်းချက် ရှိနေသရွေ့ သမိုင်းသည် ဘယ်တော့မှ နောက်ပြန်ဆုတ်တယ် ဆိုတာ မရှိဘူး။ အမြဲတမ်း ပြောင်းလဲသွားမှာပဲ။ အဲဒီတော့ အခုလောလောဆယ် မရသေးပေမယ့် တစ်ချိန်မှာ လူထုလိုလားတဲ့ ဒီမိုကရေစီစနစ် ရမယ်ဆိုတာကတော့ လုံးဝမြေကြီး လက်ခတ်မလွဲဘူးပေါ့နော်"

ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ အကန့်အသတ်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်း သွားတာ၊ တစ်ပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံစနစ်ကို ပြောင်းလဲနိုင်ခဲ့တာတွေက ရှစ်လေးလုံး အရေးတော်ပုံရဲ့ အောင်မြင်မှုတွေ ဖြစ်တယ်လို့လည်း ဦးရဲနိုင်အောင်က ဆိုပါတယ်။

"လူထုဆန္ဒက ရှိနေသရွေ့၊ လူထုက ပိုကောင်းတဲ့စနစ်ကို မျှော်မှန်းချက်ရှိနေသရွေ့ သမိုင်းသည် ဘယ်တော့မှနောက်ပြန်ဆုတ်တယ်ဆိုတာမရှိဘူး"

ရှစ်လေးလုံး ၃၄ နှစ်ပြည့်တဲ့အထိ ပြည်သူလူထုတစ်ရပ်လုံး တောင်းဆိုနေတဲ့ ဒီမိုကရေစီ စနစ် အပြည့်အဝ မရသေးဘဲ စစ်တပ်က အာဏာထပ်သိမ်းထားတာနဲ့ ပတ်သက်လို့ အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြန်မာပြည်သူတွေရဲ့ လက်ရှိ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ဆိုရင် ရှစ်လေးလုံး လူထုအရေးတော်ပုံကို မမေ့သင့်ဘဲ အတိတ်က အဖြစ်အပျက်တွေကို တွန်းအားတစ်ခုအဖြစ် အသုံးချရမယ်လို့ မှတ်ချက် ပေးပါတယ်။

"၈၈ ကို ပြန်ပြီးတော့ အောက်မေ့သတိရဖို့ ကောင်းတဲ့အချိန်ပေါ့ဗျာ။ အဲဒီ ၈၈ တုန်းက အားနည်းချက်တွေကို ဒီနေ့ ဖြည့်ဆည်းပြီးတော့ နွေဦးတော်လှန်ရေးကို အောင်ပွဲ ရရှိဖို့အတွက် တွန်းတင်ရမယ့်အချိန် ဖြစ်တဲ့အတွက် ရှစ်လေးလုံး လူထု တိုက်ပွဲကြီးကို ပြန်အောက်မေ့သတိရခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ကျနော်တို့ ကောင်းမှုပြုရာ ရောက်တယ်။ အောင်ပွဲကို ရောက်ရှိဖို့အတွက် တွန်းအားဖြစ်စေတယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ"

၁၉၈၇ စက်တင်ဘာလကတည်းက တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေဟာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ နိုင်ငံတစ်ဝန်း လူထု အုံကြွမှုကြီးအသွင် ပြောင်းလဲခဲ့ပြီး ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ စစ်အစိုးရကို အင်နဲ့အားနဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က လူထုလှုပ်ရှားမှုတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအချို့က ရေးသားဖော်ပြခဲ့ပေမယ့် စစ်အစိုးရအဆက်ဆက် သတင်းအမှောင်ချမှု၊ နည်းပညာ အားနည်းမှုနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် အလွန်အမင်း ထိန်းချုပ်မှုတွေကြောင့် လူဘယ်လောက် သေဆုံးခဲ့သလဲဆိုတာကို အခုချိန်ထိ တိတိကျကျ ထုတ်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

မကြာသေးခင်က အင်းစိန်ထောင်ထဲမှာ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုဟာ အဲဒီအချိန်က ရှစ်လေးလုံး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် အကျဉ်းထောင်ထဲမှာ ပထမဆုံးအကြိမ် ၁၆ နှစ်ကြာ ဖမ်းဆီးအကျဉ်းချခံခဲ့ရသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။