ရှစ်လေးလုံးနဲ့ နွေဦးတော်လှန်ရေး အခြေခံတူကြောင်း သုံးသပ်သူတွေပြော

တင်အောင်ခိုင် (၀ါရှင်တန်ဒီစီ)
2023.08.08
ရှစ်လေးလုံးနဲ့ နွေဦးတော်လှန်ရေး အခြေခံတူကြောင်း သုံးသပ်သူတွေပြော မုံရွာ - အရာတော်လမ်းတစ်နေရာတွင် သပိတ်အင်အားစုများနှင့် ကျောင်းသားများပူးပေါင်းကာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က ရှစ်လေးလုံးအကြို စစ်အာဏာဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြစဉ်။
ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ

၃၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံနဲ့ အခုလက်ရှိဖြစ်နေတဲ့ နွေဦးတော်လှန်ရေး ဖြစ်လာရတာဟာ မတူညီတဲ့အခြေအနေတွေရှိနေပေမဲ့ အစပျိုးလာတဲ့ အခြေခံအချက်အလက်တွေဟာ တူညီပါတယ်လို့ သုံးသပ်သူတွေက မြင်ပါတယ်။

ဒါပေမဲ့ ကွာခြားချက်ကတော့ ရှစ်လေးလုံး လူထုတော်လှန်ရေးဟာ အာဏာလက်ရှိ စစ်အစိုးရတစ်ဖြစ်လည်း အစိုးရကို တော်လှန်ခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေးဟာ လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချ အာဏာသိမ်းတာကြောင့် ဖြစ်ပေါ်လာတာလို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ် ၁၉၈၈ ခုနှစ် ကာလနောက်ပိုင်း အဝေးရောက်ညွန့်ပေါင်းအစိုးရမှာ ဝန်ကြီးတာဝန်တွေယူခဲ့ဖူးတဲ့ ဒေါက်တာစန်းအောင်က ပြောပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးအချိန်မှာတော့ လူထုဟာ ၁၉၈၈ ကာလနဲ့မတူတော့ဘဲ အသိအမြင်တွေ အများကြီးပြောင်းလဲသွားပြီလို့ ဆိုပါတယ်။

“ပြည်သူတွေက ခုချိန်မှာ တော်တော်ကိုနားလည်သဘောပေါက်နေပြီ စစ်တပ်ဆိုတာ ဖယ်ရှားမှရမယ်ဆိုတာ သဘောပေါက်ပြီ နောက်တစ်ချက်က ပြည်သူ့ခေါင်းဆောင် အဆင်သင့်ရှိတယ်၊ ပြည်သူတွေမှာ ၀င်ငွေတစ်စုံတရာရှိနေတယ် နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေလည်းအများကြီး သူတို့ကလည်း ထောက်ပံ့နိုင်တယ် နောက်ဆုံးအချက်ကတော့ မီဒီယာတွေ တော်တော်ကိုကောင်းနေပြီ ဒီလိုအခြေအနေမျိုးတွေမှာကွာသွားပြီ”

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းကို လျှောက်ခဲ့သူတွေရှိခဲ့ပါတယ်။

သူတို့အများစုဟာ ကျောင်းသားတွေဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံဟာ တစ်ပါတီအာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေးကတော့ ပြည်သူရွေးချယ်ခဲ့တဲ့ အစိုးရကိုဖြုတ်ချ အာဏာသိမ်းလို့ဖြစ်တယ်လို့ ကျောင်းသားတပ်မတော် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာနိုင်အောင်က ပြောပါတယ်။

“၈၈ တုန်းက မြို့နယ်တွေ ရပ်ကွက်တွေမှာ လူထုအာဏာဖြစ်နေပြီ၊ နွေဦးတော်လှန်ရေးမှာတော့ အဲဒီအဆင့်တော့မရောက်လိုက်ဘူး ဒါအဓိကကွာခြားချက်ပဲ၊ ပြီးတော့ ၈၈ တုန်းက အာဏာသိမ်းတဲ့ အစိုးရက ရွေးကောက်ပွဲလုပ်မယ်ဆိုတာနဲ့ နိုင်ငံရေးပါတီတွေထောင်ပြီး အားလုံးက ရွေးကောက်ပွဲလမ်းကြောင်းကိုလိုက်သွားကြတယ် ကျောင်းသားလူငယ်တွေပဲ ဆက်ပြီးလုပ်ခဲ့ရတယ် ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက လက်နက်ကိုင်လမ်းကို ပါမလာဘူးပေါ့ အခုဟာတော့ လူထုတစ်ရပ်လုံးပါ၀င်နေတယ်”

ရှစ်လေးလုံး လူထုအုံကြွမှုကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရွေးကောက်ပွဲလမ်းကြောင်းကို ချပေးလိုက်တာကြောင့် ပါတီတွေဖွဲ့ပြီး ရွေးကောက်ပွဲလမ်းကြောင်းကို လိုက်သွားကြတာဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် ရှစ်လေးလုံး အုံကြွမှုဟာကျဆုံးသွားတယ်လို့ သုံးသပ်သူတွေရှိပေမဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ရှစ်လေးလုံးဟာ ကျရှုံးသွားတာမဟုတ်ဘဲ နွေဦးတော်လှန်ရေးနဲ့ ရှစ်လေးလုံး လှုပ်ရှားမှုဟာ တဆက်တစပ်တည်း ဖြစ်တယ်လို့ ပြောပါတယ်။

“နွေဦးတော်လှန်ရေးနဲ့ ၈၈ ဟာ တဆက်တည်းပါ၊ ရှစ်လေးလုံးဟာ ဖိနှိပ်တာများလွန်းလို့ သိပ်ဆင်းရဲကျပ်တည်းလွန်းလို့ လူတွေထွက်ကြတာ၊ အခုကျတော့ ဒီကာလအတွင်းမှာ အထူးသဖြင့် ဒီဆယ်နှစ်အတွင်းမှာ ဦးသိန်းစိန်အစိုးရ NLD အစိုးရခေတ်တွေမှာ တအားပြောင်းလဲသွားတာကိုလူထုကသိတယ် အတွေးအခေါ်အမြင်တွေလည်း တအားပြောင်းသွားတယ်၊ ဒါတွေက ရှစ်လေးလုံးကာလနဲ့ နွေဦးတော်လှန်ရေးမတူတာပါပဲ ရှစ်လေးလုံးဟာ ဆဲဗင်းဂျူလိုင်ကချပေးလိုက်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကိုဆက်တာ ကျောင်းသားထုဟာ ပြည်သူကိုပါ ပါအောင်စည်းရုံးနိုင်ခဲ့တယ်၊ အခုကျတော့ ပြည်သူတွေတင်မက တိုင်းရင်းသားတွေ တစ်ပြည်လုံးကိုပါစည်းရုံးနိုင်တယ်”

စစ်ကောင်စီဘက်မှာ အားနည်းချက်ကတော့ ရှစ်လေးလုံး လူထုအုံကြွမှုနောက်ပိုင်း လူထုကိုနည်းမျိုးစုံနဲ့ လှည့်ဖြားနိုင်ခဲ့ပေမဲ့ ခုချိန်ဟာ လူထုကိုလှည့်ဖြားလို့မရတော့တဲ့ အခြေအနေရောက်နေပြီလို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။