NUG ဦးစီးကျင်းပတဲ့ ရှစ်လေးလုံး ၃၄ နှစ်ပြည့် အခမ်းအနား

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.08.08
NUG ဦးစီးကျင်းပတဲ့ ရှစ်လေးလုံး ၃၄ နှစ်ပြည့် အခမ်းအနား ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်တွင် ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေးဟောပြောပွဲ။
File Photo: AFP

သြဂုတ်လ ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၄ နှစ်မြောက် အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေ၊ CRPH နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အတိုင်ပင်ခံကောင်စီတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူတွေအတွက် ငြိမ်သက်စွာအလေးပြုခဲ့ကြပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ ပြည်သူတွေရဲ့အသက်တွေ စတေးခဲ့ရတာ အလဟဿ မဖြစ်ဘဲ ပိုမိုအားကောင်းတဲ့ တော်လှန်ရေး နောက်မျိုးဆက်တစ်ခု ပေါ်ထွက်လာအောင် အကူအညီပေးခဲ့တယ်လို့ ပြောသွားပါတယ်။

“’ဒီတော်လှန်ရေးအရေးတော်ပုံဟာ အလဟဿ အချည်းနှီးတော့ မဟုတ်ခဲ့ပါဘူး။ လက်နက်အားကိုးနဲ့ ချုပ်ချယ်မှုကို တော်လှန်လိုစိတ်ကို ပိုမို ကြီးထွားစေခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ညီညွတ်မှုအားနဲ့ စွမ်းဆောင်နိုင်မှုကို သင်ခန်းစာရရှိစေခဲ့ပါတယ်။ အကြမ်းဖက်ဖိနှိပ်တဲ့ စစ်တပ်ကို အပြီးအပြတ် တွန်းလှန်လိုစိတ် မျိုးစေ့ကို နောက်လာနောက်သားလူငယ်များရဲ့ ရင်ထဲမှာချပေးနိုင်ခဲ့ပါတယ်။ အခု ကျွန်ုပ်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးသည်ပင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ယခု ရှစ်လေးလုံး တော်လှန်ရေးကို Generanation Z မျိုးဆက်သစ်လူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဆက်လက်ဆင်နွှဲဖို့၊ အာဏာရှင်ကို အပြီးအပြတ်ချေမှုန်းဖို့ ဖြစ်ပါတယ်”

အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးအောင်ကြည်ညွန့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာ ခင်ဆောင်တို့က တက်ရောက် အမှာစကားပြောကြားခဲ့ကြပါတယ်။

မြန်မာပြည်သူတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကာလကတည်းကနေ နှစ်ပေါင်း ၃၄ နှစ်ကြာလာတဲ့အထိ ဒီမိုကရေစီရဖို့ ယုံယုံကြည်ကြည် တိုက်ပွဲဝင်နေခဲ့ပေမယ့် ဒီမိုကရေစီပန်းတိုင်မရောက်နိုင်သေးတဲ့ အကြောင်းကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က အခုလို သုံးသပ်သွားခဲ့ပါတယ်။

“ဒီလောက်တောင် ယုံကြည်ရဲ့သားနဲ့၊ ဇွဲသန်ရဲ့သားနဲ့ ကျနော်တို့ ဘာကြောင့် ပန်းမဝင်သေးလဲ အဖြေရှာတဲ့အခါမှာ အဓိက အချက်နှစ်ချက်ကို တွေ့ပါတယ်။ ပထမတစ်ချက်က ဒီမိုကရေစီကို ဆန့်ကျင်တဲ့အာဏာရှင်တွေဟာ အဲဒီဒီမိုကရေစီကို အချိန်မရွေး နှောင့်ယှက်ဖျက်ဆီးနိုင်တဲ့ အခြေအနေကို ရထားပါတယ်။ အဲဒါနဲ့တွဲလျက် ဒုတိယအချက်က ကမ္ဘာမှာ အာဏာရှင်ဆိုတာက လက်တစ်ဆုပ်စာပဲ ရှိတာပါ။ အဲဒီ လက်တစ်ဆုပ်စာက ကျောချင်းကပ်ပြီး စည်းလုံးနေကြပါတယ်။ ဒီမိုကရေစီ အသိုင်းအဝိုင်းမှာတော့ အလှမ်းကျယ်ပြီး အလယ်လပ်နေဆဲပါ။ လက်တွေ့မပါတဲ့ စကားလုံးများ၊ နှုတ်ကတိတွေနဲ့ပဲ ဓာတ်ပြားဟောင်းတွေ အက်ကြောင်း ထပ်နေဆဲပါ။ ဒါတွေ အားလုံးဟာ အာဏာရှင်ကို ရှင်သန်ခွင့်၊ ဗိုလ်ကျ စိုးမိုးခွင့်တွေ ပေးနေတယ်ဆိုတာ သိရက်နဲ့ အရေး မယူနိုင်သေးတာကတော့ ကမ္ဘာကြီးအတွက် စိတ်မကောင်းစရာပါပဲ”

image.jpg
NUG ဦးစီးကျင်းပသည့် ရှစ်လေးလုံး ၃၄ နှစ်ပြည့် အခမ်းအနား တက်ရောက်လာသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်။

ဒီနေ့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီတည်တံ့ဖို့ အာမခံချက်မပေးနိုင်တဲ့အတွက် သန်းပေါင်းများစွာသော ဒီမိုကရေစီ မြတ်နိုးတဲ့ပြည်သူတွေဟာ အလွန်ခက်ခဲတဲ့ ဘဝကြုံနေကြရကြောင်း၊ အခုဆိုရင် ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်နှစ်ခုကြား တစ်ခုကို ရွေးရတဲ့အခြေအနေ ရောက်လာနေတဲ့အကြောင်း ဦးမင်းကိုနိုင်က ပြောသွားပါတယ်။

အဲနောက် မျိုးဆက်သစ်လူငယ်တွေထဲကလည်း ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ မဇူးဇူးက အမှာ စကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် ရှစ်လေးလုံး အရေးတော်ပုံ မှတ်တမ်း ဗီဒီယိုကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။