စစ်ကြောရေးမှာ သေဆုံးသူ ၅၄ ဦး အထိရှိလာ

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ အချိန် ရှစ်လနီးပါးကာလအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ ၅၄ ဦးအထိရှိလာပါပြီ။ ဒီအရေအတွက်ဟာ မတ်လကနေ အခု စက်တင်ဘာလ ၂၆ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။
စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေဟာ မတ်လကနေ ဇူလိုင်လအထိ တစ်လကို ခြောက်ဦးကနေ ရှစ်ဦးအထိ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ သြဂုတ်လမှာ ကိုးဦးနဲ့ အခုစက်တင်ဘာလမှာ ၁၀ ဦးအထိ အရေအတွက် များလာခဲ့ တာပါ။
နောက်ဆုံးသေဆုံးခဲ့ရသူတွေကတော့ မန္တလေးက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသိန်းထွန်းဦး၊ စစ်ကိုင်း တိုင်း၊ ကလေးမြို့က အသက် ၄၀ အရွယ် ကိုကျော်မင်းဦး၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အသက် ၂၄ နှစ်အရွယ် ကိုစိုးမောင်မောင်၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အသက် ၅၀ အရွယ် ဦးကျော်ကျော်တို့ ဖြစ်ပါတယ်။
မန္တလေးက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသိန်းထွန်းဦးဟာ စက်တင်ဘာလ ၂၅ ရက်နေ့က နေအိမ်ကနေ အမှတ် (၇) နယ်မြေ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စက်တင်ဘာ ၂၆ ရက်နေ့မှာ သေဆုံးသွား တဲ့အကြောင်း ရဲစခန်းက မိသားစုကို အကြောင်းကြားလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့က အသက် ၄၀ အရွယ် ကိုကျော်မင်းဦးဟာလည်း စက်တင်ဘာလ ၁၄ ရက်နေ့က နေအိမ်ကနေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဝင်းထဲကို ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စက်တင်ဘာလ ၁၈ ရက် နေ့မှာတော့ သေဆုံးသွားပြီဆိုတဲ့အကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် စစ်တပ်က အကြောင်း ကြားခဲ့ပါတယ်။
သူ့ရဲ့ရုပ်အလောင်းကို စစ်တပ်က မီးသင်္ဂြိုဟ်လိုက်တာကြောင့် မိသားစုက ရုပ်အလောင်းကို ပြန်မရခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုကျော်မင်းဦးရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“စက်မှုဇုန်မှာ သူတို့ ရှောင်တခင်ရှာဖွေတဲ့အခါမှာ သူတို့ဆိုင်မှာရှိနေတဲ့ သံချောင်းက သေနတ်ပြောင်းလို့ ယူဆရတဲ့အတွက် ဖမ်းဆီးသွားတာ။ သေတာနဲ့ပတ်သက်လို့ ရုပ်အလောင်းက ဖမ်းသွားပြီဆိုတဲ့ နောက် ပိုင်းမှာ မိသားစုနဲ့ရော ပတ်ဝန်းကျင်နဲ့ရော လုံးဝအဆက်အသွယ်မရပါဘူး။ သေတယ်ဆိုတာလည်း သူတို့ အရာရှိပိုင်းဆီက သေပြီဆိုတဲ့သတင်းပဲ ကြားလိုက်ရတာ ကျန်တာတော့ မသိရပါဘူး”
သေဆုံးသူ ကိုကျော်မင်းဦးဟာ တွင်ခုံလုပ်ငန်းလုပ်ကိုင်နေတာ နှစ် ၂၀ လောက်ရှိပြီး ဇနီးနဲ့ အသက် ၁၁ နှစ်အရွယ် သားတစ်ယောက်၊ ၆ နှစ်အရွယ် သမီးတစ်ယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။
အခုလို စစ်တပ်ကဖမ်းဆီးပြီးနောက် သေဆုံးတယ်လို့ အကြောင်းကြားလာတဲ့ဖြစ်ရပ်မျိုးက မန္တလေးတိုင်း၊ မြင်းခြံမြို့မှာလည်း ရှိခဲ့ပါတယ်။
မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က လူငယ်ခြောက်ဦးကို စစ်တပ်နဲ့ရဲက ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက အသက် ၂၄ နှစ်အရွယ် ကိုစိုးမောင်မောင်ဟာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ သေဆုံးသွားပြီဆိုတဲ့အကြောင်း မိသားစုကို အကြောင်းကြားလာခဲ့တာပါ။
သူဟာ အရက်ကြောင်ပြီး သေတာလို့ စစ်တပ်က မဟုတ်မမှန် အကြောင်းပြခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုစိုးမောင်မောင်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လာအကြောင်းကြားတော့ အရက်ကြောင်ကြောင်ပြီး သေတယ်လို့ ပြောသွားတယ်။ သူ့ယောက္ခထီးပေါ့ ဦးကုလားကို အကြောင်းကြားတယ်ပြောတယ်။ ဦးကုလားက သူ့သမီးကို ကိုယ်ဝန်ဆောင်ကြီးနဲ့မို့လို့ မပြောဘဲထားတာ။ သုံးရက်မြောက်မှာ သေတာ၊ လေးရက်မြောက်မှ သိရတာ။ နေ့စဉ်ပုံမှန်တော့ သူတို့ ထမင်းတွေဘာတွေ သွားပို့တယ်ဗျာ။ ထမင်းပို့တော့ ထမင်းထုပ်တွေဘာတွေတော့ ယူတယ်။ ကလေး တွေကျ မကျွေးဘူး အဲဒါတွေလည်း သိရတယ်ဗျ”
ကိုစိုးမောင်မောင်တို့ အပါအဝင် လူငယ်ခြောက်ဦးကို လက်နက်လုပ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ စစ်တပ်နဲ့ ရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီအထဲက လူငယ်သုံးဦးကို မြင်းခြံမြို့က စစ်တပ်ဝင်းထဲမှာ ဖမ်းဆီးထားတုန်းပဲ ဖြစ်ပေမယ့် ကျန်တဲ့လူငယ်နှစ်ယောက်ကို ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော အမှတ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးကျော်ကျော်ဟာလည်း စက်တင်ဘာလ ၁၇ ရက်နေ့ညက နေမကောင်းတဲ့ ဆွေမျိုးအိမ်တစ်အိမ်ကို သတင်း သွားမေးနေတုန်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နောက်တစ်ရက်အကြာမှာ သေဆုံးပြီဆိုပြီးအကြောင်း ကြားလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
သူဟာ အခုလိုသွားဖို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အသိပေးအကြောင်းကြားခဲ့ပေမယ့် အုန်းတော အမှတ် (၂) ရပ်ကွက်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အုန်းတော အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ဆွေဝင်းကို RFA က ဆက် သွယ်မေးမြန်းတဲ့အခါ သေဆုံးတယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
“တိုင်လို့လည်း သူတို့က အရေးယူမှုမှ မရှိတာ။ ဥပဒေအထက်မှာကိုက သူတို့ကနေတော့ အဆင်မပြေဘူးလေ"
၁၉၇၅ ခုနှစ် မြန်မာနိုင်ငံသားများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောင့်ရေး ဥပဒေအရ နစ်နာသူက သက်ဆိုင်ရာကို အရေးယူဖို့ လျှောက်ထားလို့ရကြောင်း ပြဌာန်းထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူတွေက ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတွေကြောင့် အခုလို စစ်ကြောရေးမှာ သေဆုံးမှုတွေအပေါ် ဥပဒေအရ ဖြေရှင်းမယ့်နေရာ မရှိတော့ဘူးလို့ စစ်ကြောရေးမှာ သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ပြည်သူတွေ ယုံကြည်တဲ့ တရားမျှတမှု အဆုံးအဖြတ်ပေးနိုင်မယ့် နေရာမရှိတော့ဘူးလို့လည်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ မကွေးတိုင်း၊ နှမ်းခါးရွာက ဦးကံထောက်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“တိုင်လို့လည်း သူတို့က အရေးယူမှုမှ မရှိတာ။ ဥပဒေအထက်မှာကိုက သူတို့ကနေတော့ အဆင်မပြေ ဘူးလေ။ မိသားစုဝင်တွေအနေနဲ့ မျှော်လင့်ချက်ကို မထားတာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပါးစပ် ထဲထွက်တဲ့ဟာက ဥပဒေပဲဖြစ်နေတယ်။ မိသားစုဝင်တွေအနေနဲ့ လုံးဝကို အယုံအကြည်မရှိတာ စစ်ကောင်စီကိုရော”
မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေ ကျူးလွန်ဖောက်ဖျက်သူတွေကို ရဲလက်စွဲ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေတွေနဲ့အညီ ဖမ်းဆီးခွင့်ရှိသလို ဖမ်းဆီးခံရသူတွေကို နှိပ်စက်ညှဉ်းပန်းတာတွေ မလုပ်ရအောင် ဥပဒေကတားမြစ်ထား ပါတယ်။ ဒါပေမဲ့ အခုလို စစ်ကြောရေးမှာ သေဆုံးစေတဲ့လုပ်ရပ်တွေဟာ ဘယ်ဥပဒေတွေနဲ့မှ ညီညွတ်မှုမရှိ တာကို ပြသနေတာလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
“စစ်ကြောရေးအဖွဲ့တွေပဲဖြစ်ဖြစ်၊ လုံခြုံရေးအဖွဲ့တွေပဲဖြစ်ဖြစ် ဥပမာအားဖြင့် စစ်တပ်ကပဲဖြစ်ဖြစ် ရဲကပဲဖြစ်ဖြစ်၊ ဒီလိုမျိုးဖမ်းဆီးပြီးတော့ စစ်ကြောရင်းနဲ့ သေဆုံးသွားတဲ့ကိစ္စတွေ၊ ဒါဟာ ဥပဒေနဲ့ ညီညွတ်တာ မဟုတ်ဘူး။ ပြည်တွင်းဥပဒေနဲ့လည်း မညီညွတ်သလို နိုင်ငံတကာဥပဒေနဲ့လည်း မညီ ညွတ်ဘူး။ အဲဒီအတွက်ကတော့ နစက အနေနဲ့ ပြန်လည်ပြီး ထိန်းကွပ်ဖို့ တနည်းအားဖြင့် ပြန်လည်ထိန်း ချုပ်ပြီး ကြီးကြပ်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ သို့သော်လည်း နိုင်ငံရေး အခြေအနေအရ ဥပဒေရေးရာ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့အစည်းတွေအနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ အခြေအနေမပေးဘူးပေါ့”
မြန်မာပြည်သူတွေ လက်ရှိကြုံတွေ့နေရတဲ့ နစ်နာမှုတွေကို တိုင်းတန်းနိုင်ဖို့ ဥပဒေစိုးမိုးရေးဟာ အဓိက လိုအပ်ပြီး ဒီလိုအခြေအနေမျိုးက နောင်တစ်ချိန် ပြည်သူ့အစိုးရတစ်ရပ် တက်လာချိန်မှသာဖြစ်နိုင်မယ် လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးစစ်ဆေး အမှုတည်ဆောက်ပြီးမှသာ ရှေ့နေတွေဘက်က ဥပဒေကြောင်းအရ ရှင်းပြပေးတာ၊ အမှုရင်ဆိုင်တဲ့အချိန် ကူညီဆောင်ရွက်ပေးတာတို့ကိုပဲ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

စစ်ကြောရေးမှာသေဆုံးသူတွေ များလာနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ပြည်သူတွေ အခုလို ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် သေဆုံးခဲ့ရတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ သက်သေအချက် အလက်တွေကို စုဆောင်းနေပြီး စစ်ကောင်စီအပေါ် ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်လာနိုင်ရေး ကြိုးပမ်းသွားမယ်လို့ RFA ကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပြောဆိုထားပါတယ်။
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့ စစ်တပ်က ဖမ်းဆီးပြီးနောက် နာရီပိုင်း၊ ရက်ပိုင်း အတွင်း သေဆုံးခဲ့ရသူတွေကတော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက အသက် ၇၂ နှစ်အရွယ် ဦးကံထောက်၊ အခုနောက်ဆုံး သေဆုံးခဲ့ရတဲ့ မန္တလေးက နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသိန်းထွန်းဦး၊ မကွေးတိုင်း တောင်တွင်းကြီးက ဦးကျော်ကျော်၊ မြင်းခြံမြို့က အသက် ၂၄ နှစ်အရွယ် ကိုစိုးကိုနဲ့ ပဲခူးတိုင်း ဝေါမြို့က အသက် ၆၀ အရွယ် NLD ပါတီဝင် ဦးသန်းအေးတို့ အပါအဝင် စုစုပေါင်း ၅၄ ယောက်ရှိပြီ ဖြစ်ပါတယ်။