အာဏာသိမ်း ၁၁ လအတွင်း စစ်ကောင်စီတပ်ကြောင့် ဓမ္မဆရာ ငါးဦးသေဆုံး

2021.12.27
အာဏာသိမ်း ၁၁ လအတွင်း စစ်ကောင်စီတပ်ကြောင့် ဓမ္မဆရာ ငါးဦးသေဆုံး သေဆုံးသွားတဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဓမ္မဆရာ ဦးကျုံးဗဟုမ်၊ ဦးအွမ်ကီး၊ ဦးငိုင်ကုန်းနဲ့ ဆလိုင်းငွေကြာတို့ကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ်မှာ အာဏာသိမ်း ၁၁ လနီးပါးကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ ခရစ်ယာန် ဓမ္မဆရာ ငါးဦးသတ်ဖြတ်ခံခဲ့ရသလို လေးဦးကတော့ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်း ခံနေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ဟာ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ နဲ့ ထန်တလန်မြို့တွေက ဖြစ်တယ်လို့ ချင်းလူ့အခွင့်ရေး အဖွဲ့ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာပေါ့နော်။ ခရစ်ယာန် ခေါင်းဆောင်တွေပေါ့ Pastor အပါအဝင် ကျွန်တော်တို့ စာရင်းအရ ဆိုလို့ရှိရင် ကိုးယောက်ရှိပြီ။ အဲဒီကိုးယောက်ထဲက ငါးယောက်က အသတ် ခံရတယ်။ ကန်ပလက်၊ မင်းတပ်၊ မတူပီ၊ ထန်တလန် ပြီးတော့ ချင်းပြည်နယ် ပြင်ပမှာရှိတဲ့ မကွေးတိုင်း မှာလည်း အဲလိုမျိုး ကြုံခဲ့ရတာ တွေ ရှိတယ်”

ကန်ပက်လက်မြို့နယ် အုတ်ဖိုကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ခရစ်ယာန်ဓမ္မဆရာ ဦးအွမ်ကီး ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာတော့ ပန်းလေပြေဟိုတယ်အနီးမှာ ဦးအွမ်ကီးရဲ့ သေဆုံးနေတဲ့ အလောင်း ကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

ဦးခေါင်း ကျည်ဆံဒဏ်ရာ၊ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ အဲဒါသူတို့ ဖမ်းသွားတာကတော့ သိတယ်။ ဖမ်းသွားပြီမှ နောက်နေ့ လမ်းဘေးမှာပေါ့နော်။ ပန်းလေပြေဟိုတယ် ဘေးနားမှာ အလောင်းကိုပဲ ပြန်တွေ့တယ်။ CDF ရဲဘော်တွေက အဲဒီပါစတာရဲ့ အလောင်းကို မြေမြှုပ်ပေးထားတယ်။ အူတွေပေါက်တယ်။ ခေါင်းမှာလည်း ဒဏ်ရာ အကြီးရထားတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင် ကျေးရွာက ခရစ်ယာန် ဓမ္မဆရာ ဆလိုင်းငွေကြာကို စေတုတ္တရာအခြေစိုက် ကပစ (၂၀) တပ်က PDF လို့စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင် ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၉ ရက် နေ့မှာတော့ စစ်ကြောရေးကရရှိလာတဲ့ ဒဏ်ရာတွေကြောင့် မကွေး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မတူပီမြို့နယ် ငလိုင်ကျေးရွာက ဓမ္မဆရာ ဦးငိုင်ကုန်း ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အချိန် နှစ်လလောက်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့မှာမှ ဦးငိုင်ကုန်း သေဆုံးသွားတဲ့အကြောင်း မိသားစုထံကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီး ချစ်ကြည် ရင်းနှီးအောင် တည်ဆောက် နေတယ်"

စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ထန်တလန်မြို့မှာ စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး နောက် မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြှိမ်းဖို့ထွက်လာတဲ့ ခရစ်ယာန်ဓမ္မဆရာ ကျူံးဗျက်ဟုမ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးတဲ့ ဓမ္မဆရာတစ်ဦးမှ မရှိဘူးလို့ငြင်းဆိုပါတယ်။

“စစ်ကြောရေးမှာ သေဆုံးတာ တစ်ယောက်မှ မရှိပါဘူးဗျာ။ ချင်းခရစ်ယာန် ဆရာတစ်ဦးနဲ့ ပတ်သက်ပြီး တော့ ကျွန်တော်တို့လည်း သတင်းထုတ်ပြီး ဖြစ်ပါတယ်။ တပ်ကလုပ်လို့ သေဆုံးသွားတဲ့ပုံစံမျိုး ပြောကြတာရှိတယ်။ နှစ်ဖက်ပစ်ခတ်မှုကြားမှာ သေဆုံးသွားတာ ရှိတယ်။ ထန်တလန်လို နေရာမျိုးမှာ ဆိုရင် တပ်က သူ့စခန်းမှာသူပဲ နေတယ်။ မြို့ထဲ လှည့်ကင်းသွားရင်တောင်မှ အစုအဖွဲ့နဲ့ သွားတယ်။ အဲဒီမှာ ပစ်ခတ်တယ်။ ပစ်ခတ်တဲ့နေရာမှာ ခရစ်ယာန်ဆရာတစ်ဦးက လာတယ်။ လာပြီးတော့ ကြည့်တဲ့ အချိန်မှာ ဘယ်သူ့ကြောင့်မို့လို့ သေဆုံးသွားတယ် ဆိုတာ ကျွန်တော်တို့မသိရဘူး။ သင်္ဂြိုဟ်ပြီးလည်း ဖြစ်ပါတယ်။ သင်္ဂြိုဟ်ပြီးတဲ့ အချိန်မှာ လက်စွပ်ကို ဖြတ်ယူ သွားတယ်ဆိုတဲ့ ဟာမျိုးပြောတယ်။ ကျွန်တော်တို့ သက်သေ အထောက်အထားနဲ့ ပြလို့ရတယ်။ ဘာမှလည်း လုပ်တာမရှိဘူး။ သင်္ဂြိုဟ်တဲ့ လူတွေလည်း အသင်းတော်က လူတွေကိုယ်တိုင် သင်္ဂြိုဟ်တာပဲ။ ဒါတွေကတော့ စွပ်စွဲချက်တွေကတော့ ရှိနေမှာပါပဲ။ ကျွန်တော်တို့ကတော့ ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီး ချစ်ကြည် ရင်းနှီးအောင် တည်ဆောက် နေတယ်”

chin church
(ချင်းပြည်နယ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံကို တွေ့ရစဉ်) Photo: CJ

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ငွန်ထောင်မန်ကတော့ ဘာသာရေးဆရာတွေ အသတ်ခံရတဲ့ကိစ္စကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“အဲတာမျိုးတော့ လုံးဝမဖြစ်သင့်ဘူး။ ဘာသာရေးကို စော်ကားသလို လူမျိုးရေးကိုလည်း ပဋိပက္ခဖြစ်စေတဲ့ အရာဖြစ်ပါတယ်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ဘာသာရေးဆိုတာ အပြန်အလှန် အသိအမှတ်ပြုရမယ် လေးစား ရမယ်။ နောက် ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာ ဥပဒေ စည်းကမ်းချက်တွေလည်း လိုက်နာရမယ် ဆိုတာက ကျွန်တော်တို့ရဲ့အမြင်ဖြစ်ပါတယ်”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ချင်းဒေသ ကာကွယ်ရေးအဖွဲ့ CDF တွေနဲ့ ပတ်သက်လို့ စစ်ဆင်ရေး ဆောင်ရွက်ရင်း ချင်းခရစ်ယာန် ဘုရားကျောင်းတွေမှာ တပ်စခန်းချပြီး ဘာသာရေး ပစ္စည်းတွေကို ဖျက်ဆီးတာ၊ လက်နက်ကြီးတွေကြောင့် ဘာသာရေး အဆောက်အအုံတွေ ပျက်စီးတာ၊ အချို့ရွာတွေမှာ ဘုရားကျောင်းကိုပါ မီးရှို့ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း ၁၁ လနီးပါးကာလအတွင်း ချင်းပြည်နယ်မှာ ခရစ်ယာန် ဘုရားကျောင်းပေါင်း ၃၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။