စစ်အာဏာသိမ်း ခုနစ်လအတွင်း အဂတိမှုနဲ့ တရားစွဲခံရသူ NLD အစိုးရအဖွဲ့ဝင် ၄၅ ဦးရှိ
2021.08.30

RFA ကနေ သီးသန့်ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဩဂုတ်လ ၃၀ ရက် ဒီကနေ့ထိ ခုနစ်လနီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အချို့ အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ NLD အစိုးရအဖွဲ့ဝင် စုစုပေါင်း ၄၅ ယောက်ထိ ရှိလာနေပါပြီ။
အဂတိမှုနဲ့ တရားစွဲခံထားရသူတွေထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ငါးယောက် အပါအဝင် စုစုပေါင်း NLD ထိပ်တန်း ခေါင်းဆောင် ကိုးယောက်၊ ဗဟိုအလုပ်အမှုဆောင် မဟုတ်တဲ့ နောက်ထပ် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် နှစ်ယောက်၊ ပြည်ထောင်စုဝန်ကြီးအဆင့် နှစ်ယောက်၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ၂၅ ယောက်နဲ့ အခြားအဆင့် ခြောက်ယောက် စုစုပေါင်း ၄၅ ယောက် ဖြစ်ပါတယ်။
အဂတိမှုနဲ့ တရားစွဲခံထားရသူတွေထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ငါးယောက် အပါအဝင် စုစုပေါင်း NLD ထိပ်တန်း ခေါင်းဆောင် ကိုးယောက်၊ ဗဟိုအလုပ်အမှုဆောင် မဟုတ်တဲ့ နောက်ထပ် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် နှစ်ယောက်၊ ပြည်ထောင်စုဝန်ကြီးအဆင့် နှစ်ယောက်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ၂၅ ယောက်နဲ့ အခြားအဆင့် ခြောက်ယောက် စုစုပေါင်း ၄၅ ယောက် ဖြစ်ပါတယ်။
အဂတိမှုနဲ့ တရားစွဲခံရတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားလူသိများ ထင်ရှားသူတွေကတော့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ တို့ပဲဖြစ်ပါတယ်။
NLD အစိုးရကိုယ်တိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဖိဖိစီးစီး ဆောင်ရွက်ခဲ့တဲ့ အစိုးရဖြစ်တာကြောင့် NLD ခေါင်းဆောင်တွေကို အခုလို အဂတိမှုနဲ့ တရားစွဲတာဟာ ယုတ္တိမရှိဘူးလို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ရဲ့ဇနီး ဒေါ်ခြူးခြူး က ပြောပါတယ်။
"အဂတိကို မကြိုက်လို့တောင်မှ ဒီအဂတိတိုက်ဖျက်ရေးဆိုတာ ဘယ်တုန်းက စပေါ်တာလည်းဆိုတာ နည်းနည်း စဉ်းစားကြည့်လေ။ အဂတိ မလုပ်ရအောင်ကို အန်တီတို့ ထိန်းလာတဲ့အလုပ်၊ ဒီအလုပ် အန်တီတို့ ဒီ NLD အစိုးရ အနေနဲ့က အမုန်းဆုံးအလုပ်ပဲ။ အဲဒါကို ကိုယ်ကိုယ်တိုင်က ချိုးဖောက်မလား။ အခုကတော့ သူတို့စွဲချင်သလို စွဲနေတာပါ။ အန်တီတို့ကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်လေ။ ကိုယ့်ဟာကိုယ်လည်း ယုံကြည်မှုရှိတယ်။ အန်တီတို့ အဂတိလိုက်စားထားတာ ဘာတစ်ခုမှ မရှိဘူး"
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ရဲ့ဇနီး ဒေါ်နန်းရွှေမြင့် ကလည်း တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အားလုံးနီးပါး အခုလို အဂတိမှုနဲ့ တရားစွဲခံရတာဟာ မယုံနိုင်စရာပဲလို့ ဆိုပါတယ်။
"အဂတိမှုနဲ့ စွဲဆိုခံရတာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဘယ်လိုမှ သုံးသပ်လို့ မရဘူးလေ။ သူတို့ လုပ်ချင်တာကိုး။ သူတို့ပြောနေတဲ့ အဂတိနဲ့ပတ်သက်လို့ အခုစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ဘာမှကို မကျူးလွန်ဘူးလို့ ယုံကြည်ပါတယ်။ ခိုင်ခိုင်မာမာကို ယုံကြည်တယ်လေ။ သူတို့ရဲ့ လိုရာဆွဲပြီးတော့ လုပ်နေတဲ့အရာတွေကိုလည်း ဘာမှ မပြောလိုပါဘူး"
အဂတိမှုနဲ့ တရားစွဲခံထားရသူ ပြည်ထောင်စုဝန်ကြီး နှစ်ဦးကတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးအနက် သူရဦးအောင်ကိုက စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံထားရပြီး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ရန်ကုန်တိုင်း လှုမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲ ခံထားရပါတယ်။
NLD အစိုးရလက်ထက်မှာ လုပ်ထုံးလုပ်နည်းနဲအညီ မလုပ်ခဲ့သလို၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့တာတွေကြောင့် နိုင်ငံတော်ရဲ့ငွေကြေး၊ ပစ္စည်းဥစ္စာ များစွာ ထိခိုက် နစ်နာရတယ်လို့ အကြောင်းပြပြီး စစ်ကောင်စီက သူတို့ကို အခုလို အဂတိမှုနဲ့ တရားစွဲထားတာပါ။
"နှစ်ရှည်ထောင်ဒဏ်ချဖို့ အဂတိပုဒ်မတွေနဲ့ တရားစွဲဆိုတာကတော့ စစ်ကောင်စီက အာဏာ ဆက်လက်တည်မြဲရေးအတွက် လုပ်ဆောင်တာပါပဲ"
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အရင်အစိုးရလက်ထက်မှာ ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကနေ စိစစ် ဆောင်ရွက်နေတယ်လို့ သြဂုတ်လ ၂၃ ရက် နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောထားပါတယ်။
နိုင်ငံရေးအားပြိုင်မှု ပြင်းထန်နေချိန်မှာ အဂတိမှုနဲ့ တရားစွဲတာဟာ သူတို့ရဲ့ နာမည်ဂုဏ်သတင်းကျော်ဇောမှု ကျဆင်းအောင် ပြုလုပ်တာဖြစ်တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။
“များသောအားဖြင့် ဒီလိုမျိုး နိုင်ငံရေးရာထူး ရယူထားတဲ့သူတွေကို အဂတိလိုက်စားမှုနဲ့ စွဲတယ်ဆိုတာ ကတော့ အဓိကအားဖြင့် တစ်အချက် နိုင်ငံရေးအားပြိုင်မှု ပြင်းထန်နေတဲ့အချိန်မှာ နာမည်ဂုဏ်သတင်း ကျော်ဇောမှု ကျဆင်းသွားအောင် နောက်တစ်ခါ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့အချိန်မှာ တစ်ဘက်ကို ဖိဖိစီးစီး ဖိနှိပ်ထားနိုင်အောင် ဒါတော့ အဓိကရည်ရွယ်ပြီး ဒီလိုလုပ်ကြတဲ့ သဘောတွေတော့ အဲဒီသဘာဝတွေတော့ ကျနော်တို့ တွေ့ပါတယ်။ မှန်ကန်မှု ရှိ၊ မရှိဆိုတာကတော့ တရားရုံးတရားခွင်မှာ နှစ်ဖက် တွေ့ဆုံ ရှင်းလင်းပြီးတော့ စစ်ဆေးတော့မှပဲ ပေါ်ပေါက်လာမယ့်အနေအထား ဖြစ်ပါတယ်”
အခုတရားစွဲထားတဲ့ အမှုတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ (၅၅) နဲ့ အများဆုံး အရေးယူထားတာ တွေ့ရပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၆ နဲ့ ပုဒ်မ - ၅၅၊ ၆၃ တို့နဲ့ အရေးယူထားတဲ့ အမှုတချို့လည်း ရှိနေပါတယ်။
ဥပဒေပုဒ်မ - ၅၅ အရ ရာထူးလက်ရှိဖြစ်သူ ဒါမှမဟုတ် ရာထူးရယူခဲ့တုန်းက အဂတိလိုက်စားမှု ကျူးလွန်တယ် လို့ ပြစ်မှုထင်ရှားရင် (၁၅) နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီးမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရ အဖွဲ့ဝင်တွေကို နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ရဲ့မောင်ဖြစ်သူ ဦးစောသန်းထွဋ် ယူဆပါတယ်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ NLD အစိုးရ အဖွဲ့ဝင်တွေကို နှစ်ရှည်ထောင်ဒဏ်ချဖို့ အဂတိပုဒ်မတွေနဲ့ တရားစွဲဆိုတာကတော့ စစ်ကောင်စီက အာဏာ ဆက်လက်တည်မြဲရေးအတွက် လုပ်ဆောင်တာပါပဲ။ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ခေါင်းဆောင်ကြီးကလည်း ဒါမျိုး အင်မတန်ကင်းရှင်းတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့ဝင်တွေကလည်း ဒါကို အဓိကထားပြီးတော့ကို ကျနော်တို့က ကင်းကင်းရှင်းရှင်း ဆောင်ရွက်ခဲ့တဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလို ဆောင်ရွက်ခြင်းဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် တစ်ဖက်သတ် ဆောင်ရွက်တယ်လို့ပဲ ကျနော် အဲဒီ သဘောထားရှိပါတယ်"
အခုပြောခဲ့တဲ့ NLD အစိုးရလက်ထက် နိုင်ငံရေးထိပ်တန်း တာဝန်ယူခဲ့သူတွေကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ စာရင်းဟာ RFA က လက်လှမ်းမှီသလောက် သီးခြား ပြုစုထားတဲ့ စာရင်းပဲဖြစ်ပြီး လက်တွေ့ ဖမ်းဆီးတရားစွဲထောင်ချခံရတဲ့အရေအတွက်ဟာ ဒီထက် ပိုများနိုင်ပါတယ်။