ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီဝင်တွေကိုပါ လုံခြုံရေးယူခိုင်းဖို့ စစ်ကောင်စီ စီစဥ်နေ

RFA Burmese
2024.12.26
ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီဝင်တွေကိုပါ လုံခြုံရေးယူခိုင်းဖို့ စစ်ကောင်စီ စီစဥ်နေ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။
AFP

စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့မှာပါဝင်ပြီး ရွေးကောက်ပွဲ လုံခြုံရေးဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ နိုင်ငံရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတွေ ဒီဇင်ဘာ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က တွေ့ဆုံချိန်မှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောခဲ့တာလို့ ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ NSPNC ဥက္ကဋ္ဌတာဝန်အပြင် စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ မျိုးဆက်သွေးက ဒီပြောဆိုမှုအပေါ် ပါတီရဲ့သဘောထားကို လတ်တလော ထုတ်ပြောလို့မရသေးဘူးလို့ RFA ကို ပြောပါတယ်။

“တစ်ဖက်ကလည်း ရွေးကောက်ပွဲသည် အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးစီးသွားဖို့ လိုတဲ့အတွက် နိုင်ငံတော်က အပြည့်အဝ တာဝန်မယူနိုင်တဲ့အခါမှာ နိုင်ငံရေးပါတီတွေအနေနဲ့ တစ်စိတ်တစ်ဒေသ တာဝန်ရှိတယ်ဆိုတာ မှန်တယ်။ သို့သော်လည်း တစ်ဖက်ကလည်း ဒီလုံခြုံရေးတာဝန် ယူတဲ့အခါမှာ အခွင့်ကောင်းယူပြီးတော့မှ မသမာမှု၊ မမျှတမှု မဖြစ်အောင် လုပ်ရဖို့လည်း မှန်တယ်ဆိုတော့ ဒါကျွန်တော်တို့ပါတီရဲ့ ရပ်တည်ချက်ကိုတော့ ကျွန်တော် ဒီအချိန်မှာ မဖြေနိုင်သေးဘူးပေါ့နော်”

ပါတီဝင်တွေ ရွေးကောက်ပွဲ လုံခြုံရေး ဆောင်ရွက်တဲ့အခါ လက်နက်ပါဝင်မလား မပါဝင်မလား ဆိုတာတော့ အတိအကျ ထည့်မပြောသွားဘူးလို့ ဆိုပါတယ်။

“ရွေးကောက်ပွဲလုံခြုံရေး ဆောင်ရွက်မဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေကို လိုအပ်သလို လက်နက် တပ်ဆင်ပေးလာနိုင်ပါတယ်”

စစ်ကောင်စီဟာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ၂၀၂၄ ခုနှစ် သြဂုတ် ၁၆ ရက်မှာ ဖွဲ့စည်းခဲ့တယ်လို့ အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့တာပါ။

အဲဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန် ငါးချက်ထဲမှာ လက်နက်ကိစ္စနဲ့ စစ်ရေးကိစ္စတွေ ပါဝင်သလို ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့် အဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ လက်နက် တပ်ဆင်ခြင်းကို ကြီးကြပ်ကွပ်ကဲရမယ်လို့လည်း ပါရှိပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဥ်။ (UEC Photo)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဥ်။ (UEC Photo)

ဒါ့အပြင် ဆင်နွှဲနေတဲ့တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့လက်နက်နဲ့ စစ်ပစ္စည်းတွေ တပ်ဆင်ပေးခြင်း၊ ထိရောက်စွာ တိုက်ပွဲဝင်နိုင်ရေး အခြေအနေနဲ့ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးခြင်း စတာတွေလည်း ပါဝင်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသူတစ်ဦးကတော့ ရွေးကောက်ပွဲလုံခြုံရေး ဆောင်ရွက်မဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေကို လိုအပ်သလို လက်နက် တပ်ဆင်ပေးလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ပြဋ္ဌာန်းထားတယ် ဆိုလို့ရှိရင်တော့ သူတို့ပါးစပ်ထဲမှာ ရှိတဲ့ဟာမျိုးပေါ့။ တကယ်လို့ အခြေအနေပေးလို့ရှိရင် သူကပြောရရင် ဒီလိုအဖွဲ့တွေကို လက်နက် ထုတ်ပေးမဲ့သဘောပေါ့။ ဘာလို့ဆို သူ့ရဲ့ ပြဋ္ဌာန်းထားတဲ့ အခြေအနေအရလည်း ခုနကပြောတဲ့ ဒီဟာမျိုးရှိတဲ့အတွက် သူတို့ လိုသလို သုံးမဲ့သဘောပါပဲ”


ဆက်နွှယ်သောသတင်းများ

ရွေးကောက်ပွဲကို ရုရှား ကူညီမယ်လို့ စစ်ကောင်စီ ပြော

သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာဆီယံလိုလား

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆက်လက်ဆန့်ကျင်မည်ဖြစ်ကြောင်း NUG နဲ့ NUCC ထုတ်ပြန်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေက လုံခြုံရေးဆောင်ရွက်ပြီး လက်နက်ကိုင်မယ်ဆိုရင် မဲပေးမဲ့ပြည်သူတွေအတွက် လွတ်လပ်လုံခြုံမှု ရှိမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေက လုံခြုံရေးဆောင်ရွက်မယ်။ လက်နက်ကိုင်ဆောင်ထားမယ်ဆိုတော့ မဲပေးမဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုမှ လွပ်လပ်လုံခြုံတဲ့စိတ် ရှိမှာမဟုတ်ပါဘူး”

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်း ဦးကျော်ထွေးက ဆိုပါတယ်။

“ပါတီဝင်တွေကိုယ်တိုင် လုံခြုံရေး ဆောင်ရွက်တာဟာ ရွေးကောက်ပွဲရဲ့အဓိပ္ပာယ်ကို ပျက်ပြားစေပါတယ်”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကတော့ ပါတီဝင်တွေ လက်နက်ကိုင်ပြီး လုံခြုံရေးယူမဲ့အပေါ် ကန့်ကွက်တယ်လို့ RFA ကို ပြောပါတယ်။

“ပါတီထောင်တာ မဲပုံးနဲ့ မဲကတ်ပြားနဲ့ပဲ ပစ်မှာ၊ ကျည်ဆံနဲ့ပစ်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့ မဲကတ်ပြားနဲ့ပစ်ဖို့ ဒီလူဦးရေရဲ့ လူတစ်ကိုယ် ဆန္ဒမဲတစ်ခုက မဲကတ်ပြားနဲ့ပစ်ပြီး အစိုးရတစ်ခုကိုချိန်းဖို့ပဲ ကျွန်တော်တို့က ဒါကို ကျွန်တော်တို့ နဂိုကတည်းကိုက ရည်ရွယ်ထားတာလေ မဟုတ်ဘူးလား”

ရွေးကောက်ပွဲဟာ ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်ဖို့ဖြစ်တာမို့ အခုလို ပါတီဝင်တွေကိုယ်တိုင် လုံခြုံရေး ဆောင်ရွက်တာဟာ ရွေးကောက်ပွဲရဲ့အဓိပ္ပာယ်ကို ပျက်ပြားစေတယ်လို့လည်း ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ တိုင်းပြည်ရဲ့အခြေအနေအရ ရွေးကောက်ပွဲမှာ လုံခြုံရေးက အရေးကြီးတယ်လို့ RFA ကို ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတစ်ဦးကတော့ လုံခြုံရေးကိုအကြောင်းပြပြီး ပြည်သူတွေကို မဲမပေးဘဲ မနေရဲအောင် ခြိမ်းခြောက်တာလို့ RFA ကို ပြောပါတယ်။

“ဒီစစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲက ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးဆိုတာတော့ အားလုံးက သိထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ အခုကတော့ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ဆိုးလာတယ်။ ပိုပြီးတော့မှ ခြိမ်းခြောက်မှုတွေ လုပ်လာတယ်”

၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမှာ NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ၉၆ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် ၉၇ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပေမဲ့ မဲသမာမှုရှိတယ်လို့ စစ်တပ်ကစွပ်စွဲပြီး အာဏာသိမ်းခဲ့တာပါ။

အာဏာသိမ်း လေးနှစ်နီးပါးအကြာ တစ်နိုင်ငံလုံး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကပဲ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီဘက်က စီစဥ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။