စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မှတ်ပုံပြန်တင်တဲ့ ပါတီ ၁၉ ခုရှိလာ

RFA Burmese
2023.03.13
စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မှတ်ပုံပြန်တင်တဲ့ ပါတီ ၁၉ ခုရှိလာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေးအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီဟာ အရင်ထပ်ပိုတင်းကျပ်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပြဋ္ဌာန်းခဲ့ပြီးနောက် မတ်လ ၁၃ ရက်အထိ ပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေး ပါတီ ၁၉ ပါတီအထိရှိပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီနဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမှာဖြစ်ပြီး ကျန်တဲ့ ၁၄ ပါတီကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုတည်းမှာပဲ စည်းရုံးမှာပါ။

“ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အရပ်သား အစိုးရဖြစ်လာမှာပေါ့"

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ဦးဆောင်သူဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီများအစုအဖွဲ့၊ အလုပ်အဖွဲ့ခေါင်းဆောင် တာဝန်ယူသူ စိုင်းအိုက်ပေါင်းဖြစ်ပါတယ်။ အဲဒီပါတီဟာ အရင်ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ အမည်ပြောင်းထားတာပါ။

ရွေးကောက်ပွဲမလုပ်ရင် စစ်ကောင်စီကို ဆက်ပြီးအုပ်ချုပ်ဆိုတဲ့သဘောမျိုး သက်ရောက် နေလို့ ရွေးကောက်ပွဲ လုပ်ရမယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အရပ်သား အစိုးရဖြစ်လာမှာပေါ့။ ရွေးကောက်ပွဲ မလုပ်ဘူးဆိုလို့ရှိရင် တပ်မတော်ကို ဆက်ပြီးအုပ်ချုပ်ပါဆိုတဲ့ သဘောမျိုးသက်ရောက်သွားတာပေါ့။ ရွေးကောက်ပွဲက မလုပ်လို့မရဘူး။ ကျနော်တို့က ဒီမိုကရေစီသွားချင်တယ်ဆိုတော့ ရွေးကောက်ပွဲက ဖြတ်သန်းရမယ့်နည်းလမ်း တစ်ခုပဲလေ၊ တံခါးပေါက်တစ်ခုပဲလေနော်”

အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေအမည်ပြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီကလည်း တစ်နိုင်ငံလုံးမှာစည်းရုံးရေး လုပ်ဖို့ ပြင်ဆင်နေပါတယ်။

သူတို့ပါတီက ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းလို့ သတ်မှတ်ထားတာကြောင့် ရွေးကောက်ပွဲဝင်တာလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ နိုင်ငံရေးကော်မတီ တာဝန်ခံ ဦးခင်မောင်သိန်းက ပြောပါတယ်။

“ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ စနစ်ကိုကျင့်သုံးတာပဲလေ။ ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ထုတ်ဖို့ အဲဒါနဲ့ပဲ သွားလို့ရတယ်လို့ ထင်တယ်။ ပါတီကတော့ ဘယ်သူဦးဆောင်ပြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမို့လို့ ရွေးကောက်ပွဲ မဝင်ဘူးဆိုတာ တစ်ကြိမ်မှမရှိခဲ့ဘူး။ နိုင်ငံရေးပါတီဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို မျှော်လင့်တယ်။ အားထားတယ်။ ရွေးကောက်ပွဲသည်သာလျင် ဒီမိုကရေစီကျနိုင်တယ်”

စစ်‌ကောင်စီလက်အောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကလည်း တစ်နိုင်ငံလုံး ရွေးကောက်ပွဲဝင်ဖို့ မကြာခင်မှတ်ပုံတင်တော့မှာပါ။

ပြည်သူတွေရဲ့ လူမှုဘဝမြှင့်တင်ဖို့ ရွေးကောက်ပွဲဝင်မယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက RFA ကို ပြောပါတယ်။

“ပြည်သူတွေရဲ့ လူမှုဘဝကိုမြှင့်တင်ပေးချင်လို့ပေါ့။ ကျနော်တို့မှာ လုပ်ပိုင်ခွင့်ရှိမှ၊ ပြောပိုင်ခွင့်ရှိမှ လူထုဘဝကို မြှင့်တင်နိုင်မှာ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမှာရော အထိုက်အလျောက်ပါဝင်ခွင့်ရမှ ကျနော်တို့ပါတီ တည်ထောင်ရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူလူထုဘဝ မြှင့်တင်ဖို့ဆိုတာဖြစ်နိုင်မှာ။ အဲဒီအတွက် ရွေးကောက်ပွဲ ဝင်တာပါ”

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ပါတီတွေဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ပါတီတွေသာများတယ်လို့ ထောက်ပြကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ ဟန်ပြသာဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်ဘူးလို့ပြောကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ သူတို့ရဲ့ပုဂ္ဂလိက အကျိုးစီးပွားအတွက်ဖြစ်ပြီး ပြည်သူတွေရဲ့လိုအပ်ချက်ကို လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“သူတို့ပါတီတွေ လုပ်ပိုင်ခွင့်ရမယ်။ ဒီလိုလုပ်ပိုင်ခွင့် တစ်စုံတစ်ရာအပေါ်မှာ မျှော်မှန်းပြီးတော့ ရွေးကောက်ပွဲ ဝင်ကြတာဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးနဲ့ ပတ်သက်တဲ့ကိစ္စမှာ ပြည်သူတွေရဲ့လိုလားချက်ကို ဖော်ပြဖို့အတွက် ပါဝင်လှုပ်ရှားတဲ့ နိုင်ငံရေးပါတီတွေ မဟုတ်ကြပါဘူး။ အဲဒီလိုကြောင့်လည်း မှတ်ပုံတင်ခွင့်ရတယ်လို့ ကျနော် သုံးသပ်ပါတယ်ခင်ဗျ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် နေရာအများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်ကောင်စီကနောက်တစ်ကြိမ် ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ကြိုးစားတာဟာ တရားမျှတမှုမရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒါပေမဲ့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ပါတီတွေကတော့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ရွေးကောက်ပွဲ နည်းလမ်းကပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တာ တရားမျှတမှု ရှိ၊ မရှိကို အခုရွေးကောက်ပွဲ ပြန်ကျင်းပချိန် မဲလာပေးတဲ့ ပြည်သူအရေအတွက်က သက်သေပြလိမ့်မယ်လို့ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်တဲ့အခါ ပြည်သူတွေမဲပေးတဲ့ အပေါ်မူတည်ပါတယ်။ ပြည်သူတွေကမဲပေးလို့ အရင်အတိုင်း ရလဒ်မပြောင်းလဲတဲ့ ရွေးကောက်ပွဲ ပြန်ဖြစ်တယ်ဆိုရင်တော့ ဒါအဖြေပဲပေါ့လေ။ ရွေးကောက်ပွဲလုပ်နေတဲ့ အချိန်မှာပဲ ထင်ထင်ရှားရှား မြင်ရမှာပါပဲ”

ဝန်ကြီးချုပ် ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုရဲ့ ဒီမိုကရက်တစ်ပါတီဟာ အရင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမည်နဲ့ တစ်နိုင်ငံလုံးနီးပါး ဝင်ပြိုင်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာတော့ ရန်ကုန်တိုင်းမှာပဲ ဝင်ပြိုင်တော့မှာပါ။

ဒါ့အပြင် မကြာသေးခင်ကမှ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဦးသိန်းညွှန့်ရဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ်လည်း ပါတီမှတ်ပုံပြန်တင်ထားပါတယ်။

ကချင်မှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်မှာ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ကရင်မှာ ဖလုံစဝေါ်ဒီမိုကရက်တစ် ပါတီ၊ ရှမ်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ ရွေးကောက်ပွဲဝင်မှာပါ။

ပြည်သူ့အင်အားပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ် အင်အားစု လေဘာပါတီနဲ့ ဝံသာနုပါတီတို့ကတော့ တိုင်းနဲ့ပြည်နယ် တစ်ခုတည်းမှာပဲ ရွေးကောက်ပွဲဝင်မှာပါ။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့ဟာ အကျိုးစီးပွားအတွက် နိုင်ငံရေး အရနေရာရဖို့နဲ့ တချို့ကတော့ တရားဝင်ရပ်တည်ဖို့သာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွှတ်တော်နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့သည် နဂိုကတည်းက နိုင်ငံရေးဝန်းကျင်မှာ သူတို့နေရာတစ်ခုရနိုင်မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ရွေးကောက်ပွဲ ဝင်ကြတယ်။ နောက်တစ်စုကတော့ သူတို့ရဲ့နိုင်ငံရေး နေရာကို သူတို့ရချင်တယ်။ အဲဒီအခါကျတော့ ပါတီထောင်မှ ရမယ်ဆိုတဲ့ သူတို့ရဲ့ ယူဆချက်ပေါ့လေ၊ နိုင်ငံရေးပါတီအနေနဲ့ မဖြစ်မနေရပ်တည်ဖို့လိုတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို မဖြစ်မနေပါရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်မြင်တယ်”

တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအများစုကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လက်မခံသလို လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကလည်း အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်မယ်လို့ ပြောဆိုထားပါတယ်။

အလားတူ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဆန္ဒမဲလာထည့်သူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဆန္ဒမဲလာထည့်သူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ ရွေးကောက်ပွဲဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာ ရောက်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီက တရားမဝင်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပေါ့။ အဲဒီကိစ္စအပေါ်မှာလည်း သဘောတူစရာမရှိဘူး။ နိုင်ငံရေးပါတီတွေက နေပြီးတော့ ဒီအပေါ်မှာ သွားပြီးတော့ မှတ်ပုံတင်မယ်ဆိုတာ ကျနော့်အနေနဲ့ကတော့ မှတ်ပုံမတင်စေချင်ပါဘူး။ စကစရဲ့ တရားဝင်ဖြစ်မှုကို အသိအမှတ်ပြုရာ ရောက်မှာ ဖြစ်တဲ့အတွက် အသိအမှတ်မပြုစေချင်ပါဘူး”

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ -၂၅ မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် မှတ်ပုံပြန်တင်မယ့် နိုင်ငံရေးပါတီတွေဟာ ၂၀၂၃ ခုနှစ်၊ မတ်လနောက်ဆုံးထား မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကတော့ ဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဥပဒေသစ်မှာ ထည့်သွင်းထားပါတယ်။

အာဏာမသိမ်းခင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁၀၀ နီးပါး ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ဘယ်အချိန် ရွေးကောက်ပွဲလုပ်မလဲဆိုတာ အတိအလင်း ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။