၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်အောင် လုပ်ဆောင်နိုင်ပါ့မလား

ဝေမာထွန်း
2020.06.22

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကတည်းက အများသိရှိအောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်ဟာ လက်ရှိ ၂၀၂၀ နှစ်ဝက်တာကာလမှာ ဘယ်လိုအခြေအနေကို ရောက်နေပါပြီလဲ။

တပ်မတော်က ၂၀၂၀ ပြည့်နှစ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ရည်မှန်းခဲ့ပေမယ့် ၂၀၂၀ နှစ်လယ်ပိုင်း၊ လက်ရှိအချိန်အထိ အရင်လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ကလွဲပြီး နောက်ထပ် လက်မှတ်ရေးထိုးလာတဲ့အဖွဲ့တွေ မရှိလာသေးပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရနဲ့ တပ်မတော်က မျှော်မှန်းထားသလောက် မဖြစ်ခဲ့ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း RFA ကို ထုတ်ဖော်ပြောပါတယ်။

“၂၀၂၀ ပြည့်နှစ်မှာ NCA လက်မှတ်ကို အားလုံးထိုးနိုင်ဖို့ ရည်မှန်းပြီး ကျွန်တော်တို့က လုပ်နေတာဖြစ်တယ်။ သို့သော် NCA လက်မှတ်ထိုးခြင်း၊ မထိုးခြင်းကတော့ လက်ခုပ်ကတော့ တစ်ဖက်တည်းတီးလို့ မြည်တာမဟုတ် ဘူးပေါ့။ နှစ်ဖက်တီးမှ မြည်တာပေါ့။ NRPC မှာလုပ်နေတဲ့သူတွေကလည်း ပြောပြီးဖြစ်လို့ ထပ်ပြီးပြောစရာ မရှိဘူး။ ခြုံငုံပြောရမယ်ဆိုရင် NRPC ဘက်က မျှော်မှန်းထားသလောက်တော့ ဖြစ်ခဲ့တာမရှိဘူးလို့တော့ ပြောရမှာ ဖြစ်ပါတယ်”

၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းကစလို့ လက်ရှိအချိန်အထိ ဒီကြားကာလထဲမှာ မြောက်ပိုင်း အဖွဲ့တွေဖြစ်တဲ့ KIA၊ AA၊ MNDAA၊ TNLA နဲ့ တပ်မတော်ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းခဲ့တာရှိပေမယ့် ဆွေးနွေးပွဲနေရာ သတ်မှတ်တာကစလို့ နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကြပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ KIO နဲ့ အစိုးရတပ်မတော်တို့ကြား အပစ်ရပ်လက်မှတ် ရေးထိုးတော့ မယ်ဆိုတဲ့ သတင်းမျိုးတွေထွက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ လက်မှတ်ရေးထိုးမှု မဖြစ်သေးပါဘူး။

တပ်မတော်က မူဝါဒတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမပြောင်းလဲမချင်း ငြိမ်းချမ်းရေးက ရလာနိုင်မှာ မဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

“KIO ရဲ့ သဘောထားကိုတော့ ကျွန်တော် ပြောလို့မရဘူး။ တပ်မတော်က အပြောင်းအလဲတွေရှိပြီးမှ ဆောင်ရွက်လာတယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခုပုံစံအတိုင်းပဲ သွားမယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူးလို့ ပြောလိုပါတယ်။ စစ်တပ်က မူဝါဒတွေကို ကိုင်စွဲတဲ့ဟာတွေမှာ တကယ့်ဗမာလူမျိုးကြီး ဝါဒနဲ့ကိုင်စွဲနေတာ။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲမယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးကတော့ ရလာနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော် ပြောလိုခြင်းဖြစ်ပါတယ်”


မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေမှု နောက်ဆုံးအနေအထားကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလ ၁၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထုတ်ဖော်ပြောခဲ့ပါတယ်။

“သူတို့ဘက်က ပြန်ကြားလာတာက ကိုဗစ် ၁၉ ကြောင့် ကန့်သတ်ချက်တွေ မရှိတော့တဲ့ အချိန်မှ သွားလို့၊ လာလို့ အဆင်ပြေမယ်ဆိုတဲ့ တုံ့ပြန်ချက်ရပါတယ်။ ကျွန်တော်တို့ ပြောချင်တာက အစိုးရနဲ့ တပ်မတော် ဘက်က တော်တော်လေးပြီး ပြတ်အောင်အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေ မဖြစ်အောင်၊ အဲဒီတုန်းက ကျွန်တော်တို့ စဉ်းစားတာ ရခိုင်ပါ ပါတယ်။ တိုက်ခိုက်မှုတွေ ရပ်အောင်၊ Bi lateral Ceasefire agreement မြန်မြန်ရမှရမယ်။ အပစ်ရပ်သွားပြီဆိုရင် တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်း ဆက်ပြီးတော့ ဆွေးနွေးသွားမယ်။ ဆွေးနွေးမယ့် အကြောင်းအရာတွေလည်း နှစ်ဖက် အကြမ်းဖျဉ်း သဘောတူထားပြီး ဖြစ်ပါတယ်”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည်နှစ်မှာ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ဖို့ ပြောကြားခဲ့ပြီး နောက်မှာတော့ တပ်မတော်ဘက်က ဒီကြားကလာအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းကလွဲလို့ ကျန်ဒေသတွေမှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တာ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တပ်ဘက်က ကိုယ်စားလှယ်တွေ မပျက်မကွက် တက်ရောက်ခဲ့တာနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ သမ္မတက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်ခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို တိုင်းရင်းသားတွေအလိုကျ သက်ဆိုင်ရာ လွှတ်တော်တွေကနေ ခန့်အပ်နိုင်ရေး တပ်မတော်က သဘောထား ပေးခဲ့တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့လို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးလည်း မဖြစ်ခဲ့သလို တိုက်ပွဲတွေလည်း ဆက်ရှိနေဆဲပါ။ တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲရေးမှာ ရခိုင်ဒေသမပါလို့ ငြိမ်းချမ်းရေးခရီးမပေါက်ခဲ့တာလို့ ပြောကြားမှုတွေရှိသလို တပ်မတော်ဘက်ကတော့ ဒီလိုပြောဆိုမှုတွေဟာ လက်တွေ့နဲ့ မကိုက်ညီဘူးဆိုတဲ့ တုံ့ပြန်မှုတွေ ရှိနေပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကော်မရှင်က ပြောထားပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်စပ်ကြားမှာတော့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးလာမယ့် အခြေအနေဟာ မလွယ်ကူဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက RFA ကို မှတ်ချက်ပေးထားဖူးပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေ တိုးမလာရင်တော့ လာမယ့် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ကျင်းပမယ့်လို့ လျာထားတဲ့ စတုတ္ထအကြိမ်၂၁ ရာစု ပင်လုံညီလာခံမှာ ဖက်ဒရယ်မူတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်သဘောတူညီချက် ရရှိမလဲဆိုတဲ့အချက်ပေါ်မူတည်ပြီး တပ်မတော်ရဲ့ ၂၀၂၀ ငြိမ်းချမ်းရေးခရီး ဘယ်လောက်ခရီးရောက်ခဲ့သလဲဆိုတာ ပြောလို့ရနိုင်သေးတယ်လို့ မျှော်လင့်သူတွေလည်း ရှိနေပါတယ်။

ဖက်ဒရယ်မူတွေကို သဘောတူချမှတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးခရီး လမ်းတဝက်ရောက်ပြီလို့ ပြောလို့ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ငြိမ်းချမ်းရေးက တကယ့်ခရီးရှည်ပဲ။ Step by step ပဲသူရနိုင်တယ်။ ဖက်ဒရယ် အခြေခံမူတွေကိုရတဲ့ အဆင့်ရောက်ရင်တော့ ငြိမ်းချမ်းရေးက လမ်းတစ်ဝက်ရောက်ပြီပေါ့။ စတုတ္ထအကြိမ် ပင်လုံညီလာခံ ခေါ်ယူပြီးတော့ ဖက်ဒရယ် အခြေခံမူကို ရရှိသွားမယ်ဆိုရင် အဲဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ လမ်းတစ်ဝက်ကျော် ရောက်သွားနိုင်တဲ့ သဘောပေါ့လေ။ ကျွန်တော်တို့က အဲသလို မှန်းပြီးတော့ ကြိုးစားနေကြပါတယ်”

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးလိုချင်တယ်လို့ ပြောကြပေမယ့် ငြိမ်းချမ်းရေး ရရှိနိုင်တဲ့ အချက်တွေကို ညှိနှိုင်းဆောင်ရွက်နိုင်မှု မရှိကြဘူးလို့ လေ့လာသူတွေက ယူဆပါတယ်။

၂၀၂၀ မှာငြိမ်းချမ်းရေးရဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“၂၀၂၀ မှာတော့ ငြိမ်းချမ်းရေး ရဖို့ဆိုတာကတော့ မဖြစ်နိုင်တော့ပါဘူး။ အပစ်အခတ်ရပ်စဲရေးတွေထဲမှာ တကယ်ပဋိပက္ခဖြစ်နေတဲ့ ရခိုင်စစ်မျက်နှာမပါတဲ့ အခါကျတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ မပြေလည်နိုင်ဘူးဗျ။ လက်တွေ့မှာ ဒါတစ်ခုပေါ့ဗျာ။ နောက်တစ်ခုက NCA လက်မှတ်ရေးထိုးထားတဲ့ RCSS တို့ KNU တို့နဲ့ အခုချိန်မှာကို တိုက်ပွဲတွေက ဖြစ်နေတယ်။ ဘာဖြစ်တာလဲဆိုတော့ NCA ထိုးပြီးနောက်ပိုင်းမှာကို တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီးတော့ လက်တွေ့ကျကျ ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်တာ မရှိဘူး။ အဲအားနည်း ချက်တွေကြောင့် ၂၀၂၀ ငြိမ်းချမ်းရေးဟာ ဝေးသွားတာ ဖြစ်ပါတယ်”

NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရဖို့ဆိုတာထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့တောင် မနည်းဆောင်ရွက်နေရတယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက်ကလည်း သိပ်တော့မျှော်လင့်ချက် မရှိပါဘူး။ NLD အစိုးရ သက်တမ်းကာလမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာထပ် ငြိမ်းချမ်းရေး ညီလာခံ ထပ်ပြီးလုပ်ဖို့ တော်တော်ကြိုးပမ်းနေရတယ်။ အစိုးရက ကြားကနေပြီး ဖျန်းဖြေတဲ့အဆင့်မျိုးပဲ တကယ်တမ်းက လက်နက်ကိုင်တိုက်နေကြတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆိုင်မယ်လို့ ကျွန်တော်တော့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် လည်း ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးအတွက် သူကိုယ်တိုင် ကမကထ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ မရခဲ့ဘူး။ အကျိုးစီးပွား ပြဿနာက နှစ်ဖက်စလုံးမှာရှိနေလို့ မရတာပဲလို့ ပြောချင်တာပဲ”

၂၀၂၀ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးလာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အများက သုံးသပ်နေကြပြီး ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရအပြောင်းအလဲ မရှိဘူးဆိုရင် ရှေ့ဆက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရနဲ့ တပ်မတော်ကြား ညှိနှိုင်းဆောင်ရွက်မှုတွေ ဦးစွာလုပ်ဆောင်သင့်တယ်လို့ ပြောကြသူတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။