ရွှေ့ပြောင်းနေထိုင်သူတွေ မဲပေးခွင့် သတ်မှတ်ချက် တိုင်းရင်းသားပါတီတွေ ကန့်ကွက်

2019.11.10
by-election-2017-622.jpg ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေသူကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မဲပေးခွင့်ကန့်သတ်ချက် ပြင်ဆင်လိုက်တဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကန့်ကွက်ကြပါတယ်။

အရင်က ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ရက်ပေါင်း ၁၈၀ ဆက်တိုက်နေရင် မဲပေးခွင့်ပြုထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပါ ပြဌာန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း ၉၀ လို့ ပြင်လိုက်တာဟာ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်မှုများတဲ့နေရာက ဒေသခံတွေအတွက် အခွင့်အရေး ဆုံးရှုံးနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီတွေက ကန့်ကွက်ကြတာပါ။

ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ရောက်ရှိရာ မဲဆန္ဒနယ်မြေမှာ ရက်ပေါင်း ၉၀ ဆက်တိုက်နေထိုင်မှသာ မဲပေးခွင့်ပြုမယ်ဆိုပြီး ကော်မရှင်က ပြင်ဆင်လိုက်တာပါ။ 

အဲဒီပြင်ဆင်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  အောက်တိုဘာလ သုံးရက်နေ့က ကြေညာ လိုက်တာဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကို အရင်ကအနည်းဆုံး ရက်ပေါင်း ၁၈၀ ထက် မနည်းနေထိုင်တဲ့သူတွေ မဲပေးခွင့်ရမယ်ဆိုတဲ့နေရာမှာ ရက်ပေါင်း ၉၀ ဆိုပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ဟာ နည်းလမ်းမကျဘူးလို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ပြောပါတယ်။

ဒီလိုရွေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်ကို သူတို့ရဲ့ မူရင်းဒေသတွေမှာ ကြိုတင်မဲစနစ်နဲ့ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်ကြောင်းနဲ့ အဲဒီပြင်ဆင်ချက်ကို ပယ်ဖျက်ဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီက နိုဝင်ဘာလ ရှစ်ရက်နေ့က တောင်းဆိုထားပါတယ်။ 

ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်း၊ ရွှေ၊ ပယင်းနဲ့ အခြားဖွံံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဖားကန့်၊ တနိုင်းအပါအဝင် မြို့တော်တော်များများမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ရှိပါတယ်။ အရေအတွက်အရဆိုရင် ဌာနေတိုင်းရင်းသားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေထက် နည်းနေတယ်လို့ သိရပါတယ်။

ဒီပြင်ဆင်လိုက်တဲ့ ရက်ပေါင်း ၉၀ ကြောင့် ရွေ့ပြောင်းလုပ်သားတွေ များတဲ့နေရာမှာ မဲကစားတာတွေဖြစ် လာနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုကိုပါ ထိခိုက်စေတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

အလားတူ မွန်ပြည်နယ်မှာဆိုရင်လည်း ရွေ့ပြောင်းလုပ်သားတွေအပါအဝင် ဗမာတိုင်းရင်းသားတွေဟာ မွန်တိုင်းရင်းသားတွေထက် များနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရွေ့ပြောင်းလုပ်သားတွေအတွက် မဲပေးခွင့်ကို ရက်ပေါင်း ၉၀ နဲ့ သတ်မှတ်ပေးတာဟာ မဖြစ်သင့်ဘူးလို့ မွန်ညီညွတ်ရေးပါတီက နိုင်လယိတမက ပြောပါတယ်။

ဒီလိုသတ်မှတ်ချက်ကို မထုတ်ပြန်ခင်မှာ ရွးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံသင့်တယ်လို့ New Myanmar Foundation အဖွဲ့က စီမံကိန်းဒါရိုက်တာ ကိုကျော်ထင်က ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တာကို တိုင်းရင်းသားပါတီတွေဘက်က ကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်ကိုလည်း ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဒီလို ရွေပြောင်းလုပ်သားတွေ မဲပေးခွင့်နဲပတ်သက်ပြီး ပြင်ဆင်တာကို လာမယ်ရက်ပိုင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံပွဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဘက်က ကန့်ကွက်သွားဖို့ရှိတယ် လို့လည်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။