၂ဝ၂ဝ ရွေးကောက်ပွဲတစ်နှစ်ပြည့်နဲ့ ပြည်သူ့ဆန္ဒ
2021.11.08

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ အခုဆိုရင် တစ်နှစ် တင်းတင်း ပြည့်သွားခဲ့ပါပြီ။
"ကျနော်တို့က ပြည်သူ့ဆန္ဒနဲ့အညီ ထုတ်ဖော်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး လက်ခံရမှာပဲ"
ဒါကတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲထည့်တဲ့နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတင်းမီဒီယာတွေကတဆင့် ပြည်သူတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပြောပြီး သုံးလနီးပါးအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ "ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံအာဏာကို သိမ်းယူလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရေးအတွက် တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့တဲ့ ရန်ကုန်မြို့ခံ ကိုအောင်နိုင် (အမည်လွှဲ) တစ်ယောက်လည်း သူပေးခဲ့တဲ့ မဲတစ်မဲ သဲထဲရေသွန် ဖြစ်ခဲ့ရလို့ ခံပြင်းဒေသထွက်နေပါတယ်။
"မဲလိမ်ခဲ့တယ်၊ မဲခိုးခဲ့တယ်လို့ပြောနေတာ သူတို့ ရူးလို့။ တော်တော်ရူးနေတာ။ သူတို့က အာဏာကို တော်တော်ရူးပြီးပြောနေတာ၊ NLD ပါတီက ၈၀ ရာခိုင်နှုန်း နိုင်ခဲ့တယ်ဆိုတာ တကမ္ဘာလုံးလည်း သိတယ်။ တစ်နိုင်ငံလုံးလည်းသိတယ်။ ဒါကို မဲလိမ် မဲခိုးခဲ့တယ်လို့ပြောနေတယ်။ သူတို့က လက်နက်အားကိုးနဲ့ ဆိုတော့ သူတို့လုပ်ချင်တိုင်းလုပ်၊ ပြောချင်တိုင်း ပြောနေတာ"
ကိုအောင်နိုင် မဲထည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မဲဆန္ဒနယ် စုစုပေါင်း ၁၁၁၇ နယ် ရှိတဲ့ အထဲမှာ NLD ပါတီက ၉၂၀ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲ့ဒီရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရခဲ့တဲ့ မမေသူ (အမည်လွှဲ) ကလည်း သူ့ရဲ့ ပထမဆုံးမဲဟာ အကျုံးမဝင် ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
"ပထမဆုံး အသက်ပြည့်ပြည့်ချင်း မဲပေးခွင့်ရတဲ့အချိန်မှာ ကိုယ်က တက်တက်ကြွကြွနဲ့ မဲပေးခဲ့ပေမယ့် ကိုယ့်မဲက အရာမဝင်ဖြစ်သွားခဲ့တော့ တော်တော်ကို စိတ်မကောင်းဖြစ်တယ်။ သူတို့က မတရား အာဏာသိမ်း သွားတယ်၊ အဲ့ဒီပေါ်မှာမူတည်ပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ် ပြောနေတာ သူတို့ ထပ်လိမ်နိုင်တယ်။ ထပ်ပြီး မဟုတ်တာတွေ လုပ်နိုင်တယ်။ အဲ့ဒီအတွက် အားလုံးကို မယုံစေချင်ဘူး"
၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ မမေသူလို လူငယ်ငါးသန်းလောက်ဟာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်မှာတော့ လူငယ်တွေကို အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနှိပ်ကွပ်ခဲ့တဲ့အတွက် အခုဆိုရင် ဒီလူငယ်တွေ ဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ပြီး တိုင်းရင်းသားဒေသတွေမှာ စစ်ပညာသင်ယူနေကြပါပြီ။

၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ကနေ အရွေးခံခဲ့တဲ့ ဦးဖေသန်းကတော့ ရွေးကောက်ပွဲ နည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရတော့တာကြောင့် ပြည်သူတွေက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာရတာလို့ ဆိုပါတယ်။
"မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမိုကရေစီရဲ့မှတ်တိုင်ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တာ မဖြစ်သင့်ဘူး။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် လက်နက်ကိုင် လမ်းစဉ်ကိုပဲ အားရှိအောင်လုပ်ရမယ်။ မတော်မတရားလုပ်တာကို ကျနော်တို့ကလည်း အာဏာရှင်ကို သည်းမခံနိုင် တော့တဲ့အတွက် လက်နက်ကိုင်ရတယ်ပေါ့၊ ဒါကလည်း နှစ်ဖက်စလုံးက ဒီမိုကရေစီနဲ့ ပြောင်းပြန် ဖြစ်သွားတာပေါ့။သူတပြန် ကိုယ်တပြန်နဲ့ ရေမျောကမ်းတင် အခြေအနေမျိုးကို ဆိုက်ရောက်သွားလိမ့်မယ်"
လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုထားတာဟာလည်း ဖြစ်လာမယ့် အလားအလာမရှိနိုင်ဘူးလို့ ဦးဖေသန်းက သုံးသပ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့… မြန်မာလူထုက ရွေးကောက်ပွဲ စနစ်ကို မယုံကြည်တော့ဘူးလို့ ပြောပါတယ်။
"ရွေးကောက်ပွဲနဲ့ ကိုယ်လိုချင်တဲ့ အစိုးရကို ရွေးချယ်လို့ရမယ်လို့ သူတို့စိတ်ထဲမှာ အယုံအကြည် မရှိတော့ဘူး။ ဒီကောင်တွေ နည်းမျိုးစုံနဲ့ ငြင်းမှာပဲလို့ ယူဆတယ်။ အဲ့ဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက် ပြည်သူတွေမှာ မရှိတော့ဘူး။ တကယ်လို့များ အခြေအနေပေးလို့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင်လည်း NLD ပါတီကို ထပ်ပြီး ခေါင်းထောင်မလာနိုင်အောင် လုပ်ဖို့ ကြံစည်နေတယ်လို့ ကျနော်က ယူဆတယ်"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ "ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်" ဆိုပြီး အာဏာသိမ်းတဲ့နေ့ ကတည်းက အဆက်မပြတ် ပြောဆိုလာခဲ့ပေမယ့် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ဖို့ နှစ်နှစ်လောက် အချိန်ယူရမယ်လို့ ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲမှာ တစ်ပါတီတည်းက အသာစီးရနိုင်တာမျိုး မဟုတ်ဘဲ PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ပြောင်းလဲကျင်းပဖို့အတွက် နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲကို ရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီ အများစုကပဲ တက်ရောက်နေကြပြီး ရွေးကောက်ပွဲမှာ လူထုက မဲပေးရွေးချယ်ခဲ့ကြတဲ့ NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့လို ပါတီတွေက မတက်ရောက်ကြပါဘူး။
စစ်တပ်ရဲ့ ကျောထောက်နောက်ခံနဲ့ ရပ်တည်နေတဲ့ပါတီလို့ လူသိများတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ယုံကြည်ကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
"တပ်မတော်က ပေးချင်လို့ကို ၂၀၁၀ တုန်းက ရွေးကောက်ပွဲလုပ်ပြီး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးခဲ့ပြီးဖြစ်တယ်။ အခုလည်း ဒီအတိုင်းပဲ ၂၀၂၃ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ဖြစ်လာတဲ့ အရပ်သားအစိုးရကို တည်တည်ငြိမ်ငြိမ်နဲ့ အာဏာလွှဲပြောင်းတာမျိုး ဖြစ်လာမယ်လို့ ကျနော် ယုံကြည်တယ်"

RFA က ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ပြည်သူတချို့ကတော့ စစ်တပ်က ကျင်းပပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိတော့ဘူးလို့ ဆိုကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အဖွဲ့ကော်မတီ ဦးကျော်ထွေးကတော့ စစ်တပ်က လုပ်တဲ့ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒကို ပေါ်လွင်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
"၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထု တစ်ခဲနက် ထောက်ခံပြီး ရွေးချယ်အနိုင်ရခဲ့တဲ့ပါတီကို နည်းမျိုးစုံနဲ့ အင်အားချိနဲ့သွားအောင် ဥပဒေပြင်ပ နည်းလမ်းတွေ သုံးပြီး ရွေးကောက်ပွဲမှာ မပါနိုင်အောင် လုပ်ပြီးတော့ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ဘယ်လိုပေါ်လွင်မှာလဲ၊ ဘယ်လိုကိုယ်စားပြုမှာလဲ။ အတုအယောင်ရွေးကောက်ပွဲ၊ ဒီမိုကရေစီကို ပျက်ရယ်ပြုတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်"
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ပေမယ့် အမေရိကန်၊ ဗြိတိန်နဲ့ EU ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကတော့ ဒီရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ကို မြန်မာပြည်သူ တွေရဲ့ ဆန္ဒသဘောထားအဖြစ် လက်ခံထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူထုက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရတစ်ရပ်ကို အမြန်ဆုံး ပြန်အာဏာလွှဲပေးဖို့ အခုလို တောင်းဆိုနေတာဖြစ်ပါတယ်။
ပြည်သူတွေပေးလိုက်တဲ့ မဲကို လျစ်လျူရှုပြီး လက်နက်အားကိုး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ဆန့်ကျင်ရင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့သူ ၁၃၀၀ ကျော် ရှိသွားပါပြီ။ နိုင်ငံတစ်ဝန်းမှာလည်း ကိုယ်ပေးခဲ့တဲ့ မဲတွေ သဲထဲရေသွန်သလို အရာမထင် ဖြစ်ခဲ့ရတဲ့ ပြည်သူတွေက ဒီမိုကရေစီအစိုးရ ပြန်လည် ရရှိရေးအတွက် အာဏသိမ်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေကြတာ တွေ့ရပါတယ်။