၂ဝဝ၈ ဖျက်သိမ်းမှုနဲ့ ဖက်ဒရယ်ကြေညာချက်အပေါ် ကြိုဆိုမှုနဲ့ အကြံပြုချက်များ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.04.01

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းကာလအတွင်း စစ်အစိုးရအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဖျက်သိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို မတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေ နိုင်ငံရေးသမား ဦးကြီးမြင့်က ဒါဟာ မြန်မာပြည်သူတရပ်လုံးအတွက် မဟာအောင်ပွဲတခုပဲလို့ ချီးကျူးလိုက်ပါတယ်။

“ပြည်သူကို ကျွန်လုပ်ထားတဲ့ စစ်ကျွန်ဘဝက လွတ်သွားတာပေါ့။ နောက်တချက် တိုင်းရင်းသားတွေ နဲ့ ညီညွတ်ရေးအတွက်ကို အားဆေးကြီးပဲ။ တိုင်းရင်းသားတွေ နဲ့ စည်းရုံးညီညွတ်ဖို့ဆိုတာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ဆိုတာ၂ဝဝ၈ အောက်မှာ ပြင်ကြစတမ်းဆိုရင် ဒီတသက်မဟုတ်ဘူး နောက် ဆက်သက်လဲ မရဘူး။ နောက်တချက်က ဒီ ၂ဝဝ၈ က ဆက်သာရှိဦးမယ်ဆိုရင် နောက်ထပ်လဲ အာဏာသိမ်းဖို့အတွက် လမ်းကြီး ဖွင့်ထားတဲ့အခါ ကျနော်တို့က တသက်လုံး ဒီစစ်အာဏာရှင်ကို တိုက်လို့ဆုံးမှာ မဟုတ်တော့ဘူး။ ခုလို အခါအခွင့်သင့်တုန်း ၂ဝဝ၈ ကြီးကို ကျွဲကူးရေပါ ဖျက်သိမ်းလိုက်ခြင်းဟာ ပြည်သူတွေရဲ့အောင်ပွဲ၊ Generation Z တို့ရဲ့ အောင်ပွဲပေါ့”

Generation Wave ဥက္ကဋ္ဌ ကိုမိုးသွေးကလည်း စစ်တပ်သဘောမတူရင် ဘာမှပြင်လို့ မရအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်တာဟာ ဝမ်းသာစရာဖြစ်ပြီး CRPH ရဲ့ ကြေညာချက်မှာ တိုင်းရင်းသားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း သဘောတူပါဝင်ခဲ့တယ်လို့ ဖော်ပြထားတဲ့အတွက် ဒါဟာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် ပေါင်းကူးတံတားပါပဲလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ကိုမိုးသွေးက အရင်က ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်အပါအဝင် သဘောတူညီချက်တွေကို အာဏာရသူတွေက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားတွေက ယုံကြည်မှုကင်းမဲ့နေတာကို CRPH အနေနဲ့ ဖြေရှင်းဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“အဲဒါမျိုး မဖြစ်အောင်လို့ CRPH အနေနဲ့ ဒီ ထုတ်ပြန်လိုက်တဲ့ ပဋိဉာဉ်စာတမ်းကို အင်အားစုအကုန်လုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီးတော့ လက်မှတ်ရေးထိုးနိုင်တဲ့ အနေအထားမျိုးရောက်အောင် လုပ်သင့်တယ်။ နောက်တခုက ဒီပဋိဉာဉ်စာတမ်းကို ပြည်သူလူထု တရပ်လုံးကိုယ်တိုင်ကပါ သက်သေခံပေးတယ်ဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးယူဖို့လိုပါတယ်။”

မျိုးဆက်သစ် ကျောင်သားသမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဟန်ထက် ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကြိုးစားခဲ့သူအားလုံးအတွက် CRPH ရဲ့ကြေညာချက်ဟာ အားတက်စရာပါပဲလို့ ပြောပါတယ်။

“အရင်ကတည်းကလည်း ဒါကို ပြည်သူ့ဆန္ဒနဲ့ အတည်ပြုခဲ့တာမဟုတ်ဘူး။ စတင်အသက်ဝင်ခဲ့တဲ့ ကာလကစပြီး အခုအချိန်ထိ နိုင်ငံရေးအင်အားစုတွေက ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတာတွေရှိတယ်။ ဒါပေမဲ့ တရားဝင်လမ်းကြောင်း လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်ဖို့ မလွယ်ခဲ့ဘူး။ အဲဒီကတည်းက အကြံပြုချက် တချို့ရှိခဲ့တယ်။ လွှတ်တော်လမ်းကြောင်းကနေ မဟုတ်ဘဲ ပြင်ပနိုင်ငံရေးအခင်းအကျင်း နဲ့ ပြင်ဖို့ဆိုတဲ့ အခြေအနေမျိုး အကြံပြုမှု ရှိခဲ့တယ်။ လောလောဆယ်တော့ ဒီအာဏာသိမ်းမှုက ကျနော်တို့အတွက် အခွင့်အလမ်းတရပ် ပေါ်လာတယ်လို့ ယူဆရမယ်။ ဒီအာဏာသိမ်းမှုကနေ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် စစ်အုပ်စု ရဲ့ ယန္တရားတွေ စစ်အုပ်စုရဲ့ အမြစ်တွယ်မှု အားလုံးကို လုံးဝဖယ်ရှားပစ်လိုက်နိုင်ဖို့ လိုတယ်။”

ဒါပေမယ့် အခုထုတ်ပြန်တဲ့ ပဋိညာဉ်မှာ CRPH နဲ့ တိုင်းရင်းသားတွေအကြား တာဝန်ခွဲဝေမှု တိတိကျကျ မတွေ့ရဘူးလို့ ကိုမင်းဟန်ထက်က ဝေဖန်ပါတယ်။

“ကျနော်တို့လဲ အဲဒါကို စိုးရိမ်တယ်။ ဒီကြားထဲမှာ ဒီ့ထက်ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ ပဋိဉာဉ်မျိုး ကျနော်တို့ပိုပြီး စဉ်းစားသင့်တယ်လို့ ယူဆတယ်။နောက်တချက်က NCA ပေါ့။ ဒီ NCA ကို ဒီအချိန်မှာ လုံးဝမေ့ထားလိုက်ဖို့လိုတယ်။ တိုင်းရင်းသားအားလုံး လက်ခံယုံကြည်တဲ့ ပဋိညာဉ်မျိုး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို ဆက်ပြီး စဉ်းစားကြရတော့မှာဖြစ်တယ်။”

ဒါနဲ့ ပတ်သက်ပြီး ဦးကြီးမြင့်ကတော့ အစစအရာရာပြည့်စုံတဲ့ကြေညာချက်မျိုးကို အခု ချက်ခြင်းမရနိုင်ပါဘူး။ ဒီ ပဋိညာဉ်ဟာ အခြေခံအုတ်မြစ်တခုဖြစ်ပါတယ်လို့ သုံးသပ်ရင်း တဆက်တည်းမှာပဲ သူက CRPH အနေနဲ့ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖက်ဒရယ်တပ်မတော်ရဲ့ တပ်ဖွဲ့တွေဖြစ်ကြောင်း ကြေညာလိုက်မယ်ဆိုရင် လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူသွားမှာပဲလို့ အကြံပေးပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-02 21:26

Cheers, Revoked the 2008 constitution