ငွေတစ်ကျပ်လှူရုံနဲ့ ထောင်ဒဏ်ကနေ သေဒဏ်ထိ အပြစ်ပေးနိုင်ကြောင်း စစ်ကောင်စီ ခြိမ်းခြောက်

အာဏာရှင်ဆန့်ကျင်ရေး အကြောင်းအရာတွေကို ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ Like ပေးတာ၊ ပြန်လည် မျှဝေတာနဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာမျိုး လုပ်ရင် အနည်းဆုံး ထောင်နှစ်နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက် မနေ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ခြိမ်းခြောက်သွားပါတယ်။
အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ အားပေးကူညီတာ၊ ငွေတိုက်စာချုပ် ဝယ်ယူတာ၊ ထီထိုးတာ၊ Online ပေါ်ကနေ ငွေကြေးလှူဒါန်းတာ၊ ထောက်ပံ့ကူညီတာတွေ ဟာ နိုင်ငံရေးပုဒ်မ - ၅၀၅ ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေအထိ အကျုံး ဝင်တယ်လို့ ဆိုပါတယ်။
တစ်ကျပ်တစ်ပြားလေး လှူမိရုံနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ငြိစွန်းပြီး ထောင် ၁၀ နှစ်ကနေ သေဒဏ်အထိ ကျနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"Like တစ်ခုပေးလိုက်တာပဲ ဖြစ်ဖြစ်၊ Share လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (ခ) နဲ့ ငြိစွန်းပါတယ်။ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ငွေဒဏ်လည်း ချမှတ်နိုင်တဲ့အကြောင်း အသိပေး ပြောကြားလိုပါတယ်။ တစ်ကျပ်၊ တစ်ပြားလေး လှူတာတောင်မှ ထောင် ၁၀ နှစ် ကျတယ်တို့၊ တစ်ကျပ်တစ်ပြားလေး လှူတာတောင်မှ သေဒဏ်ကျတယ်တို့ဆိုတာ (အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ) ပုဒ်မ - ၅၄ နဲ့ ငြိလို့ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ ဥပဒေကို မသိနားမလည်လို့ ဖြစ်တယ်ဆိုရင်တောင် ဥပဒေကတော့ ခွင့်လွှတ်မှာ မဟုတ်ပါဘူး"
ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောသွားတဲ့ ပုဒ်မတွေထဲမှာ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုနဲ့ တပ်တွင်းဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က) (ခ)၊ ပြည်ထောင်စုနိုင်ငံ လုပ်ငန်းအဖွဲ့ကို ဖြိုဖျက်ရန်နှိုးဆော်မှု ပုဒ်မ - ၁၂၄ (ခ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂ နဲ့ ၅၄ ၊ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မ- ၃၃ (က) စတဲ့ ပုဒ်မမျိုးစုံ ပါဝင်ပါတယ်။ အဲဒီ ပုဒ်မတွေဟာ တည်ဆဲဥပဒေအရ အနည်းဆုံး ထောင်နှစ်နှစ်ကနေ အမြင့်ဆုံး ထောင် တစ်သက်နဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။
ဒါဟာ ပြည်သူလူထုကို ခြိမ်းခြောက်တာဖြစ်ပြီး အာဏာရှင်ဆန့်ကျင်ရေး ထောက်ခံမှုတွေ လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"အာဏာရှင်တွေဘက်ကတော့ ကျမတို့ ထောက်ပံ့တဲ့အတွက် ပြည်သူတွေကို အမျိုးမျိုး တရားစွဲမယ်၊ ပုဒ်မတွေ တပ်မယ်၊ အကုန်လုံးပေါ့နော်၊ ဘေးကျပ်နံကျပ် ဖြစ်အောင် တစ်ခုပြီးတစ်ခု လုပ်မယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ရရာဘက်ကနေ ရသလိုတော့ ထောက်ပံ့ကြမှာပဲလေ။ သူတို့ကျဉ်းထဲကျပ်ထဲ လုပ်လေလေ (အာဏာရှင်ဆန့်ကျင်ရေး) အောင်ဖို့ နီးလေလေပေါ့။ ထောက်ပံ့ဖို့အတွက် အခက်အခဲလေးတော့ နည်းနည်းလေး ရှိလာမှာပေါ့နော်။ ဒါပေမဲ့ ရတဲ့ဘက်ကနေ ရသလို အထောက်အပံ့လေးတွေ ရအောင်လုပ်ကြမှာပါ"
ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကောလာဟလနဲ့ သတင်းတွေမှာ စစ်တပ်နဲ့ အစိုးရ ဝန်ထမ်းတွေကို ထိခိုက်စေမယ်၊ အနှောက်အယှက် ဖြစ်စေမယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အရ ထောင်နှစ်နှစ် ချမှတ်နိုင်တယ်လို့ ပြောသွားပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ပံ့ရင် ဥပဒေအရ အရေးယူလို့ ရကောင်း ရနိုင်ပေမယ့် လူမှုကွန်ယက်ပေါ်မှာ ပို့စ်တွေကို Like ပေးရုံနဲ့တော့ ပြည်သူတွေကို အရေးယူထောင်ချဖို့ ဥပဒေမှာ ပြဌာန်းမထားဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့်တရားလွှတ်တော်ရှေ့နေတစ်ဦး က RFA ကို ပြောပါတယ်။
"ဥပဒေအမြင်ကျတော့ Like လုပ်ရုံသက်သက်နဲ့ အရေးယူလို့မရဘူး။ Like လုပ်တယ် ဆိုတာ ကျနော်တို့ရဲ့ အခွင့်အရေးပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာတောင် နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့် ပြဌာန်းချက်တွေမှာ ပါပြီးသား။ ကျနော်တို့က Comment ပေးတယ်။ ကိုယ့်ရဲ့မှတ်ချက်၊ ကိုယ့်ရဲ့သဘောထားက ပါသွားပြီ။ သူပြောပုံအရဆိုရင် အဲဒီပေးလိုက်တဲ့ Comment ထဲမှာ အသုံးအနှုန်းဖြစ်စေ၊ ရေးလိုက်တဲ့ အရေးအသားရဲ့ ရည်ရွယ်ချက်ကဖြစ်စေ ဒီပြဌာန်းချက်နဲ့ သွားငြိစွန်းရင် အရေးယူခံရမယ့် အနေအထား ဖြစ်သွားပြီ"
စစ်ကောင်စီဟာ အာဏာသိမ်း နှစ်နှစ်နီးပါးအကြာမှာ ပြည်သူကို ပိုထိန်းချုပ်လာပြီး အရင် ကတည်းက ရှိထားတဲ့ ဥပဒေတွေကို အခု ရည်ရွယ်ချက်ရှိရှိ ပြန်သုံးဖို့ကြိုးစားလာတာဟာ အာဏာသိမ်းပြီးမှ အသစ်ဖွဲ့လိုက်တဲ့ ဥပဒေရေးရာ ဝန်ကြီးဌာနကြောင့် ဖြစ်တယ်လို့ အဲဒီ ဝါရင့်တရားလွှတ်တော်ရှေ့နေက ဖြည့်စွက်ပြောဆိုပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာတောင် နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့် ပြဌာန်းချက်တွေမှာ ပါပြီးသား"
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်မှုတွေကို ကြောက်လာတဲ့အတွက် ပြည်သူကို ဥပဒေပုဒ်မတွေနဲ့ ခြိမ်းခြောက်လာတာလို့ တနင်္သာရီတိုင်းမှာ လှုပ်ရှားနေတဲ့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
"အဲဒါရှင်းရှင်းပြောရရင် သူတို့ကြောက်နေလို့ Motivation (စိတ်ခွန်အား) ယူတဲ့ သဘောနဲ့ ခြိမ်းခြောက်တာလို့ မြင်တယ်။ စစ်ကိုင်းနဲ့ မကွေးတစ်ကြောမှာ စစ်ကောင်စီ တပ်သားတွေ ကျဆုံးမှုတွေကလည်း မျက်မြင်သက်သေပဲလေ။ တပ်ထဲမှာလည်း စည်းရုံးရေး ပျက်ပြားနေတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီအတွက်ကြောင့် သူတို့က တပ်သားတွေကို စည်းရုံးရေးဆင်းတဲ့ ပုံစံဖြစ်အောင် ပြည်သူတွေကိုလည်း ခြိမ်းခြောက်တဲ့ ပုံစံမျိုးလည်း ဖြစ်အောင် တပ်တွင်းစည်းရုံးတာလို့ ကျနော့်အနေနဲ့ မြင်တယ်ပေါ့နော်"
အခုလိုခြိမ်းခြောက်မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးအပေါ် ပြည်တွင်းကနေ အလှူငွေ ထည့်ဝင်တာတွေ လျော့နည်းသွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဘက်က ဒီလိုပြောဆိုမှု တွေဟာ ဥပဒေမဲ့ အလွန်အကျွံ ပြောဆိုမှုဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"ဥပဒေမဲ့ အလွန်အကျွံပြောတာတွေ ဖြစ်တယ်ဗျ။ ဒါပေမဲ့ သူတို့ထုံးစံအတိုင်းပဲ အခုအချိန်မှာ တရားဥပဒေဆိုတာ စကစရဲ့ ပါးစပ်ထဲမှာ ရှိနေတော့ အဲဒီဥပဒေမျိုးတွေ တကယ်တမ်း ထုတ်ပြန်အရေးယူမယ်ဆိုရင်တော့ မြန်မာပြည်ဟာ ပြည်သူလူထုရဲ့ ဒီမိုရေစီဟာ လုံးဝကို မိုးမှောင်ကျသွားပြီလို့ ပြောရမှာပေါ့ဗျာ။ ဒါပေမဲ့ တစ်ခွင်တစ်ပြင် လုံးတော့ ဥပဒေတွေအသုံးချပြီး မလှုပ်ရှားနိုင်ပါဘူး။ အကန့်အသတ်အများကြီး ရှိပါတယ်"

စစ်ကောင်စီဘက်က စံပြအနေနဲ့ ပြည်သူတချို့ကို ဖမ်းဆီးအရေးယူပြပြီး ကြောက်ရွံ့အောင် ခြိမ်းခြောက်တာမျိုးတွေ လုပ်လာနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီ ဘက်က သူတို့ကိုယ်တိုင် အကျပ်အတည်းထဲ ရောက်နေလို့ အခုလို ခြိမ်းခြောက်မှုတွေ လုပ်တာလို့ RFA ကို ပြောပါတယ်။
"သူတို့လုပ်တတ်တာက လူထုကိုခြိမ်းခြောက်မယ်၊ အကြမ်းဖက်မယ်၊ လူထုကို ကြောက်အောင်လုပ်မယ်၊ ဒါက လုပ်နေတာပဲ။ NUG၊ CRPH နဲ့ NUCC ကို တစ်ကျပ်ပဲ လှူလှူ ပုဒ်မတွေ တပ်မယ်၊ ဖမ်းမယ်ဆိုတဲ့ဟာက သူတို့ အကျပ်အတည်းထဲ ရောက်နေတယ်၊ သူတို့နောက်ဆုံးအချိန်ကို ရောက်နေလို့ ကြောက်လန့်နေတာ။ သူတို့ရှုံးတော့မယ်၊ ဘာဖြစ်လာတော့မယ်ဆိုတာ သိတယ်။ လူထုက တစ်ခုခုလုပ်ရင် လူထုကို ဖမ်းဆီးဖို့ ခြိမ်းခြောက်မယ်။ သတ်ဖို့ ခြိမ်းခြောက်မယ်"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၁၉ လကျော်အတွင်း ဖမ်းဆီး ခံရသူ ၁၅,၅၈၀ ဦး အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင် အသီးသီး မှာ တစ်သောင်းနှစ်ထောင်ကျော် အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။