ဘာသာရေးကို အခြေမခံတဲ့နိုင်ငံအဖြစ် ပြဋ္ဌာန်းထားတဲ့ စံပြုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ

မြန်မာနိုင်ငံရဲ့ စံပြုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဥပဒေ အကယ်ဒမီကနေ ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိဒါန်းနဲ့ အခန်း ၁၅ ခန်းပါဝင်ပြီး စာမျက်နှာ ၁၆၈ မျက်နှာ ပါဝင်ပါတယ်။

ဒီဥပဒေကို ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနဲ့ ညှိနှိုင်းရေးကော်မတီ (FCDCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) တို့က နိုင်ငံရေးအရ စုပေါင်းပိုင်ဆိုင်ကြတယ်လို့လည်း ရေးသားထားပါတယ်။

၁၉၉၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ NCUB ရဲ့ပထမ(မူကြမ်း)၊ ၂၀၀၈ ခုနှစ်က FCDCC ရဲ့ ဒုတိယ(မူကြမ်း)၊ အာဏာသိမ်းပြီး ၂၀၂၁ မှာ CRPH က အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နဲ့ ၂၀၂၀ မှာ ရွေးကောက်ခံထားရတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပါဝင်ရေးဆွဲထားတဲ့ PRCF ရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို စုပေါင်းပြီး စံပြုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲထားတာလို့လည်း ဆိုပါတယ်။

စံပြုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံကို "ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ" အဖြစ် ခေါ်တွင်စေမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက အမြင့်ဆုံးဥပဒေဖြစ်သလို ဥပဒေစိုးမိုးရေးကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီစနစ်တို့ ကျင့်သုံးမယ့်အကြောင်း ဖော်ပြထားပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။

အခုတော့ ဘာသာရေးကို အခြေမခံတဲ့နိုင်ငံအဖြစ် ထည့်သွင်းထားကြောင်း ဖက်ဒရယ်ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ် ဦးအောင်ထူးက ပြောပါတယ်။

“FCDCC ရဲ့ ဒုတိယ(မူကြမ်း) မှာရော၊ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်မှာရော၊ နောက်ဆုံးပေါ်လာတဲ့ PRCF ရဲ့ ဖွဲ့စည်းပုံမှာရော သူတို့ သုံးခုစလုံးမှာကိုက နိုင်ငံတော်ဘာသာ သတ်မှတ်ခြင်းမပြုဖို့ ခြွင်းချက်တွေပါရှိတယ်၊ သူတို့အဖွဲ့အစည်းသုံးဖွဲ့ရဲ့သဘောထားကို တန်ဖိုးထားထင်ဟပ်တဲ့အနေနဲ့ ထည့်သွင်းပြဋ္ဌာန်းလိုက်တာပါပဲ၊ တော်လှန်ရေးဘက်က ထွက်ပေါ်လာတဲ့ အခြေခံဥပဒေထဲမှာ တရားအဝင်ဆုံး ဖွဲ့စည်းပုံဖြစ်တယ်၊ လက်တွေ့မှာ အတည်ပြုကျင့်သုံးမလားဆိုတာက တိုင်းရင်းသားပေါင်းစုံလူထုတွေက ဆုံးဖြတ်ကြရမှာဖြစ်တယ်၊ ပြည်နယ်တွေကလည်း ဆုံးဖြတ်ကြရမှာဖြစ်တယ်၊ ဒါကလူထုရဲ့သဘောပဲလေ၊ ကနေ့စတင်ကျင့်သုံးမယ်ဆိုလည်း ကနေ့အတည်ဖြစ်တာပဲ”

ဒီဖွဲ့စည်းပုံဥပဒေထဲက အခန်း ၂၊ ပုဒ်မ ၁၅ မှာ အခြေခံ လွတ်လပ်ခွင့်တွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းဖြန့်ချိခွင့်၊ ဘာသာတရားကိုးကွယ်ခွင့်၊ ဘာသာရေးထုံးထမ်းတွေကျင့်သုံးခွင့်၊ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရှိစေရမယ်လို့ ဖော်ပြထားပါတယ်။

အခန်း ၂ ပုဒ်မ ၁၆ မှာ မိမိရဲ့ နေအိမ်၊ မိသားစုတွေနဲ့ စာပေးစာယူ အီလက်ထရောနစ်ဆက်သွယ်တာတွေအပါအဝင် ကိုယ်ပိုင်လွတ်လပ်မှုတွေကို ဥပဒေနဲ့မညီတဲ့ နှောင့်ယှက်တာတွေ၊ နေအိမ်တွင်း လူရှာဖွေခံရတာတွေ၊ ပိုင်ဆိုင်တဲ့ပစ္စည်း သိမ်းယူခံရတာတွေကနေ လုံခြုံမှုခံစားပိုင်ခွင့်ရှိစေရမယ်လို့လည်း ဆိုပါတယ်။

ပုဒ်မ ၃၆ မှာ တိုင်းရင်းသားဘာသာစကားတွေနဲ့ စာပေတွေကို လွတ်လပ်စွာပြောဆို သင်ကြားခွင့်ရှိပြီး တိုးတက် ပြန့်ပွားအောင် ဆောင်ရွက်ပိုင်ခွင့်ရှိစေရမယ့်အပြင် လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေလည်း ဥပဒေပြဋ္ဌာန်းပေးဖို့တွေ ပါရှိပါတယ်။

Photo: Federal Law Academy
Photo: Federal Law Academy

ပုဒ်မ ၃၇ မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးတွေလည်း ထည့်သွင်းထားပါတယ်။ အရင်က ချန်လှပ်ခံထားရတဲ့ကိစ္စတွေ ထည့်သွင်းတာကို ကြိုဆိုပေမဲ့ ဒီထက်ပို တောင်းဆိုချင်တဲ့အကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးဝင်းမျိုးသူက ဆိုပါတယ်။

“နိုင်ငံသားတစ်ဦးအနေနဲ့ သန့်ရှင်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ခံစားပိုင်ခွင့်ဆိုတာက လူသားတစ်ယောက်အနေနဲ့ မရှိမဖြစ် ရှိကိုရှိရမယ့်အခွင့်အရေး ဖြစ်တယ်ပေါ့နော်၊ သူတို့ပြောတဲ့ Affirmative Action Rights ဆိုတာကတော့ အခြေအနေတစ်ရပ်ပေါ်မှာ မူတည်ပြီးမှ ပေးမှရမယ့် အခွင့်အရေးလို ဖြစ်နေတာကိုး၊ ဒါကမပေးလည်း မွေးရာပါအခွင့်အရေးတစ်ရပ်အနေနဲ့ကို ရှိရမယ်ဆိုတဲ့ အခွင့်အရေးပေါ့နော်၊ တစ်ကမ္ဘာလုံးမှာ ဒါကိုပဲတောင်းဆိုနေကြတာဖြစ်ပါတယ်၊ ၂၀၂၃ တုန်းက ကုလသမဂ္ဂကနေပြီးတော့ ကလေးများ ဆိုင်ရာအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အဲထဲမှာ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးကို ပြဋ္ဌာန်းထားတာ ရှိပါတယ်၊ သေချာဆွေးနွေးပြီးတော့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ထုတ်ပြန်တာ ရှိတယ်၊ အဲထဲမှာဆိုရင် ကလေးငယ်တွေအနေနဲ့က ဒီကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ ရာသီဥတုကို ခံစားပိုင်ခွင့်ရှိတယ်ဆိုတာကို အတိအလင်းဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ဒီဟာကို Affirmative Action Rights အနေနဲ့ကို မဟုတ်ဘူး၊ ကျွန်တော်တို့က လုံးဝကို ပယ်နှုတ်လို့မရတဲ့ လူ့အခွင့်အရေးအနေနဲ့ ထည့်သွင်းစဉ်းစားမှဖြစ်မယ်”

ပုဒ်မ ၁၀၂ ဖက်ဒရယ်သမ္မတအရည်အချင်းတွေမှာတော့ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူ၊ ကိုယ်တိုင်လည်း နိုင်ငံသားဖြစ်ဖို့လိုပြီး နိုင်ငံတွင်း ဆယ်နှစ်ထက်မနည်း ဆက်တိုက်နေထိုင်ခဲ့တဲ့ အသက် ၃၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ပါရှိပါတယ်။

အခန်း ၆ ပုဒ်မ ၁၂၃ မှာ ဖက်ဒရယ်ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေဟာ သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ အသက် ၂၅ ပြည့်ပြီးသူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဖက်ဒရယ် ဥပဒေအကယ်ဒမီရဲ့ ဒီဖွဲ့စည်းပုံဥပဒေက နိုင်ငံ‌ရေးလမ်းပြမြေပုံအတိုင်း တစ်ဆင့်ချင်းသွားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် အထောက်အကူပြုမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“အခုတော်လှန်ရေးဆင်နွှဲနေတဲ့အချိန် ကြားကာလ ပြီးရင် တော်လှန်ရေးအလွန်ကာလမှာ အသွင်ကူးပြောင်း ရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်လာမယ်၊ အခု ကြားကာလအချိန်မှာ တော်လှန်ရေးကာလ အချိန်မှာလည်း အသွင်ကူးပြောင်းရေးကာလအတွက် အဆင်သင့်ဖြစ်အောင် လုပ်ကိုင်နေပြီ၊ NUG၊ NUCC နဲ့ တိုင်းရင်းသား မဟာမိတ်တွေ ပူးတွဲပြီးတော့ ပြင်ဆင်နေကြတာတွေရှိပါတယ်၊ အသွင်ကူးပြောင်းရေးကာလ အတွက် အခြေခံမူတွေ သဘောတူညီချက်တွေ ရယူထားပြီးဖြစ်တယ်၊ အသွင်ကူးပြောင်းရေးကာလ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန် တိုင်တိုင်ပင်ပင်နဲ့ လုပ်ဆောင်သွားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရရှိပြီးတဲ့ အခါမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်ပြီးတော့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြမှာဖြစ်တယ်၊ အခုလိုမျိုး Federal Law Academy ကနေလုပ်တဲ့ ဒီဟာတွေကလည်း အဲဒီ Process တွေအတွက် အထောက်အကူပြုမယ်လို့လည်း ယုံကြည်ပါတယ်”

ဆက်နွှယ်သောသတင်းများ

ဖက်ဒရယ် ဖွဲ့စည်းပုံပေါ်ပေါက်ရေး ကြိုးပမ်းနေကြောင်း CRPH ပြောOpens in new window ]

မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်Opens in new window ]

ဖက်ဒရယ်စနစ်နဲ့ Confederation အပေါ် သုံးသပ်ချက်Opens in new window ]

ဒီနေ့ခေတ်နိုင်ငံရေးမှာ တရားဝင်မှုကိုရှာဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးကြီးကြောင်း ဖက်ဒရယ် ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ် ဦးအောင်ထူးက ရှင်းပြပါတယ်။

“ကနေ့ မျက်မှောက်နိုင်ငံရေးမှာ legitimacy လို့ခေါ်တဲ့ တရားဝင်မှုရှာဖွေရေးဟာ သော့ချက်အကျဆုံး ဖြစ်တယ်၊ စစ်ကောင်စီက ရွေးကောက်ပွဲအသစ်တစ်ခုလုပ်ပြီးတော့ တရားဝင်မှုကို ရှာဖို့ကြိုးစားနေတယ်၊ ဒါဖြင့်ရင် တော်လှန်ရေးအင်အားစုတွေဘက်က ဘာလုပ်ငန်းစဉ်နဲ့ တရားဝင်မှုကို ရှာမလဲ၊ ပြည်ထောင်စုတစ်ခုလုံးအတွက် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံတစ်ရပ်ကို အတည်ပြုကျင့်သုံးနေပြီလို့ ကမ္ဘာကို ကြေညာပြီး ရှာတာက အကောင်းဆုံး ဖြစ်တယ်”

အခန်း ၈ ပုဒ်မ ၁၅၉ မှာ ဖက်ဒရယ်တပ်မတော်ရဲ့ အဓိကတာဝန်က ပြည်ပရန်ကို ကာကွယ်ဖို့ ဖြစ်ပြီး စစ်ပညာသင်တန်းကျောင်းတွေမှာ စစ်ဘက်ဆိုင်ရာတွေအပြင် ဒီမိုကရေစီအခြေခံကျင့်စဉ်တွေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေတွေကို သင်ကြားရပါမယ်။

စစ်အင်အားဟာ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုလုံး လူဦးရေရဲ့ သုညဒသမ ငါး ရာခိုင်နှုန်းထက် မကျော်လွန်ရဘူးလို့လည်း ပါရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့နိုင်ငံသားတိုင်း ဥပဒေအရ စစ်မှုထမ်းရမယ်လို့လည်း ဆိုပါတယ်။

အခန်း ၁၅ ပုဒ်မ ၂၁၂ ဖက်ဒရယ်ပြည်ထောင်စုသီချင်းအဖြစ် လက်ရှိနိုင်ငံတော်သီချင်းကိုပဲ ဆက်သုံးမယ်လို့ ဖော်ပြပြီး ရုံးသုံးဘာသာစကားကို မြန်မာနဲ့ အင်္ဂလိပ်အပြင် ပြည်နယ်အလိုက် တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေကိုလည်း သတ်မှတ်နိုင်တယ်လို့ ရေးသားထားပါတယ်။