ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ အပါအဝင် လက်မှတ်မထိုးထားတဲ့အဖွဲ့တွေနဲ့ပါ ဆက်သွယ်ဆွေးနွေး ဖို့ စီစဉ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန် (ခေါ်) မောင်တင်သစ်က ပြောပါတယ်။ တိုင်းရင်းသားတွေကလည်း ၂၀၀၈ ဖျက်သိမ်းရေးကို လိုလားတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီနောက် NLD ပါတီက အနိုင်ရကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသားပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ တွေဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ CRPH ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သူတို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ ပြင်ဆင်နေပြီး တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေဆုံဖို့ပြင်ဆင်နေတာလို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်က ပြောပါတယ်။
"တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဖြစ်ပါ တယ်၊ ဒီနှစ်ဖွဲ့စလုံးက တိုင်းရင်းသားတွေကိုယ်စားပြုတဲ့ အရေးကြီးတာတွေဖြစ်တဲ့အတွက် ကျနော်တို့က အားလုံးနဲ့ထိစပ်ပြီးတော့ အမြင်ဖလှယ်တာ၊ ဘုံရည်မှန်းချက်ရှာဖွေတာ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားပါမယ်၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ်မထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ရော အားလုံးကို ထိတွေ့ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်"
CRPH က တိုင်းရင်းသားပါတီတွေနဲ့ တွေဆုံဖို့ပြင်ဆင်နေတယ်ဆိုပေမယ့် ခုချိန်ထိ ဆက်သွယ်တာ မရှိ သေးဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဋ္ဌ ဦးစိုင်းလိတ်က ပြောပါတယ်။
၂၀၀၈ အောက်ကသွားတာမျိုးမဟုတ်ဘဲ ၂၀၀၈ ဖျက်သိမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးမှပဲ အဆင်ပြေလိမ့်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
"CRPH အနေနဲ့ စုရွေးလွှတ် လမ်းစဉ်အတိုင်းသွားမယ်ဆိုရင် ၂၀၀၈ အောက်ကိုပဲ ဝင်သွားတာဖြစ်တဲ့ အတွက်ကြောင့်မို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သွားချင်နေတဲ့လမ်းကြောင်းနဲ့ ကွဲလွဲနေပါတယ်၊ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးကိုပဲ အဓိကဦးတည်နေတဲ့ အင်အားစုတွေဖြစ်နေတယ်၊ အဲဒါကြောင့်မို CRPH အနေနဲ့ ၂၀၀၈ ကိုအမြစ်ဖျက်မလား မဖျက်ဘူးလားဆိုတဲ့မေးခွန်းက ပထမ ပေါ်ပေါက်ပါတယ်၊ အဲဒါကိုအရင်ရှင်းပြီးမှသာလျှင် ကျနော်တို့တွေဆုံဆွေးနွေးရေးကိစ္စက အဆင်ပြေ ပါလိမ့်မယ်"
စစ်ကောင်စီက အာဏာသိမ်းပြီး ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်းကာ ပါတီတွေနဲ့ တွေဆုံပွဲ လုပ်ရာမှာတော့ တိုင်းရင်းသားပါတီတော်တော်များများ တက်ရောက်ခဲ့ပေမယ့် တိုင်းရင်းသားပါတီတချို့ ကတော့ မတက်ခဲ့ပါဘူး။
CRPH အဖွဲ့က အပစ်ရပ်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ခုချိန်ထိ တရားဝင်အကြောင်းကြားတာမရှိသလို တွေ့ရင် ဘာတွေဆွေးနွေးမယ်ဆိုတာညှိနှိုင်းဖို့ လာမယ့် PPST အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
"အချင်းချင်းတိုင်ပင်မှရမယ့် တစ်ဖွဲ့ချင်းကတော့ ဘာမှမလုပ်သေးဘူး၊ ဒါကြောင့် ၁၁၊ ၁၂ လောက်မှာ အချင်းချင်းထိုင်ပြီးတော့ အဲဒီကိစ္စလည်းတိုင်ပင်မယ်၊ အဲဒီကိစ္စ ဆက်သွယ်လာရင် ဘယ်လိုလုပ်မလဲ ပေါ့ဗျာ၊ ဘယ်လိုကိုင်တွယ်မလည်းပေါ့ ပြင်ဆင်ထားမလို့ပါ၊ စုပေါင်းခေါင်း ဆောင်မှုနဲ့ လုပ်မှာပါ အဲဒါကို"
စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ GSCN ကလည်း အာဏာရှင်ပြုတ်ကျရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးကို တောင်းဆိုဆန္ဒပြနေကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကပါနေတဲ့အတွက် ဖက်ဒရယ် ဒီမိုကရေစီကို သွားလို့မရ တာကြောင့် ဖျက်သိမ်းရေးတောင်းဆိုတာလို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ GSCN ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
"၂၀၀၈ ဥပဒေမှာ တပ်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်ပါလာဦးမယ်၊ ဒါတွေရှိနေသရွေ့ ညီမတို့လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီက သွားလို့မရဘူး၊ ၂၀၀၈ အခြေခံဥပဒေကိုဖျက်မှ တိုင်းရင်း သားတွေ လူမျိုးပေါင်းစုံလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ရရှိမယ်၊ အဲဒါကြောင့် ကျမတို့ ဒါကိုဖျက်ဖို့တောင်းဆိုနေတာပါ"
CRPH ကလည်း ဖက်ဒရယ်ပြည်ထောင်စုသွားဖို့ ဆောင်ရွက်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်က ပြောပါတယ်။
"ရှေ့ဆက်ပြီးဆောင်ရွက်မယ့်ခြေလှမ်းတွေကတော့ ၂၀၀၈ ဆိုတာကျန်ခဲ့ပါပြီ၊ ကျနော်တို့ နိုင်ငံကို တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆီဦးတည်တဲ့ ဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာအောင် ဦးတည် ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံသစ် ထူထောင်မယ့် ကိစ္စမှာဆိုရင်တော့ တိုင်းရင်းသားအပါအဝင် ဒီမိုကရေစီ အင်အားစုတွေ အားလုံးက ဘုံသဘောတူညီချက်ရပြီးဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်၊ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင် မယ် ဆွေးနွေးမယ်၊ တိုင်ပင်ပြီးတော့မှ အဖြစ်နိုင်ဆုံး ကိုယ်စားပြုမှုပါဝင်တဲ့ အစိုးရသစ် တခုဖြစ်အောင် ဖော်ဆောင်သွားရမှာဖြစ်ပါတယ်"
စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးကို တိုင်းရင်းသားတွေ၊ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။