Burma Act အတည်ပြုမှု မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်ကြောင်း လှုံ့ဆော်သူတွေ ပြော
2022.12.13
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ရက်နေ့က အမေရိကန်အောက်လွှတ်တော်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူဖို့ နဲ့ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို ကူညီထောက်ပံ့မယ့် Burma Act ဥပဒေကြမ်းကို အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မဲခွဲအတည်ပြုခဲ့ပါတယ်။
ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ တာဝန်ယူတင်သွင်းခဲ့တဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်တော် အမတ် Gregory Meeks က အခုလို အတည်ပြုနိုင်ခဲ့တာဟာ ဒီမိုကရေစီပြန်ရဖို့ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူအားလုံးအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ရုံတင်မကဘဲ လူသတ်နေတဲ့ မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းဖို့ အရေးကြီးတဲ့အဆင့်တစ်ဆင့် ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
အမေရိကန်နိုင်ငံမှာ သက်ဆိုင်ရာပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ်တွေကို ဆက်သွယ်ပြီး Burma Act ဥပဒေကြမ်းကို ထောက်ခံပေးရေးတောင်းဆိုကြဖို့ အမေရိကန်နိုင်ငံတစ်ဝန်းက မြန်မာနွယ်ဖွားတွေအကြားမှာ တိုက်တွန်းလှုံ့ဆော်ခဲ့တဲ့ Michael Haack က အခုအောက်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ ပါဝင်စေချင်တဲ့ အကြောင်းအရာ အားလုံးပါဝင်တဲ့အတွက် စိတ်ကျေနပ်မှုရှိတယ်လို့ ပြောပါတယ်။
“အောက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ Burma Act ဥပဒေကြမ်းကို စိတ်ကျေနပ်မှု ရှိပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းက မြန်မာတွေ၊ အထူးသဖြင့် အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေရဲ့ တောင်းဆို လှုပ်ရှားမှုတွေကြောင့် အခုလို ဥပဒေ အတည်ပြုနိုင်ခဲ့တာပါ။ သာမန်လူတန်းစားတွေကို ပစ်မှတ်ထား လှုံ့ဆော်တဲ့ grass root activism လှုပ်ရှားမှုတွေ ဘယ်လောက် ထိရောက်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒီဥပဒေကြမ်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း နှစ်ပေါင်းများစွာအတွင်းမှာ အမေရိကန်အောက်လွှတ်တော်ကနေ အတည်ပြုပေးလိုက်တဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဥပဒေတွေထဲမှာ အရေးအကြီးဆုံး ဥပဒေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန် အစိုးရကို တိုက်တွန်းလှုံ့ဆော်ပြီး lobby လုပ်ရတာ အလွန်ကြန့်ကြာပြီး လိုသလို ဖြစ်မလာတတ်ပေမယ့် နောက်ဆုံးမှာ အပြောင်းအလဲတစ်ခုခု ဖြစ်လာတယ်ဆိုတာ ပြသနေပါတယ်။”

ဒီဥပဒေကြမ်းကို အောက်လွှတ်တော်ကနေ အတည်ပြုလိုက်တာဟာ မြန်မာ့အရေးလှုပ်ရှားသူအားလုံးအတွက် အောင်မြင်မှုတစ်ခုဖြစ်ပြီး အမေရိကန် အောက်လွှတ်တော်အမတ်အများစုက အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ Campaign for New Myanmar အဖွဲ့က Simon Billeness က ပြောပါတယ်။
“ဒါက ကျွန်တော်တို့ အားလုံးအတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါ။ ဒီ Burma Act ဥပဒေ အတည်ပြုနိုင်ဖို့ lobby လုပ်ပြီး ပါဝင်ကြိုးပမ်းခဲ့ကြတဲ့သူအားလုံးအတွက် အောင်မြင်မှု ဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာတွေနဲ့ အမေရိကန် နိုင်ငံသားတွေက သက်ဆိုင်ရာ အောက်လွှတ်တော် အမတ်တွေဆီကို စာအစောင်ရေ ငါးသောင်းခွဲလောက်အထိ ရေးသားပေးပို့ပြီး ဒီဥပဒေကြမ်းကို ထောက်ခံမဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ လွှတ်တော် အမတ်တွေ၊ တာဝန်ရှိသူတွေကို Zoom နဲ့ ကော လူကိုယ်တိုင်ကော အကြိမ်ရာဂဏန်းလောက်အထိ အစည်းအဝေးတွေ လုပ်ပြီး Burma ACT ဥပဒေကို ထောက်ခံဖို့ တင်ပြတောင်းဆိုခဲ့ပါတယ်။ အခုဆိုရင် ဒီဥပဒေကို အမေရိကန် အောက်လွှတ်တော်တစ်ခုလုံးနီးပါး ထောက်ခံပြီး အတည်ပြုနိုင်ခဲ့တာဟာလည်း အမေရိကန် လွှတ်တော်အမတ်တွေအကြားမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အားပေးထောက်ခံမှု ရှိနေတာကို ပြနေပါတယ်။ ဒီဥပဒေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအတွက် ဘဏ္ဍာငွေရဖို့ လမ်းပွင့်သွားစေပါတယ်။ ဒီဥပဒေက သမ္မတဘိုင်ဒင် အစိုးရအနေနဲ့ မြန်မာနိုင်ငံအရေးအတွက် ပိုပြီးအာရုံစိုက် လုပ်ပေးဖို့ တွန်းအားပေးလိုက်တာလည်း ဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်က အမြန်ဆုံးလက်မှတ်ရေးထိုး အတည်ပြုပြီး ဥပဒေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Scot Marciel ကတော့ နောက်ဆုံးအတည်ပြုပြဌာန်းလိုက်တဲ့ NDAA ဥပဒေမှာပါဝင်တဲ့ အသေးစိတ်စကားလုံးအသုံးအနှုန်းတွေကို စောင့်ကြည့်ရမယ်လို့ သုံးသပ်ပါတယ်။
“ဒီဥပဒေကြမ်းကို အောက်လွှတ်တော် အမတ်အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုလိုက်နိုင်တာဟာ အမေရိကန်နိုင်ငံမှာ အဓိက ပါတီနှစ်ခုလုံးက စစ်ကောင်စီကို ဖိအားပေးဖို့နဲ့ စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေကို အခုထက်ပိုပြီး အားပေးထောက်ခံဖို့ လိုလားနေတာ ပြသနေပါတယ်။ ဒီဥပဒေကြောင့် လက်တွေ့ ကျတဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာကတော့ နောက်ဆုံးပေါ်ထွက်လာတဲ့ ဥပဒေရဲ့ အသေးစိတ်အပေါ်မှာ မူတည်ပါလိမ့်မယ်။ အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီကို တိုးပြီး ပိတ်ဆို့ အရေးယူဖို့ နဲ့ NUG ကို ငွေကြေးထောက်ပံ့ဖို့ မဖြစ်မနေ လုပ်ရမယ် ‘required’ လို့ ရေးထားရင် ပိုပြီး ထိရောက်မှု ရှိပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အမေရိကန်အစိုးရကို လုပ်ဖို့ ခွင့်ပြုတယ် ‘authorized’ ဆိုရင်တော့ ရွေးချယ်ခွင့်ရှိတဲ့ သဘောဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု နည်းနိုင်ပါတယ်။”

ဒီ Burma Act ဥပဒေကြမ်းကိုပဲ အောက်လွှတ်တော်က ထုတ်ပြန်ချက်နဲ့ အထက်လွှတ်တော်က ထုတ်ပြန်ချက်နှစ်ခုအကြားမှာ ကွာခြားချက်အချို့ ရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း Michael Haack က အခုလို ပြောပါတယ်။
“အောက်လွှတ်တော်ရဲ့ ဥပဒေကြမ်းထဲမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့အတွက်ကို မဖြစ်မနေ လုပ်ဖို့ mandatory section မှာ ထည့်ထားပေမယ့်၊ အထက်လွှတ်တော်ရဲ့ ဥပဒေကြမ်းထဲမှာတော့ ရွေးချယ်လို့ရမယ့် discretionary section ထဲမှာ ထည့်ထားပါတယ်။ အောက်လွှတ်တော်ရဲ့ မူကြမ်းထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကို ငွေကြေးထောက်ပံ့မယ့် ပမာဏအတိအကျ ပါပါတယ်။ အထက်လွှတ်တော်ရဲ့ မူကြမ်းမှာ မပါပါဘူး။ နောက်တစ်ခုက ဒီဥပဒေကြမ်းထဲမှာ စစ်ကောင်စီကို ပိတ်ဆို့အရေးယူတဲ့အထဲမှာ ၁၉၉၇ ခုနှစ် မတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေကို ခြွင်းချက်ပေးဖို့ ဆိုတဲ့ အပုဒ်ပါနေပါတယ်။ ဒါက Chevron ရေနံကုမ္ပဏီရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့်လို့ ထင်ပါတယ်။ အထက်လွှတ်တော်က အတည်ပြုမယ့် ဥပဒေကြမ်းမှာလည်း ဒီအတိုင်းပဲဆိုရင်တော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်တဲ့နေရာမှာ အားလျော့သွားနိုင်မှာ ဖြစ်ပါတယ်။”

ဒီဥပဒေကြမ်းထဲမှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ NUG၊ NUCC နဲ့ CRPH တို့ကို အားပေးထောက်ခံသွားဖို့၊ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင် လုပ်ငန်းတွေက အကြီးအကဲတွေကို ပိတ်ဆို့အရေးယူဖို့၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ICJ တရားရုံးနဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး ယန္တရား IIMM တို့ရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံသွားဖို့၊ အရေးပေါ် အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီကို ကြားမခံဘဲ ပေးအပ်သွားဖို့၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ CDM ဝင်ရောက်လာတဲ့ စစ်သားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တပ်ဖွဲ့တွေကို လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှုတွေလုပ်ဖို့ ပါရှိပါတယ်။