လေးလအတွင်း PDF တပ်ဖွဲ့ဝင် ၁၈၀ နီးပါး သေဆုံး
2023.05.01

ဒီနှစ်ရဲ့ပထမလေးလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၇၉ ဦးသေဆုံးခဲ့တယ်လို့ ငြိမ်းချမ်းရေးနဲ့ စစ်ရေးတွေကို မှတ်တမ်းပြုစုနေတဲ့ Myanmar Peace Monitor ရဲ့ အပတ်စဉ်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ သေဆုံးတဲ့အထဲမှာ စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ကယားပြည်နယ်က PDF တပ်ဖွဲ့ဝင်တွေအများဆုံးလို့ ဆိုပါတယ်။
ဒီစာရင်းနဲ့ပတ်သက်လို့ ဘယ်လိုစစ်တမ်းကောက်ယူထားလဲဆိုတာ Myanmar Peace Monitor အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ အမည်မဖော်လိုတဲ့ တာဝန်ခံတစ်ဦးက - သူတို့အနေနဲ့ BNI လို့ ခေါ်တဲ့ Burma News International ရဲ့ အဖွဲ့ဝင်သတင်းဌာနတွေ၊ မြေပြင်သတင်းထောက်တွေ ပေးပို့တာတွေ ကို စိစစ်အတည်ပြုပြီး ထုတ်ပြန်တာလို့ RFA ကို ပြောပါတယ်။
"ရှင်းလင်းရေးပြန်ဝင်တဲ့အချိန်မှာ ဆိုင်ကယ်တွေရော မီးပုံရှို့ထားတော့ အရိုးနဲ့ပြာပဲရလိုက်တယ်”
ပြည်သူ့ကာကွယ်ရေးတပ်တွေလို့ ပြောတဲ့အခါမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်မှာ ဖွဲ့ထားတဲ့ PDF တွေနဲ့ ဒေသခံပြည်သူတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွဲ့ထားတဲ့ ကာကွယ်ရေးတပ်ဆိုပြီး အနည်းဆုံးနှစ်မျိုးရှိပါတယ်။
ဒါကြောင့် အခုထုတ်ပြန်တဲ့ သေဆုံးသူတွေက ဘယ် PDF အဖွဲ့ကလဲဆိုတာနဲ့ ပတ်သက်လို့တော့ သူတို့အနေနဲ့ ခွဲခြားကောက်ယူထားတာ မဟုတ်ဘဲ အားလုံးကိုခြုံပြီး အချက်အလက်ကောက်ယူထားတာလို့ Myanmar Peace Monitor က ပြောပါတယ်။
သေဆုံးရတဲ့ PDF တွေဟာ စစ်ရေးအရအလစ်အငိုက် တိုက်ခိုက်ခံရလို့ ကျဆုံးတာရှိသလို၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။
ဖြစ်ရပ်တစ်ခုမှာဆိုရင် ဧပြီလ ၅ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်က M7 PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ စီးနင်းတိုက်ခိုက်လို့ အဲဒီစခန်းမှာရှိတဲ့ PDF တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
စခန်းကို တောတောင်နဲ့ လျှိုမြောင်တွေကြားထဲ တည်ဆောက်ထားတာဖြစ်ပေမယ့် လေကြောင်းကနေ အလစ်အငိုက်တိုက်ခိုက်စီးနင်းခံခဲ့ရတာလို့ M7- PDF တပ်ရင်းမှူး ဗိုလ်မင်းရောင်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့မှာ လေယာဉ်ကို ပြန်ပြီး ခုခံနိုင်တဲ့အခြေအနေ မရှိဘူးဗျ။ ဒါပေမဲ့ နယ်မြေအနေအထားအရ လေယာဉ်နဲ့ပစ်ရုံနဲ့တင် ကျ (သေဆုံး) စရာတော့ မရှိဘူး။ ကျွန်တော်တို့နေရာက တကယ့်ကို နယ်မြေခံတွေ တချို့တောင် ဒီနေရာကို ကောင်းကောင်းမသိကြဘူး။ လျှိုတွေ၊ ချောင်းတွေ တော်တော်ကောင်းတယ်။ ဘေးကနေ ချ (လေယာဉ်ပေါ်ကနေ) တော့ ကလေးတွေပိတ်မိပြီး ဆုံးရှုံးလိုက်ရတာ။ အလောင်းတွေပြန်တွေ့တော့ အကုန်လုံးမီးရှို့သွားတာ။ ရှင်းလင်းရေးပြန်ဝင်တဲ့အချိန်မှာ ဆိုင်ကယ်တွေရော မီးပုံရှို့ထားတော့ အရိုးနဲ့ပြာပဲရလိုက်တယ်”
နောက်ထပ်ဖြစ်ရပ်တစ်ခုကလည်း၊ ဧပြီလ ၄ ရက်နေ့က ဝက်လက်မြို့နယ်ထဲမှာ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ခုနစ်ဦးသေဆုံးခဲ့ပါတယ်။
လက်နက်အင်အားသာလွန်တဲ့ စစ်ကောင်စီတပ်ကို တစ်ထောင့်ထိုး လက်လုပ်သေနတ်တွေနဲ့ခုခံရင်း PDF တွေ သေဆုံးခဲ့ရတာလို့ GZ Special Task Force – Wetlet အဖွဲ့ခေါင်းဆောင် ကိုဂျီဇာတ်က RFA ကို ပြောပါတယ်။
“အဓိကတော့ လက်နက်မပြည့်စုံတာပေါ့။ လက်နက်မပြည့်စုံတဲ့အချိန်မှာ တစ်ဖက်က လက်နက်အင်အားရော၊ စစ်ပညာရော ကျွမ်းကျင်တဲ့အနေအထားဆိုတော့ နှစ်ဖက်ရင်ဆိုင်တဲ့အခါမှာ ကိုယ့်ဘက်က တစ်တောင့်ထိုးတွေပဲရှိတာကို၊ တစ်ဖက်က မောင်းပြန်တွေ၊ စက်လက်နက်တွေနဲ့လေ။ ကျွန်တော်တို့ရဲ့ ဝက်လက်မြို့နယ်ရဲ့ အနေအထားကလည်း အကုန်လုံးကမြေပြန့်တွေပဲလေ။ မျက်စိတစ်ဆုံးမြင် နေရတဲ့ မြင်ကွင်းတွေပဲဆိုတော့ ကိုယ့်ဘက်က ရဲဘော်တွေပေးလိုက်ရတဲ့ အနေအထားပေါ့”
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ဇေယျာကုန်းရွာနားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး PDF ဘက်က ခုနစ်ဦးသေဆုံးခဲ့ပါတယ်။
ဧပြီလ ၃ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက မအူရဲစခန်းကို PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ စခန်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ သလို PDF ပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်၊ ခဲယမ်းမပြည့်စုံလို့ခံရတာလို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက RFA ကို ပြောပါတယ်။
“တိုက်ပွဲက နှစ်နာရီ၊ သုံးနာရီလောက်ကြာတဲ့အခါ ဘယ်လိုမှကျည်က မရှိနိုင်တော့ဘူး။ ရှေ့ဆုံးမှာ တိုးရတဲ့အဖွဲ့ပေါ့နော်၊ ပစ်အားထည့်ရတဲ့အဖွဲ့မှာ ကျည်ကမရှိတော့ဘူး။ မရှိတော့ရပ်နေလို့လည်း မရဘူး။ တစ်ဖက်မှာလည်း စစ်ကြောင်းနှစ်ကြောင်းခွဲ တိုက်နေတာ တစ်ကြောင်းကလည်း ရှေ့ကိုတိုးနေတယ်။ တစ်ကြောင်းက ကျည်ကုန်သွားတယ်၊ တိုးလာတဲ့ စစ်ကြောင်းကိုဟိုဘက် (စစ်ကောင်စီဘက်) က ဖိပြီးပစ်နေတယ်။ ဒီဘက်ကလည်း ကျည်ကုန်သွားတော့ ဘာမှမလုပ်ပေးနိုင်တော့ ခဲနဲ့ပဲကောက်ထုရတာပေါ့ဗျာ၊ ခဲတွေပဲရှိတော့”
စစ်ကိုင်းနဲ့ မကွေးက PDF ခေါင်းဆောင်လေးဦးကတော့ မြို့နယ်အတွင်း PDF တပ်တွေ မဟာမိတ်အဖြစ် ပိုပြီးပူးပေါင်းဖို့လိုနေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တစုတစည်းတည်း ရှိမနေတာက စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ ပြောပါတယ်။
အဲဒီဒေသတွေမှာ အဓိကရင်ဆိုင်နေကြရတာက စစ်ကောင်စီကို ခုခံတော်လှန်ဖို့ လက်နက်၊ ခဲယမ်း အကန့်အသတ် ရှိနေတာပါ။
CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက် ခဲယမ်း လိုအပ်ချက်ရှိနေပြီး စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ သုံးသပ်ပါတယ်။
“ဒီထက်ပိုကောင်းမယ့် လက်နက်ကြီးတွေ လိုအပ်ပါတယ်။ ပြောက်ကျား နည်းဗျူဟာမှာ တော်လှန်ရေးတပ်တွေရဲ့ စွမ်းရည်က တအားတိုးတက်နေပြီလို့ ပြောလို့ရပေမယ့် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံတဲ့နေရာမှာတော့ လိုအပ်ချက်တော်တော်များများ ရှိနေသေးတာကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရပါလိမ့်မယ်”
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ကာကွယ်ရေး ဝန်ကြီးဌာနအောက်က PDF တွေကို စစ်ရေးစွမ်းရည်တွေမြှင့်တင်ပေးနေ သလို MOD အောက်မှာ မရှိတဲ့ Local - PDF တွေကိုလည်း အကူအညီပေးနေပါတယ်လို့ ပြောပါတယ်။
“MOD ရဲ့ COC အောက်မှာရှိတဲ့ PDF တွေကိုတောင် ကျွန်တော်တို့က အပြည့်အဝ လက်နက်တပ်ဆင်ပေးနိုင်ခြင်းမျိုး မရှိသေးပါဘူး။ သင်တန်းတွေအနေနဲ့ကတော့ စစ်ရေးစွမ်းရည်၊ စိတ်ဓာတ်စွမ်းရည်၊ Psycho test တွေ ဒါတွေအကုန်လုံးကတော့ ကျွန်တော်တို့ တောက်လျှောက်ပေးနေတာရှိပါတယ်။ ဒါက MOD အောက်က PDF တွေပေါ့နော်။ LPDF (ဒေသကာကွယ်ရေးတပ်ဖွဲ့) တွေကိုတော့ ကျွန်တော်တို့က သူတို့နဲ့ သက်ဆိုင်ရာ တိုင်းရင်းသား အင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ လိုအပ်ချက်တွေကို အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးပေးနေတာရှိပါတယ်”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တန်ပြန်ထိုးစစ် မလုပ်နိုင်သေးတဲ့အချိန်မှာ စစ်ကောင်စီဘက်က ဖိနှိပ်ချေမှုန်းနေတာလို့ RFA ကို ပြောပါတယ်။
“အခုက ၂၀၂၃ ခုနှစ်အတွင်းမှာ NUG ဦးဆောင်တဲ့ PDF တွေအနေနဲ့ တန်ပြန်ထိုးစစ် လုပ်မယ်လို့ ကြေညာခဲ့ပေမယ့် ဒီသုံးလခွဲအတွင်းမှာ တန်ပြန်ထိုးစစ်ဆင်နိုင်တာ မတွေ့ရပါဘူး။ အဲလိုမရှိသေးတဲ့အတွက် တစ်ဖက်ကလည်း စစ်ကောင်စီတပ်တွေက လည်း NUG၊ PDF တွေနောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ ထိုးစစ်တွေဆင်လာလိမ့်မယ် ဆိုတာကိုမြင်တဲ့အတွက် အခုချိန်မှာ PDF တွေကို နှိမ်နင်းတိုက်ခိုက်တာတွေ ရှိလာတယ်”
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကို နိုင်ငံတကာကလည်း စစ်ရေးအကူအညီတွေ ထိထိရောက်ရောက် မပေးကြသေးပါဘူး။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက PDF ၁၅၁၀ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆိုပါတယ်။