စစ်ကိုင်းတိုင်းမှာ ဆယ်ရက်ကျော်အတွင်း ဒေသခံ ၁၂ ဦး အသတ်ခံရပြီး နေအိမ်ငါးရာကျော် မီးရှို့ခံရ

2022.09.02
စစ်ကိုင်းတိုင်းမှာ ဆယ်ရက်ကျော်အတွင်း ဒေသခံ ၁၂ ဦး အသတ်ခံရပြီး နေအိမ်ငါးရာကျော် မီးရှို့ခံရ ကောလင်းမြို့ တောင်မော်တိုက်နယ် ကန်လည်ကြီးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kawlin Revolution-KR

စစ်ကိုင်းတိုင်း ကန့်ဘလူ ကျွန်းလှနဲ့ ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဩဂုတ် လ ၂၂ ရက်နေ့က စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် မနေ့က စက်တင်ဘာ လ ၁ ရက်နေ့ထိ ဒေသခံ ၁၂ ဦး သတ်ဖြတ်ခံခဲ့ရသလို ရွာပေါင်းကိုးရွာက နေအိမ်ငါးရာ ကျော် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်ရှိအချိန်အထိ အဲဒီ သုံးမြို့နယ်မှာ မီးရှို့ခံရတဲ့ ရွာပေါင်း ၅၀ နီးပါးရှိပြီဖြစ်ပြီး ဘေးလွတ် ရာ ထွက်ပြေးနေရတဲ့ ဒေသခံတွေကလည်း ရွာပေါင်း ၈၀ လောက်ကနေ နှစ်သောင်းကျော်ရှိ ပြီလို့ ဆိုပါတယ်။

"ဒေသခံတွေ အကုန်ပြေးနေရတယ်၊ မိုးကရွာ နေစရာကမရှိနဲ့ အကုန်ဒုက္ခသည်ရောက်နေကြတာ”

ဒီ ၁၁ ရက်အတွင်း ဒေသခံ ၁၂ ဦး သေဆုံးပြီး ကျွန်းလှထဲက ကုန်သီး၊ ပေပင်ချောင်း၊ မှောတုံရွာတွေကတော့ မနေ့ကထိ မီးရှို့ခံနေရဆဲဖြစ်တယ်လို့ NLD ပါတီရဲ့ ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကို ပြောပါတယ်။

“ကျွန်းလှမြို့နယ် မှော်တုံရွာကိုတော့ ဒီနေ့အထိ မီးဆက်ရှို့နေတယ်။ ၂၃ ရက်နေ့က တည်ပင်ဆိပ်ရွာနားက ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့မရနိုင်တဲ့ အလောင်းရှစ်လောင်း တွေ့တယ်ပေါ့။ အဲဒါတွေက မီးလောင်ဒဏ်ရာတွေနဲ့ဆိုတော့ မီးရှို့သတ်ခံရတာလည်း ဖြစ်နိုင်သလို ဒီလက်နက်ကြီးကြောင့် မီးလောင်ပြီး သေတာလည်း ဖြစ်နိုင်တယ်။ ဒါတွေကိုတော့ အတည်မပြုနိုင်သေးဘူးဗျ။ ၂၃ ရက်နေ့ည ၁၁ နာရီ မိနစ်၂၀ မှာ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာကို ဖိုက်တာဂျက်သုံးစီးနဲ့ ပစ်တယ်။ ဒေသခံ ငါးဦးထိတာ ဒေသခံ လေးယောက် ဆုံးရှုံးသွားတယ်”

Kawlin Revolution-KR အဖွဲ့ကလည်း စစ်ကောင်စီတပ်က သစ်ဆိမ့်ကုန်းရွာကို လေ ကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ နှစ်ကျော်အရွယ် မောင်ပြည့်စုံ အပါ အဝင် ကိုမိုးအောင်၊ ကိုဇင်မျိုးထွန်းနဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ကိုးလနဲ့ မဖြူဇာဝင်းတို့ သေဆုံး ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သစ်ပင်ဆိပ်ရွာနဲ့ သစ်ဆိမ့်ကုန်းရွာက သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားလို့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဩဂုတ်လ ၂၂ ရက် နဲ့ ၂၃ ရက်နေ့တွေက ကန့်ဘလူနဲ့ ကောလင်းမြို့နယ်အစပ်မှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၀ ကျော် သေဆုံးခဲ့သလို အရာရှိသုံးဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဒေသခံ PDF အဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအပြီး နောက်နေ့ကစလို့ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကို စစ်ကောင်စီ တပ်က စတင်မီးရှို့ခဲ့သလို စစ်ကြောင်းထိုးတဲ့ ရွာတွေတစ်လျှောက် ဆက်တိုက်မီးရှို့ခဲ့တယ်လို့ အောင်ချမ်းသာရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေယာဉ်နဲ့ လာချသွားတဲ့ စစ်ကြောင်းတွေက မီးရှို့ပါတယ်ဗျ။ ကျနော်တို့ ၂၂ ရက်မှာ တိုက်ပွဲဖြစ်တာပေါ့။ ၂၃ ရက် နေ့မှာ ရှို့တာဗျ။ အိမ်ခြေပေါင်း ၇၅ လုံး ရှိပါတယ်။ သူတို့ ဝင်တဲ့ ရွာတိုင်းလိုပါပဲဗျာ ရှို့နေတာကတော့ ရွာပေါင်းတော်တော်များနေပြီ။ ကျနော်တို့ အောင်ချမ်းသာရွာက စစ်ရှောင်နေရတုန်းပဲ။ အနီးအနားက ပြည်သူလူထုတွေကလည်း ထောက်ပံ့တာလေးတွေ ကျနော်တို့ စားသောက်နေကြတယ်။ ဒါပေမဲ့ မိုးကရွာတာနဲ့ဆို တော့ အရမ်းဆင်းရဲနေတာပေါ့။ စားနပ်ရိက္ခာရော ဆေးဝါးတွေကအစ အကုန်လုံးပေါ့”

လက်ရှိမှာ ကောလင်းမြို့နယ် အောင်ချမ်းသာရွာက နေအိမ် ၇၅ လုံး၊ ကျွန်းလှမြို့နယ် ကုန်းစည်းရွာက နေအိမ် ၅၉ လုံး၊ တည်ပင်ဆိပ်ရွာက နှစ်လုံး၊ အိမ်ခြေရွာက ၉၅ လုံး၊ အင်းလျှားရွာက ၁၇ လုံး၊ ရွာကုန်းကြီးရွာက ၅၃ လုံးနဲ့ ကုန်သီး၊ ပေပင်ချောင်းနဲ့ မှော်တုံ ရွာသုံးရွာပေါင်း ၂၂၀ ကျော်၊ စုစုပေါင်း ငါးရာကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့ အိမ်ခြေရွာကိုလည်း စစ်ကြောင်းက ဩဂုတ်လ ၂၉ ရက်နေ့မှာ မီးဝင်ရှို့သွား တာလို့ အိမ်ခြေရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော့်အိမ် အုတ်တိုက်တောင် ပြာကျသွားပြီ အကုန်လုံး ၉၅ လုံးပါသွားတယ်။ အခု အခြေအနေကတော့ အိမ်ကိုမကပ်ရဲဘူး နေစရာလည်း မရှိဘူး။ ဒေသခံတွေ အကုန် ပြေးနေရတယ်၊ မိုးကရွာ နေစရာကမရှိနဲ့ အကုန်ဒုက္ခရောက်နေကြတာ”

ကောလင်းနဲ့ ကန့်ဘလူမြို့နယ်ထဲက မီးရှို့ခံရတဲ့ရွာတွေကိုတော့ စစ်ကောင်စီတပ်က တယ် လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မီးလောင်တဲ့အခြေ အနေ အတိအကျကို အတည်ပြုလို့ မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကျွန်းလှမြို့နယ် ရွာကုန်းကြီးနဲ့ ကိုင်းဝန်းရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲ ထားဆဲဖြစ်သလို စက်တင်ဘာလ ၁ ရက် မနေ့ညကလည်း အဲဒီပတ်ဝန်းကျင်ကို ဂျက်တိုက် လေယာဉ်နဲ့ လာပစ်တယ်လို့ ကျွန်းလှမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါ တယ်။

“လောလောဆယ် စစ်ကြောင်းတွေက မထွက်ဘူး။ ဘယ်ကိုမှ မထွက်ဘူး။ မနေ့ညက တော့ တိုက်လေယာဉ်နဲ့ လာပစ်တယ်။ အဲဒီ သူတို့ စစ်ကြောင်းရှိတဲ့ ပတ်ဝန်းကျင်ကို လှည့်ပစ်သွားတာဗျ။ သူတို့စစ်ကြောင်းရှိတဲ့နေရာနဲ့ ကျနော်တို့ စခန်းပတ်ဝန်းကျင်ရယ် ဒီကောင်တွေက ကြားထဲမှာပဲ ပစ်သွားတာဗျ။ ရွာကုန်းကြီးနဲ့ ကိုင်းဝန်းကြားပဲ အထိ အခိုက်တော့ မရှိဘူး”

kawlin-bomb.jpg
ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှ ကျန်ရှိခဲ့သည့် အပိုင်းအစအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ် (Photo: Kawlin Revolution-KR)

စစ်ကောင်စီတပ်သားတွေဟာ အခုနောက်ပိုင်း ရွာတွေထဲဝင်တဲ့အခါ အရင်လို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ပြီးမှ ဝင်တာမျိုး မလုပ်တော့ဘဲ တိတ်တဆိတ်ဝင်ရောက်တာမျိုးသာ လုပ်နေတယ်လို့လည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရွာတွေကို ဝင်ရောက်မီးရှို့တာနဲ့ ဒေသခံတွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ် ကောင်စီရဲ့ စစ်ကိုင်တိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူရဲ့တပ်ဖွဲ့တွေဟာ မြေပြင်မှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ကုလ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer နဲ့ ဩဂုတ်လ ၁၇ ရက် တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံး မီးလောင်မှုဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဩဂုတ်လ ၂၉ ရက် ထုတ်ပြန်ချက်ရ အာဏာသိမ်းတစ်နှစ်ခွဲကျော် အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်အလုံးပေါင်း ၂၈,၄၃၄ လုံး မီးရှို့ခံခဲ့ရပြီး စစ်ကိုင်းတိုင်းက နေအိမ် ၂၀,၁၅၃ လုံးနဲ့ အများဆုံး ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။