မန္တလေးတိုင်း မြို့နယ်သုံးခုမှာ ဒေသခံ ၁၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

2022.10.05
မန္တလေးတိုင်း မြို့နယ်သုံးခုမှာ ဒေသခံ ၁၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှ ဦးမြင့်ဇော်လင်း၏ နာရေးကြော်ငြာဆိုင်းဘုတ်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ပေးပို့

မန္တလေးတိုင်း ညောင်ဦး၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ အောက်တိုဘာ ၂ ရက် ကနေ ၄ ရက်နေ့အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အပါအဝင် အရပ်သား ၁၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီထဲမှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး တစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။ သေဆုံးသူ အားလုံးဟာ လည်လှီးခံထားရတာနဲ့ လမ်းပေါ်မှာ အလောင်းစွန့်ပစ်ထားတဲ့ ပုံစံတွေက တူညီနေတယ်လို့လည်း ပြောကြပါတယ်။

ညောင်ဦးမြို့နယ်၊ ဆည်ရွာမှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အသက် ၆၈ နှစ်အရွယ် ဦးကျော်ဝင်းကို အမည်မသိ လူတစ်စုက အောက်တိုဘာ ၂ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးသွားပြီးနောက် အဲဒီနေ့ မနက်ပိုင်းမှာပဲ ဆည်ရွာရဲ့ လမ်းဘေး မှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီမှာလည်း ဆည်ရွာမှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမြင့်ဇော်လင်းကို အရပ်ဝတ် လူ ၂၀ ခန့်က ဖမ်းဆီး သွားပြီးနောက် နောက်တစ်ရက် မနက်မှာ သူ့ရုပ်အလောင်းကို ညောင်ဦးမြို့ရှောင်လမ်း ရထားသံလမ်းအနီးမှာ ပြန်တွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။

အလားတူ စဉ့်ကူမြို့၊ တောင်လပ်ရပ်ကွက်က NLD ပါတီဝင်တွေဖြစ်တဲ့ အသက် ၅၂ အရွယ် ဦးဝင်းအောင်မိုး၊ အသက် ၄၀ အရွယ် ကိုငြိမ်းချမ်းမင်းနဲ့ အသက် ၃၀ နှစ်အရွယ် မသော်မီ တို့ကို အောက်တိုဘာ ၂ ရက်နေ့ ညသန်းခေါင်ယံမှာ အရပ်ဝတ်နဲ့ လူခုနစ်ဦးက ဖမ်းဆီး သွားပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း တွေကို ပြန်တွေ့ခဲ့ကြရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ညောင်ဦးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဘယ်သူက ခေါ်သွားတယ်ဆိုတာတော့ ဘယ်သူဘယ်ဝါရယ်လို့ ကျနော်တို့လည်း မသိဘူး။ လေး၊ ငါး၊ ခြောက်ယောက်ပဲ ခေါ်သွားတာ။ လက်နက်တွေလည်း ပါတယ်။ ဓားလည်းပါတယ်ဆိုတော့လေ။ (အောက်တိုဘာလ ၃ ရက်) မနက် ၅ နာရီ မတ်တင်း လောက်ကျတော့ (၅ နာရီ ၄၅ မိနစ်) စဉ့်ကူမြို့အထွက်နားလေးမှာ အဲဒီလို ရုပ် အလောင်း သုံးလောင်း တွေ့တာပဲ။ လည်ပင်းကို ဓားနဲ့လှီးထားတာတွေပဲ တွေ့တယ်။ သုံးယောက်စလုံးမှာ။ လက်ပြန်ကြိုး တစ်ယောက်ကိုတော့ တုတ်လို့။ တုတ်ခံရသူက ကိုဝင်းအောင်မိုးတဲ့"

သတ်ဖြတ်ခံရသူတွေဟာ ဘယ်အဖွဲ့အစည်းမှာမှ ပါဝင်ပတ်သက်တာမရှိသလို ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာကိုလည်း မသိရဘူးလို့ သူက ပြောပါတယ်။

အလားတူပဲ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဒေသခံအမျိုးသား ငါးဦးကို စစ်ကောင်စီ တပ် ယူနီဖောင်းတွေ ဝတ်ဆင်ထားသူတွေက အောက်တိုဘာ ၃ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်နေ့ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ မြို့နဲ့ နှစ်မိုင်ကျော်အကွာက ဇရပ်အနီးမှာ အသက် ၅၅ နှစ်အရွယ် ဦးကျော်ဆန်း၊ နွားထိုးကြီး - မြစ်သားလမ်းပေါ် ထန်းဂွရွာလမ်းဆုံမှာ နွားထိုးကြီးမြို့ခံ အသက် ၅၆ နှစ်အရွယ် ဦးလှစိုးနဲ့ ၄၇ နှစ်အရွယ် ဦးသိန်းလွင်၊ ထန်းဂွ ရွာသား ၄၂ နှစ်အရွယ် ဦးကျော်မင်းနဲ့ ၃၈ နှစ်အရွယ် ဦးဇင်မင်းတို့ရဲ့ ရုပ်အလောင်း အသီးသီးကို ပြန်တွေ့ခဲ့ကြရတယ်လို့ နွားထိုးကြီးဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းမှာ လည်ပင်းပြတ်ရှ ဒဏ်ရာတွေရှိပြီး ကျောက်ပန်းတောင်း သွေးသောက်အဖွဲ့ စာတန်းပါ ကတ်ပြားချိတ်ဆွဲထားတာတွေ့ရတယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီ ယူနီဖောင်းတွေနဲ့ ဖမ်းသွားတာ၊ တစ်ယောက်နဲ့ တစ်ယောက် ဖမ်းတဲ့ ပုံစံချင်း မတူဘူး၊ တချို့ကို လာဖမ်းတာ ကားလေးစီးလောက်လာတယ်။ တချို့က ခြေလျင်တွေ လာဖမ်းသွားတာ။ သူတို့က သာမန်ပြည်သူတွေ ကျနော်တို့အဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့သူတွေမဟုတ်ဘူး။ ထောက်ပံ့နေတဲ့လူတွေလည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ ကျနော်တို့ မြို့နယ်မှာ သွေးသောက်အဖွဲ့ဆိုတာ မရှိဘူး။ အရင်တစ်ခါ သွေးသောက်အဖွဲ့ ဖွဲ့စည်းတဲ့အချိန်က ကျနော်တို့ဘက်က လက်ဦးမှု ယူပြီးတော့ ရှင်းလင်းနိုင်ခဲ့တယ်။ စစ်တပ်က သူတို့ဘာသာ သတ်ပြီး၊ ကျောက်ပန်းတောင်း သွေးသောက်လို့ ခေါင်းစဉ်တပ်တာပဲ"

natogyi.jpg
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

မန္တလေးတိုင်း တောင်သာမြို့မှာလည်း NLD ပါတီဝင် အသက် ၄၀ နှစ်ဝန်းကျင် ဦးထွန်းဇော်ကို တောင်သာမြို့၊ အမှတ် (၆) ရပ်ကွက် နေအိမ်ကနေ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်က အောက်တိုဘာ ၃ ရက်က လာရောက်ဖမ်းဆီးသွားပြီးနောက်နေ့မှာ သူ့ရဲ့ ရုပ်အလောင်းကို သွေးသောက်စာတမ်းနဲ့အတူ ပြန်တွေ့ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီဘက်က တန်ပြန်လုပ်ဆောင်လာတဲ့သဘောဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ တောင်သာ ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"စစ်အာဏာသိမ်းပြီဆိုတဲ့ နောက်ပိုင်းဗျာ။ ပြည်သူကအမြဲတမ်း စိုးရိမ်မှုနဲ့ နေနေရတယ်။ ဒါတောင်ကျနော်တို့က အုပ်ချုပ်ရေးမှူးတွေဘာတွေ ကျနော်တို့ တော်လှန်ရေးသမား တွေ တော်တော်များများက ဖိအားပေးထားနိုင်လို့။ အခုကျတော့ဗျာ သူတို့က တန်ပြန် လုပ်လာတဲ့ သဘောမျိုးတွေ့ရတယ်။ ကျနော်တို့ နယ်က ဦးအောင်သောင်းရဲ့ (စစ်အစိုးရ လက်ထက် ဝန်ကြီးဟောင်း) နယ်မြေဖြစ်နေတယ်။ စစ်မှုထမ်းဟောင်း အများဆုံးမြို့ပေါ့ ပြောရရင်။ အဲဒီတော့ ဘယ်လိုပြောရမလဲဆိုတော့ အခုမှမဟုတ်ဘူး အရင်ကတည်းက ဒီကောင်တွေ မကောင်းမှုအမျိုးမျိုး လုပ်နေတာ"

မန္တလေးတိုင်းက ညောင်ဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ တောင်သာမြို့နယ်တို့မှာ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ မသိရ သေးဘူးလို့ သူကတုံ့ပြန်ပါတယ်။

"စစ်အာဏာသိမ်းပြီဆိုတဲ့ နောက်ပိုင်းဗျာ။ ပြည်သူကအမြဲတမ်း စိုးရိမ်မှုနဲ့ နေနေရတယ်"

သွေးသောက်လို့ အမည်ခံယူထားတဲ့ အဖွဲ့ကတော့ NLD ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံသူတွေ၊ PDF တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်လို့ သူတို့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်ကနေ တစ်ဆင့် ဧပြီ ၂၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

မန္တလေးမြို့မှာ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား လေးဦးရဲ့ ရုပ်အလောင်းတွေကို သွေးသောက်အဖွဲ့ တံဆိပ်နဲ့အတူ ပြန်တွေ့ခဲ့ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သွေးသောက်ဖွဲ့စည်းပြီးနောက်ကစလို့ အခုလို အနည်းဆုံး လူ ၃၀ ကျော် သေဆုံးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံ တစ်ဝန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၅၅ ဦးထိ သေဆုံးရတယ်လို့ NLD ပါတီက ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။