ထားဝယ်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ၁၀ ဦး နှစ်ရှည်ထောင်ဒဏ် ထပ်ချခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၁၀ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထားဝယ်ထောင် တွင်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ စီအထိ ထပ်တိုးအမိန့်ချခဲ့ပါတယ်။
အဲဒီထဲမှာ ထားဝယ်မြို့က သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုမင်းဆက်မှူး၊ ကိုရာဇာထွန်း၊ ကိုမြတ်ကျော်သူတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၄၊ လူသတ်မှုပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထောင်နှစ် ၂၀ စီ ချမှတ်လိုက်တာပါ။
ကိုစိုင်းမင်းသူ၊ ကိုလင်းထက်ကိုကို၊ ကိုဆောင်းယုထွန်း၊ ကိုသက်ပိုင်ဦး၊ ကိုအောင်အောင်လတ်နဲ့ ကိုအောင်တို့လည်း အဲဒီနေ့မှာပဲ ထောင် ၁၀ နှစ်စီ ချမှတ်ခံခဲ့ ရပါတယ်။
“တပ်ချင်တဲ့ ပုဒ်မနဲ့ တပ်တာပေါ့နော်။ တရားရုံးတွေမှာလည်း ခုခံချေပခွင့်မရှိဘူး"
အခုထပ်တိုး အမိန့်ကြောင့် ထားဝယ်သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးဟာ ထောင် ၄၆ နှစ်၊ ကိုရာဇာထွန်းက ၄၁ နှစ်၊ ကိုစိုင်းမင်းသူက ၃၁ နှစ်၊ ကိုမြတ်ကျော်သူက ၂၉ နှစ်၊ ကိုမင်းဆက်မှူးက ၂၈ နှစ်၊ ကိုသက်ပိုင်ဦးက ၁၉ နှစ်၊ ကိုဆောင်းယုထွန်းနဲ့ ကိုလင်းထက်ကိုကိုက ၁၃ နှစ်စီ၊ ကိုအောင်အောင်လတ်နဲ့ ကိုအောင်တို့က ၁၂ နှစ်စီရှိပြီ ဖြစ်ပါတယ်။
ထောင် ၄၆ နှစ်အထိ ချခံထားရတဲ့ သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးဟာ သူနဲ့ မသက်ဆိုင်တဲ့ လက်နက်မှု၊ ဖောက်ခွဲမှု၊ လူသတ်မှုတွေနဲ့ပါ စွပ်စွဲထားတာလို့ ကိုထွန်းထွန်းဦးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူကတော့ အရင်တုန်းကတော့ သပိတ်တွေ ဘာတွေမှာ ပါဝင်ခဲ့တာပေါ့။ ရပ်ကွက် ထဲမှာဆိုရင်လည်း တပ်ပေါင်းစုဆိုတဲ့ ရပ်ကွက်တပ်ပေါင်းစု နာမည်နဲ့ စပြီးလှုပ်ရှားတယ်။ ရပ်ကွက်ထဲက လူတွေပါလာအောင်လုပ်တယ်။ ဒါပေမဲ့ အခုလိုမျိုး လက်နက်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ စွပ်စွဲတာကတော့ တော်တော်ဆိုးတယ်လို့ ပြောရမှာပေါ့နော်။ မလုပ်ဘဲနဲ့ လုပ်တယ် အဲဒီလိုမျိုး။ ၃၀၂ လူသတ်မှုနဲ့စွဲတယ်။ အဲဒီမှာလည်း ရပ်ကွက်ထဲ မှာ လူသေတယ်။ အဲဒီအမှုကိုပါ သူတိုက ဆွဲထည့်တာ”
ကိုထွန်းထွန်းဦးဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာကတည်းက အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
၁၀ ဦးလုံးကို ဖမ်းဆီးပြီးကတည်းက ပုဒ်မအများကြီးနဲ့ တရားစွဲထားတာဖြစ်ပြီး ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး၊ ကိုမြတ်ကျော်သူတို့ကတော့ နောက်ထပ်ရင်ဆိုင်ရမယ့် အမှုတွေရှိနေသေးတယ်လို့ ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (DPPN) ရဲ့ တာဝန်ခံက ပြောပါတယ်။
“သူတို့ကို အစကတည်းက ပုဒ်မတွေအများကြီးနဲ့ တရားစွဲထားတာပေါ့။ ပုဒ်မ ကိုးခု၊ ၁၀ ခု အဲဒီလောက်နဲ့ တရားစွဲထားတာ။ သူတို့အရင်တုန်းက သူတို့ရဲ့ပုဒ်မ တချို့တဝက် အတွက် ထောင်ဒဏ်တွေ ချထားတာရှိတယ်။ အရင်ကလည်း အနှစ် ၂၀ တို့ ၁၀ နှစ်တို့ ချထားသေးတယ်။ ဒီထဲက သုံးယောက်က အခု ထောင် ၁၀ နှစ်၊ အနှစ် ၂၀ ထပ်တိုးချ ထားတာတောင် နောက်ထပ်အမှုတွေ ရင်ဆိုင်ဖို့ရှိသေးတယ်”
ထားဝယ်မြို့က နိုင်ငံရေးအကျဉ်းသားတွေအတွက် အမှုလိုက်ပေးရဲတဲ့ ရှေ့နေတွေ မရှိတာကြောင့် စစ်ကောင်စီ လက်အောက်က ရှေ့နေတွေပဲ ဒီအမှုတွေမှာ လိုက်ပေးရတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“တပ်ချင်တဲ့ ပုဒ်မနဲ့ တပ်တာပေါ့နော်။ တရားရုံးတွေမှာလည်း ခုခံချေပခွင့်မရှိဘူး။ ရှေ့နေလိုက်ပါခွင့် မရှိဘူး။ အရင်ကတော့ ရှေ့နေတွေ လိုက်ပါတာမျိုး ရှိတာပေါ့နော်။ သူတို့က ရှေ့နေတွေကိုတောင်မှ ပြဿနာရှာတာမျိုး ရှိလာတော့ ဘယ်ရှေ့နေမှလည်း အမှုမလိုက်ရဲဘူးလေ အဲဒီအမှုတွေကျတော့လေ။ အဲဒီတော့ သူတို့က ကိုယ်စွဲချင်တဲ့ ပုဒ်မနဲ့စွဲ၊ ချချင်သလိုချ၊ နောက်ပြီးတော့ ချေပခွင့်လည်း လုံးဝမရှိဘူး ဒီလိုပဲ ပြစ်ဒဏ်ချသွားတာပေါ့နော်”
စစ်ကောင်စီက စွပ်စွဲထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဟာ အကြမ်းဖက်မှုကျုးလွန်စေဖို့ ငွေကြေးကူညီ ထောက်ပံ့တာ လုပ်ကိုင်ခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ မှာတော့ ဗုံး၊ လက်နက် ထုတ်လုပ်၊ ဖြန့်ဖြူးတာ၊ လက်ဝယ်ထားတာ၊ ပေးကမ်းထောက်ပံ့တာ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ အသုံးအဆောင်တွေကို တိုက်ခိုက်ကျုးလွန်ရာမှာ အနည်းဆုံး လူတစ်ဦးနဲ့ တစ်ဦးထက် ပိုတဲ့လူတွေကို ထိခိုက်နာကျင်စေမယ်ဆိုရင် ထောင် ၁၀ နှစ်ကနေ အများဆုံး ထောင် တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ လူသတ်မှုပုဒ်မကတော့ ဒီထဲက ပုဒ်မခွဲတွေအပေါ် မူတည်ပြီး အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ်ကနေ ထောင်တစ်သက်အထိ ချနိုင်တဲ့ ဥပဒေတစ်ခုဖြစ် ပါတယ်။
ပြစ်ဒဏ်ချမှတ်ပြီးသား နိုင်ငံရေးအကျဉ်းသားတွေကို ထပ်တိုးအမိန့်ချတာမျိုးဟာ အရင်စစ်အစိုးရတွေ လက်ထပ်မှာလည်း မကြုံခဲ့ဖူးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အရင် အရင်တုန်းက ကျနော်တို့တွေ ကိုယ်တိုင်ကြုံဖူးတဲ့ နဝတ၊ နအဖ စစ်အာဏာရှင်လက်ထပ်မှာ ကျနော်တို့ အမှုတွေထဲမှာ ဒီစစ်ခုံရုံးလို နေရာမျိုးမှာ မှားပြီးတော့ အမိန့်ချလိုက်မိတာတောင်မှ ပြန်ပြီးတော့ ပြင်တာမရှိဘူး။ အခုလိုမျိုး နောက်အမှုတွေ၊ နောက်အမှုတွေကပ်ပြီး ထပ်ပြီးစွဲဖို့ဆိုတာ ကျနော်တို့ မကြုံခဲ့ရဘူး ပေါ့ဗျာ။ ကျနော်တို့တုန်းကတော့ နဂိုကတည်းက သူတို့ချချင်လို့ရှိရင် ၁၀ နှစ်၊ ၁၅ နှစ်တွေ အနှစ် ၂၀ တွေ ဒါမျိုးတွေအများကြီး ချထားတာပေါ့ဗျာ၊ စစ်ခုံရုံးကနေ”
လက်ရှိ စစ်ကောင်စီဟာ အရပ်ဘက်တရားရုံးက အမိန့်ချထားတာကို ကျေနပ်မှုမရှိလို့ဆိုပြီး ထပ်တိုးတရားစွဲတာတွေကိုပါ ဥပဒေမဲ့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြော ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်/ကျဉ်းတွေကို ပြန်ချေပခွင့်မပေးဘဲ နှစ်ရှည်အမိန့်ချမှတ်တာဟာ လုပ်ထုံးလုပ်နည်းတွေ၊ လူ့အခွင့်အရေးတွေနဲ့လည်း မကိုက်ညီဘူးလို့ ရန်ကုန်မြို့က ဒီမိုကရေစီအရေး လှုပ်ရှားနေသူ တစ်ဦးက ဝေဖန်ပါတယ်။
“လက်ရှိ ဖမ်းဆီးခံထားရတဲ့ နိုင်/ကျဉ်း ရဲဘော်တွေရဲ့ အဖမ်းအဆီးဖြစ်စဉ်တွေမှာ လူတစ်ယောက်ကို သူတို့ဖမ်းဆီးဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘာမှမကိုက်ညီခဲ့ဘူး။ ရဲလက်စွဲနဲ့ အကျဉ်းထောင် ဥပဒေတို့၊ လူ့အခွင့်အရေး ကြေညာစာတမ်းတို့ ဘာဆိုဘာမှ မကိုက်ညီခဲ့ဘူး စစ်ကောင်စီဘက်ကပေါ့လေ။ သူတို့က အိမ်ကိုစလာခေါ်ကတည်းက ရိုက်နှက်ဖမ်းဆီးပြီး လာခေါ်တာ။ ထောင်ထဲမှာ အဆိုးရွားဆုံးဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ထားတာ။ သန့်ရှင်းမှု လုံးဝမရှိဘူး။ လာဘ်စားတယ် အခုလိုမျိုး မတရားစီရင်ချက်တွေချတယ်”

ဒီအခြေအနေတွေကို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေအနေနဲ့ ကြိုတွေးထားပြီး ဖြစ်တာကြောင့် ထားဝယ်က နိုင်/ကျဉ်း ၁၀ ဦးလည်း ကျော်ဖြတ်နိုင်ဖို့ ယုံကြည်ကြောင်းနဲ့ ဒီအမှုတွေကို အမိန်ချတဲ့ တရားသူကြီး အပါအဝင် တရားစီရင်သူတွေနဲ တာဝန်ရှိသူတွေကို ခွင့်လွှတ်၊ မေ့ပျောက်မှာ မဟုတ်ဘူးလို့လည်း ရန်ကုန်သပိတ် လူငယ်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ မြဝတီသတင်းဌာနကတော့ ကိုထွန်းထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး၊ ကိုစိုင်းမင်းသူ၊ ကိုသက်ပိုင်ဦး၊ ကိုမြတ်ကျော်သူတို့ကို ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်းက ဒုတိယ ညွှန်ကြားရေးမှူးနဲ့ ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရေးတို့ သတ်ဖြတ်မှု၊ ထားဝယ်မြို့အတွင်း ဖောက်ခွဲမှုတို့နဲ့ စွပ်စွဲဖမ်းဆီး ထားတာလို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (DPPN) ရဲ့ စာရင်းတွေအရ အာဏာသိမ်း ချိန်ကနေ လက်ရှိ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ထားဝယ်ထောင်ထဲမှာ အဖမ်းခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ဝန်းကျင်ရှိပြီး အဲဒီအထဲမှာ အမိန့်ချခံထားရသူ အမျိုးသား ၂၁၀ ဦးခန့်နဲ့ အမျိုးသမီး ၄၂ ဦး အပါအဝင် စုစုပေါင်း ၂၅၀ ကျော် ရှိပါပြီ။
အဲဒီအထဲမှာ ထောင်ဒဏ် တစ်သက်ချခံထားရတဲ့ လောင်းလုံးမြို့နယ်ဒေသခံ ကိုစိုးမင်းထွေးနဲ့ ဦးစောရွှေတို့က အမြင့်ဆုံး ထောက်ဒဏ်ဖြစ်ပြီး ထားဝယ်မြို့ သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးကတော့ ထောင် ၄၆ နှစ်နဲ့ တတိယမြောက် နှစ်အများဆုံးဖြစ်နေပါတယ်။