ဖမ်းဆီးခံ သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး အာမခံလျှောက်ထား
2015.08.07

မတရားအသင်းဆက်သွယ်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးမြို့က သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ အာမခံပေးဖို့ သူတို့ရဲ့ရှေ့နေက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) အမှုကို စတင်စစ်ဆေးတယ်လို့ တရားစွဲခံထားရတဲ့ သင့်မြတ်လိုသူမျာအဖွဲ့ဝင် ကိုဇော်ဇော်လတ်က ပြောပါတယ်။
"ကျနော်တို့ ၁၇(၁)ကို ကျနော်တို့ စစစ်တယ်၊ စစစ်တာက ကျနော်တို့ အာမခံတင်ကြည့်တယ်၊ အာမခံတော့ မပေးသေးဘူး"
ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဝင်းဗိုလ်တို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကေအိုင်အေ ထိန်းချုပ်နယ်မြေကို သွားရောက်ပြီး စစ်ဘေးဒုက္ခသည်တွေကို ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အဖြစ် ချင်းပြည်နယ် တီးတိန်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီခရီးစဉ်တွေကြောင့် သူတို့ ၃ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ တရားမဝင် နယ်ခြား ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)တို့နဲ့ ဖမ်းဆီးပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် အဲ့ဒီခရီးစဉ်မှာပါတဲ့ နောက်ထပ်အဖွဲ့ဝင် ၃ ဦးနဲ့ သံဃာ ၁ ပါးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။