သင့်မြတ်လိုသူများ အဖွဲ့ဝင် နောက်ထပ် ၃ ဦးကို ဖမ်းဝရမ်းထုတ်


2015.07.30
zawzawlatt-pwintphyulatt-620.jpg မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာတွေ့ရစဉ်
Photo: Hset Paing Toe/RFA

ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို မတရားအသင်းဆက်သွယ်မှု၊ တရားမဝင်နယ်ခြား ဖြတ်ကျော်မှုတို့နဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး သံဃာတစ်ပါးနဲ့ နောက်ထပ်အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

မပွင့်ဖြူလတ်ကတော့ သူတို့ကို အခုလိုဖမ်းဆီးပြီး တရားစွဲဆိုထားတာဟာ မတရားဘူးလို့ တရားရုံးထုတ် မှာ ပြောပါတယ်။

"ကျမတို့ရဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးပါတယ်၊ ကျမတို့ ပရဟိတနဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ လူတွေကို မတရားသဖြင့်နဲ့ ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရပါတယ်၊ လူတွေကိုသာချုပ်ထားလို့ရမယ် ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကို ဘယ်တော့မှချုပ်ထားလို့မရပါဘူး"

ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လက ကေအိုင်အေထိန်းချုပ်နယ်မြေကို သွားရောက်ခဲ့တာကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုပြီး ဒီနှစ်ဧပြီလက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တဲ့အတွက် တရားမဝင်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲခံရတာဖြစ် ပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်သွားစဉ်က လိုက်ပါခဲ့တဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် နောက်တစ်ဦးဖြစ် တဲ့ ကိုဇော်ဝင်းဗိုလ်ကို ပုဒ်မ ၁၃(၁) နဲ့ ဒီနေ့ ထပ်မံဖမ်းဆီးလိုက်ပြီး သံဃာ ၁ပါးနဲ့ အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်း ထုတ်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရသူ ၃ဦးကို အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့မှာ မန္တလေးမြို့က ဂဠုန်နီဆရာတော်၊ အာရှအလင်းရောင်ဆရာတော် တို့ပါဝင်ပြီး ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။