မဇ္ဈိမလှိုင်း ဂီတမှူး ၃ ထပ်ကွမ်း အကယ်ဒမီ ဇော်မျိုးထွဋ် ကွယ်လွန်


2014.01.05
zawmyohtut-mizzama-wave-music-305.JPG ၂၀၁၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်သို့သွားရောက်သည့် ခရီးစဉ်အတွင်း ဂီတမှူး ဇော်မျိုးထွဋ်ကို ပြတိုက်တစ်ခုတွင် တွေ့ရစဉ်
photo: RFA/Kyaw Kyaw Aung

မြန်မာနိုင်ငံ ဂီတလောကမှာ ထင်ရှားတဲ့ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်ဟာ  ဇန်နဝါရီလ ၅ ရက် မနေ့ ည(၉) နာရီခန့်က ရန်ကုန်မြို့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်၊။ သူရုတ်တရက်ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်လို့ သားဖြစ်သူ ကိုလမင်းထွဋ်က RFA ကို အခုလိုပြောပါတယ်၊

"အဲဒီ Heart attack လို့ပဲ ထင်ပါတယ်ခင်ဗျ၊ သူက ရင်ကြပ်တာလည်းရှိတော့လေ သေချာတော့ မသိရသေးဘူးခင်ဗျ၊ အဲဒီနှစ်ခုထဲက တစ်ခုပဲဖြစ်ဖို့များတယ်ခင်ဗျ၊ ကားမောင်းရင်းနဲ့ မောတယ် မောတယ်ဆိုပြီးတော့ လမ်းဘေးထိုးရပ်ပြီးတော့ တခါတည်း အသက်ပါသွားတာခင်ဗျ၊ ၉ နာရီထိုးဖို့ ၁ဝ မိနစ်လောက်ကထင်တယ်"

အကယ်ဒမီ ဇော်မျိုးထွဋ်ဟာ ဖခင်ဖြစ်သူု ဂီတပညာရှင် စန္ဒယားလှထွဋ် ကွယ်လွန်ခဲ့တဲ့ (၁၄) နှစ် တင်းတင်ပြည့်မြောက်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့တနေ့ထဲမှာပဲ ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်သူ ဦးဇော်မျိုးထွဋ်အတွက် ဈာပနကို ဇန်နဝါရီလ ၇ နေ့မှာပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုက ပြောပါတယ်၊

ဂီတမှူုး ဇော်မျိုးထွဋ်ဟာ မြန်မာနိုင်ငံမှာ ထိပ်တန်းဂစ်တာသမားဖြစ်တဲ့အပြင်  ဖခင်ဖြစ်သူထံက စန္ဒယားပညာလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ဦးဇော်မျိုးထွဋ်ဟာ မြင့်မြတ်နှလုံးသား၊ နေကမွေးတဲ့လအပြင် ထာဝရအလင်းတန်းများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားတဲ့သူလည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ကိုနေလင်းထွဋ်(ခ)ရွှေထွဋ်နဲ့ ကိုလမင်းထွဋ် သား ၂  ဦး ကျန်ရစ်ခဲ့ပါတယ်။

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့က နာမည်ကျော် အဆိုတော် ခင်မောင်တိုးဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်က စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ ဂီတမှူုး သုံးထပ်ကွမ်း အကယ်ဒမီ ဇော်မျိုးထွဋ် ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။