အပစ်ရပ်စာချုပ်မှာ ANC မပါဝင်တာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး ပြော
2018.02.13

ရခိုင်ပြည်အမျိုးသားကောင်စီ ANC အနေနဲ့ ဒီနေ့ NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့တဲ့ အတွက် နောက်ပိုင်းမှာ အခွင့်အရေးနည်းသွားပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ ပြောပါတယ်။
နေပြည်တော် MICC 2 မှာ ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ပြောခဲ့တာဖြစ်ပါတယ်။
"ANC ကို နောက်ဆုံးချိန်ထိ ညှိတယ်။ ၁၁ ရက်နေ့ ညအထိ။ အဲဒီ ၁၁ ရက်နေ့ ညမှာပဲ ကျနော်တို့ အဖြေရတယ်ပေါ့နော်။ အဖြေရတော့ ကျနော်တို့ လက်မှတ်ရေးထိုးမယ့် အခြေအနေမှာ ANC အနေနဲ့ လိုက်ပါနိုင်ခြင်းမရှိဘူး။ သူတို့လည်း ထုတ်ပြန်ချက် ထုတ်ထားတော့ ANC အတွက်တော့ ဒါ နောက်ဆုံးရထားလို့ ကျနော် ပြောတယ်။ ဒီအဖွဲ့လိုက်ပါဖို့ အချိန်မှီရင် ဒီ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပါလို့ ကျနော်တို့ပြောတယ်။ ပြောတော့ သူတို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ သူတို့ လိုက်ပါနိုင်ခြင်းမရှိဘူးပေါ့နော်"
တန်းတူရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမရှိတာကြောင့် NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်နိုင်ခြင်းမရှိကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီ ANC က မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်အတွင်း NCA မှာလက်မှတ်ရေးထိုးမယ့် အဖွဲ့တွေ ရှိလာနိုင်မယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောခဲ့ပေမယ့် ဘယ်အဖွဲ့တွေဆိုတာကိုတော့ ပြောကြားခြင်းမရှိပါဘူး။
သတင်းစာရှင်းလင်းပွဲကို ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီကနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး ခေါင်းဆောင်တွေအပြင် တပ်မတော်ဘက်ကလည်း ပါဝင်ခဲ့ပါတယ်။