အစိုးရအဆက်ဆက် ကိုင်တွယ်ဖြေရှင်းပုံမှားယွင်းလို့ ရခိုင်ပြဿနာပိုမိုကြီးထွားလာကြောင်း ANC ပြောကြား
2018.12.16

ရခိုင်ပြည်နယ်က မွတ်စလင်အရေး ပြဿနာဟာ လက်ရှိအစိုးရနဲ့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ကိုယ်တွယ်ဖြေ ရှင်းပုံ မှားယွင်းခဲ့တဲ့တာကြောင့် ပိုမိုကြီးထွားလာတယ်လို့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC က အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောလိုက်ပါတယ်။
ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ်မှာ ၅ ကြာကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေးပြဿနာတွေ ရခိုင်ပြည်နဲ့ ရခိုင်ပြည်သားတွေရဲ့ အကျိုးစီးပွားတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မယ့် အကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ချက်တွေသာမကဘဲ မြေပြင်အခြေအနေတွေ ကို အမှန်တကယ်သိရှိစေဖို့ ရခိုင်ပြည်နယ်က ဒေသခံလူထုတွေ ပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးခွင့်ရရှိဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
အစိုးရတပ်မတော်အနေနဲ့ တိုက်ပွဲတွေ ဖန်တီးနေတာကို ရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာ ဖြေရှင်းတဲ့ မူဝါဒနည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့လိုအပ်ကြောင်း လက်ရှိအစိုးရနဲ့ တပ်မတော် အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝရှိဖို့လိုအပ်ကြောင်း ဦးထွန်းဇော်က ပြောပါတယ်။
၅ ရက်ကြာကျင်းပခဲ့တဲ့ အစည်းအဝေးကနေ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ ANPCC အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ရခိုင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှု အသင်းအဖွဲ့တွေ၊ တသီးပုဂ္ဂလအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။