ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော် အာဏာဖီဆန်အောင်လုပ်မှုနဲ့ တရားစွဲခံရ

2022.06.10
ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော် အာဏာဖီဆန်အောင်လုပ်မှုနဲ့ တရားစွဲခံရ ဧရာဝတီသတင်းဌာန၏ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို တွေ့ရစဥ်
Photo: Zaw Zaw's instagram

ဧရာဝတီသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို အာဏာဖီဆန်လာအောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က)နဲ့ စစ်ကောင်စီက မန္တလေးအိုးဘိုထောင်တွင်းက အထူးတရားရုံးမှာ ဇွန်လ ၈ ရက်နေ့က တရားစွဲတင်လိုက် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့အကျိုးဆောင်ရှေ့နေ တစ်ဦးက RFA ကို ဒီနေ့အတည်ပြုပြောပါတယ်။

အဲဒီအမှုနဲ့ပဲ ကိုဇော်ဇော်ကို ဇွန်လ ၈ ရက်နေ့က ထောင်တွင်းတရားရုံးမှာ ပထမဆုံး ရုံးထုတ်ခဲ့တယ်လို့ အဲဒီ ရှေ့နေက ပြောပါတယ်။

“၆ လပိုင်း ၆ ရက်နေ့မှာ အမှုတွဲ စပြီးတော့ တင်တယ်။ ၈ ရက်၊ ၆ လပိုင်းမှာတော့ ကိုယ်စားလှယ်လွှဲစာ ရှေ့နေပါဝါ တင်တယ်။ ကျနော်တွေ့ခဲ့ရတာတော့ နည်းနည်းပိန် နေတာလွဲရင် ကျန်းမာရေးလည်း ကောင်းတယ်။ နှိပ်စက်ခံထားရတာလည်း မရှိဘူး။ ပုဒ်မကတော့ ၅၀၅ (က) တစ်ခုတည်း။ အမှုတွဲကို မကူးရသေးတဲ့အတွက် ဘာကြောင့် ဒီပုဒ်မတပ်သလဲဆိုတာတော့ မသိသေးဘူး”

ကိုဇော်ဇော်အမှုကို မန္တလေး၊ အောင်မြေသာဇံမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် မြင့်လွင် က ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က) နဲ့ တရားလိုပြုလုပ် စွဲဆိုထားတာဖြစ်ပြီး လာမယ့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ရုံးထုတ် စစ်ဆေးမှာ ဖြစ်တယ်လို့လည်း ပြောပါ တယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဟာ တပ်မတော်သားတွေကဖြစ်စေ၊ အစိုးရဝန်ထမ်း တွေကဖြစ်စေ၊ အစိုးရ ဒါမှမဟုတ် တပ်မတော်အပေါ်မှာ မေတ္တာပျက်စေအောင်၊ စည်းကမ်း ဖီဆန်အောင်၊ သစ္စာမဲ့အောင်၊ စိတ်ဓာတ်တက်ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ဝတ္တရားဆောင်ရွက်မှုတွေကို ယုတ်လျော့စေအောင်၊ ထိခိုက်စေအောင်၊ တားမြစ်စေအောင်၊ အနှောင့်အယှက်ပြုစေအောင်၊ ပျက်စီးစေအောင် ကြံရွယ်တာ စတဲ့အချက်တွေအတွက် ပြဋ္ဌာန်းထားတာပါ။ ဒီပုဒ်မဟာ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ တစ်ခုလည်း ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကိုဇော်ဇော်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီ သတင်းဌာနမှာ အလုပ်ဆက်မလုပ်တော့ဘဲ မိသားစုနဲ့အတူ မန္တလေးမြို့မှာ ဆက်လက်နေ ထိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က အလှူတစ်ခုကအပြန် အဖမ်းခံခဲ့ရတာ လို့လည်း မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လာဖမ်းတဲ့နေ့က သူ (ကိုဇော်ဇော်) က ကျနော် သတင်းထောက် မလုပ်တော့ဘူးလို့ ပြောတယ်။ အိမ်လိုက်ကြည့်ဆိုတော့ အိမ်လိုက်လာပြီးတော့ ကွန်ပျူတာနဲ့ အိမ်မှာ ရှိတဲ့ဖုန်းတွေ သိမ်းသွားတယ်။ အဲဒီနောက်ပိုင်း နန်းတွင်းက စစ်ကြောရေး ရောက်နေ တယ်ဆိုတာပဲ ကြားရပြီးတော့ အဆက်အသွယ် မရတော့ဘူး။ အခုမှ အိုးဘိုထောင် မှာဆိုတာ သိရတာ”

မိသားစုနဲ့လည်း ဒီနေ့အထိ တွေ့ခွင့် မရသေးဘူးလို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီ သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အောင်မြေသာဇံမြို့နယ်၊ ဒေါနုဘွားရပ်ကွက်နေ ဇော်ဇော်အောင်(ခ) ဇော်ဇော်ဟာ Zaw Zaw Diana ဖေ့စ်ဘွတ်ခ်အကောင့်ကို သုံးပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြား စေအောင် ရည်ရွယ်ချက်နဲ့ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း သတင်းသမားတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်ပြီး RFA က သီးခြား ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၃၁ ဦး ရှိနေပြီး အဲဒီအထဲက ၆၁ ဦးက အချုပ်နဲ့ အကျဉ်းထောင် အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံနေကြရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က) အပြင် နှစ် ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ -၁၂၄ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ပါ အရေးယူခံနေကြရတယ်လို့ ဒီအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။