လွတ်လပ်သော ရုပ်ရှင်အနုပညာ ဆွေးနွေးပွဲ လန်ဒန်မြို့South Bank တက္ကသိုလ်တွင် ကျင်းပ
2012.06.09

ဆွေးနွေးပွဲမှာ ဒီနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆုရ ဇာတ်ကားတွေ ပြသခဲ့ပြီး၊ ရုပ်ရှင်အနုပညာဆိုင်ရာ ကိစ္စရပ်တွေကို ပရိသတ်နဲ့ ဆွေးနွေးခဲ့ပါတယ်။
(၄) နာရီကြာ ဆွေးနွေးပွဲအပြီးမှာ ကိုဇာဂနာက သူ ဆွေးနွေးခဲ့ အဓိကအချက် (၃) ချက်အကြောင်း RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အလုပ်လုပ်ဖို့လိုပြီ။ ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာ အပြစ်တွေပြောနေကြမယ့်အစား ဘာလုပ်ရမလဲ၊ ဘာဝိုင်းကူုရမလဲ ဆိုတဲ့စိတ်နဲ့ လုပ်ကြပါတယ် ဆိုတာကို နံပတ်တစ် ဦးစားပေးအနေနဲ့ ပြောတယ်။ နောက်တခုက ဗမာအများစု မညီညွတ်ကြဘူးပြောတာကို ကျွန်တော် မခံချင်ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ အခြေခံစိတ်မှာကိုက unity စိတ်ရှိတယ်။ ဥပမာ ကျွန်တော် ပြောခဲ့သလိုဘဲ ထုပ်စီးတိုးပွဲဖြစ်ဖြစ်၊ ချောတိုင်တက်တာဘဲဖြစ်ဖြစ်၊ လွန်ဆွဲတာဘဲဖြစ်ဖြစ် ဗမာဟာ အစုနဲ့ အဖွဲ့နဲ့ လုပ်တတ်ပါတယ်။ ဗမာ့ခြင်းဟာ အစုနဲ့အဖွဲ့နဲ့ လုပ်တတ်တာပေါ့။ win-win ဟာ ဗမာ့ခြင်းဘဲ။ ဗမာ့ခြင်းဟာ အနိုင်အရှုံး မတွက်ပါဘူး။ ဆိုတော့ ဒီလိုမျိုးလုပ်တတ်တဲ့ လူမျိုးရှိရဲ့သားနဲ့ ဒီဓလေ့ပျောက်ရခြင်းဟာ အခြေအနေတခုကြောင့် ဒီဓလေ့ ငြုပ်လျှိုး သွားတာဖြစ်တယ်။ ကျွန်တော်တို့ ပြန်ဖော်ကြပါစို့။ ကျွန်တော်တို့ ပြန်စုကြပါစို့။ ဗမာတွေ unity ရှိပါတယ်ဆိုတာ မေ့နေမှာစိုးလို့ ပြန်လည်တင်ပြတာပေါ့လေ။ တတိယအချက်ကတော့ မြန်မာနိုင်ငံမှာ ရုပ်ရှင်လုပ်ငန်းတွေ ပြောင်းလဲလာတာလေးတွေ၊ မြန်မာလူငယ်တွေ documentary စိတ်ဝင်စားလာတယ်။ short film ကို စိတ်ဝင်စားလာတယ်။ သူတို့ကို ကျွန်တော်တို့ ဘယ်ကဲ့သို့ အားပေးမလဲ။ ဒီဘက်က လူတွေကရော ဘယ်လို အားပေးမလဲ။ ဒီအချက် ၃ ချက်ကိုဘဲ ဆွေးနွေးခဲ့ပါတယ်”
ဆွေးနွေးပွဲတက်ရောက်သူတွေ အများစုက လူငယ်တွေဖြစ်တဲ့အတွက် လန်ဒန်မှာတွေ့ရတဲ့ မြန်မာလူငယ် တွေလို လွတ်လပ်မှုနဲ့ လုံခြုံမှု အာမခံချက်ရှိနေတဲ့ လူအဖွဲ့အစည်းမျိုး မြန်မာနိုင်ငံမှာ ဖြစ်စေချင်ကြောင်းလည်း ကိုဇာဂနာက ပြောပါတယ်။
ကိုဇာဂနာဟာ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ အတွက် ဗြိတိန်နိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။