လက်နက်ကြီးကျလို့ ယိုးတရုပ်ရွာခံ သုံးထောင်ကျော် ထွက်ပြေးနေရ

ဝေယံမိုးမြင့်
2019.12.29
yoetayoke-village-622.jpg ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို မြင်တွေ့ရစဥ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှာ မနေ့ညက လက်နက်ကြီးကျည်ကျလို့ ဒေသခံ သုံးထောင်ကျော်လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှာ မနေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံတွေကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

“ဒီလ ၂၃ ရက်နေ့ထဲက ရောက်နေတာ စစ်ကြောင်းက အဲဒီရဲစခန်းနားမှာပဲနေတယ်၊ ရဲစခန်းနားကအိမ်တွေက လူမနေတော့ဘူး အဲမှာ တပ်ကရှိတယ်၊ ပစ်တာခတ်တာက မနေ့ည ၁၀ နာရီကဖြစ်တာ၊ ၂၃ ရက်နေ့ ကတည်းက နည်းနည်းပြေးနေကြပြီ။ ပြေးသွားတဲ့အိမ်တွေမှာ တပ်ကဝင်နေတယ် ရဲစခန်းနားက ရွာတစ်ပိုင်း လုံးပြေးတာပဲ၊ လူတစ်ယောက်မှ မရှိတော့ဘူး”

စစ်ကြောင်းရောက်နေချိန်ထဲက ယိုးတရုပ် ရဲစခန်းအနီး နေထိုင်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ယိုးတရုပ်ရွာမှာ အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်ရှိပြီး လူဦးရေ ခြောက်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ယိုးတရုပ် ဒေသခံ သုံးထောင်ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေမြို့တွေကို သွားရောက်ကြပြီး ယိုးတရုပ် ရဲစခန်းအနီးက နေအိမ်တော်တော်များများမှာ လူမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမရှိတော့တဲ့နေအိမ်တွေမှာ တပ်မတော်က ဝင်ရောက်နေရာယူထားတယ်လို့လည်း ပြောပါတယ်။

တပ်မတော်စစ်ကြောင်းဟာ ယိုးတရုပ်ရွာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက တပ်စွဲထားတာဖြစ်ပြီး နေ့စဉ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘဲ တပ်မတော် တပ်စွဲထားတဲ့နေရာကနေ ပစ်ခတ်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ဖက်သတ်ပစ်တယ်ဆိုတာ သူတို့နေတဲ့နေရာ ရွာကြီးအရှေ့ဘက်ကပဲ၊ စခန်းဘက်က သေနတ်သံတွေ ကြားနေရပြီး ကျန်တစ်ဘက်က ဘာမှအသံမကြားရဘူး အဲဘက်ကပဲ ကြားနေရတော့ တစ်ဖက်သတ် ပစ်တာပေါ့ဗျာ၊ အရင်တစ်ရက်နှစ်ရက်က လက်နက်ငယ်သံတွေပဲကြားနေရတော့ သတိမထားမိဘူး၊ မနေ့ညက လက်နက် တော်တော်ကြီးကြီး လေးချက်လောက်ပေါက်ပြီး ကျည်ကလေးတွေ အလုံး ၁၀၀ အထက်လောက် ပစ်နေတာ”

AA ပြောခွင့်ရသူ ခိုင်သုခ ကလည်း ယိုးတရုပ်ရွာမှာ တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။   

“ယိုးတရုပ်ဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူး၊ မနေ့ညက ဗမာစစ်တပ်ဘက်က ယိုးတရုတ်ရွာကို ဝိုင်းထားပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာရှိတယ်၊ အဲဒါ ဗမာစစ်တပ်ဘက်က တစ်ဖက်သတ်ပစ်ခတ်တာ၊ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ မတ်လက ယိုးတရုပ်ရွာမှာရှိတဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့်နဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့တွေထဲပါဝင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြေပုံမြို့နယ် စညှင်းကျေးရွာအုပ်စုက ကျေးရွာ ငါးရွာကဒေသခံ ၂၀၀၀ ကျော် နေရပ်စွန်ခွာ ထွက်ပြေးနေရပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေများပြားနေပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ နေရာထိုင်ခင်း အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲတွေ တစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သိန်းနီးပါးရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။