ပြည်မြို့မှာ ကျင်းပမယ့် တမန်တော်နေ့ အခမ်းအနား ဖျက်သိမ်း


2017.01.15
ymca-myochit-pyay-620.jpg ပြည်မြို့မှာ ကျင်းပမယ့် တမန်တော်နေ့ အခမ်းအနား ဖျက်သိမ်းထားသည်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Aung Zaw / Facebook

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဒီကနေ့ကျင်းပဖို့စီစဉ်ထားတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ 'တမန်တော်နေ့' အခမ်းအနားကို ရန်ကုန်အခြေစိုက် မျိုးချစ်မြန်မ ပရဟိတအဖွဲ့က ကန့်ကွက်ခဲ့ တာကြောင့် အခမ်းအနားကို ဖျက်သိမ်းလိုက်ပါတယ်။

မနေ့က ၂ ကြိမ် ညှိနှိုင်းရာမှာ မိနစ် ၃၀ သာ ကျင်းပခွင့်ပြုဖို့ အခမ်းအနားကျင်းပသူတွေက တောင်းဆိုခဲ့ပေမယ့် ရန်ကုန် အခြေစိုက် မျိုးချစ်မြန်မာ ပရဟိတအဖွဲ့ဘက်က သဘောမတူတာကြောင့် အခမ်းအနားကို ဖျက်သိမ်းလိုက် တာဖြစ်တယ်လို့ ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် က ပြောပါတယ်။

"သူတို့ကလာပြီးတော့ အထွေထွေအုပ်ချုပ်ရေးကို ဒီပွဲကျင်းပခြင်းကို ကန့်ကွက်တယ်ပြောတော့ မနေ့က ညှိကြနှိုင်းကြရင်းနဲ့ ပထမတော့ နာရီဝက်ကျင်းပမယ်၊ မုခ်ဦးတွေကိုလည်း အစ္စလာမ်အဖွဲ့ကနေပြီးတော့ မဆောက်တော့ဘူးဆိုပြီးတော့ သဘောတူချက်ရထားတယ်၊ သူတို့ပြန်သွားကြတယ်ပေါ့နော်၊ ဒါပေမဲ့ ညနေ ၆ နာရီကျော်ကျော် လောက်မှာပေါ့နော်၊ ဒီနာရီဝက်ကျင်းပတာကိုလည်း ခွင့်မပြုဘူးဆိုပြီးတော့ ထပ်ပြီးတော့ အကြောင်းပြန်တယ်ပေါ့၊ ကျနော်တို့ ဒီကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်ရေးနဲ့ သံဃာ့နာယက နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ အဲဒီမျိုးချစ်ကိုယ်တော် ၃ ပါးကို ဆရာတော်ကြီးတွေက ခေါ်ယူညှိနှိုင်း တယ်ခင်ဗျ၊ သူတို့ကတော့ အစ္စလာမ်အဖွဲ့ကလည်း ကျင်းပစရာရှိတာကျင်းပ၊ သူတို့ဘက်ကလည်း လုပ်စရာရှိတာလုပ်မယ်ဆိုတဲ့ သဘောမျိုးပြောတယ်ဗျ၊ အဲဒါနဲ့ နောက်ဆုံးတော့ ကျနော်တို့မြို့ပေါ် တစ်စုံတရာဖြစ်မှာ မလိုလားတဲ့အတွက် အစ္စလာမ်အဖွဲ့အစည်းက အလျှော့ပေး လိုက်တယ်ပေ့ါ"

' တမန်တော်နေ့' အခမ်းအနား ကျင်းပဖို့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ခွင့်ပြုမိန့်ရထားတာ ဖြစ်ပါတယ်။

အခမ်းအနားကို ကန့်ကွက်တဲ့ ရန်ကုန်အခြေစိုက် မျိုးချစ်မြန်မာပရဟိတအဖွဲ့က ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေးလုပ်မှာ စိုးရိမ်တာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ညှိနှိုင်းပွဲမှာ ပြောကြောင်း ဦးသက်ဝင်းလှိုင် က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း အခမ်းအနားကျင်းပဖို့ ပြင်ဆင်ထားတဲ့ ပြည်မြို့စည်တော်မင်္ဂလာရပ်ကွက်က ဗလီရှေ့မှာ လူအင်အား ၃၀၀ နီးပါးက လာရောက်စောင့် ကြည့်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ တမာန်တော်နေ့ အထိမ်းအမှတ် ဓမ္မသဘင်အခမ်းအနားကို အမျိုးသားရေးတက်ကြွ လှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ မျိုးချစ်ရဟန်း သံဃာတော်တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့က တက်ရောက်ခွင့် တောင်းဆိုရာမှာ နှစ်ဖက်အချေအတင်ဖြစ် ခဲ့ပြီးနောက် မိနစ် ၃၀ ကျင်းပခွင့် သဘောတူညီမှုနဲ့ အခမ်းအနားကို ညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။