အစ္စလမ်ဘာသာဝင်တွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား


2017.01.20
muslim-letter-dassk-620.jpg ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားထားတဲ့စာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
.

လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိရောက်စွာအရေးယူတားမြစ်ပေး ဖို့ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတင်ပြလိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့လူမှုဘဝ လုံခြုံစိတ်ချမှုရရှိစေရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် အစိုးရအကြီးအကဲတွေဆီကို အစ္စလာမ်ဘာသာဝင်တချို့က စုပေါင်းလက်မှတ်ရေးထိုးပြီး စာရေးသားပေးပို့ထားတယ်လို့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ မဒါလီမြင့်က ပြောပါတယ်။

" ၂၀၁၆ ဧပြီကနေစပြီးတော့ပေါ့နော်၊ ကျမတို့ အစ္စလာမ်ဘာသာဝင်တွေကို ရွှေတိဂုံဘုရားဈေးရောင်း တဲ့ကိစ္စတွေ၊ သူရဲသမိန်ကိစ္စဆိုလည်း သာမန်ပုဂ္ဂိုလ်တွေကနေ အသွင်ပြောင်းပြီးတော့မှ တိုက်ခိုက် တာတွေရှိလာတယ်လေ၊ ဖြစ်စဉ်တွေက တောက်လျှောက်ဖြစ်လာပြီးတော့ တမန်တော်နေ့ အခမ်းအနား ဆိုပြီးလုပ်တာရှိတယ်၊ အားလုံးဟာ တရားဝင်ခွင့်ပြုချက်ကိုယူပြီးတော့မှ လုပ်တာပါ၊ ဒါပေမဲ့ မျိုးချစ် အဖွဲ့တွေက မလုပ်ရဘူးဆိုပြီးတော့ လာပြီးတော့ပိတ်ပင်ခဲ့တယ်၊ ကျွန်မတို့က စိတ်လုံခြုံမှု ရရှိအောင် ဒေါ်အောင်ဆန်းစုကြည်ဆီကို ဥပဒေအတိုင်း အမြန်ဆုံးဆောင်ရွက်ပေးဖို့ စာတင်ထား တာပါရှင့်''

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီစာကို လက်ခံရရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

"ကျနော့်ဆီကိုတော့ အဲဒီစာ မရောက်သေးပါဘူးခင်ဗျ၊ ရောက်လာတော့မှပဲ အခြေအနေကြည့် မှာပေါ့လေ''

အဲဒီစာထဲမှာ အစ္စလမ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဘာသာရေးပွဲတွေကို နှောင့်ယှက်တာ စတဲ့ အဖြစ်အပျက် ၉ ခုကိုလည်း နေ့စွဲနဲ့ အတိအကျ တိုင်ကြားထားပါတယ်။

အခုလိုမေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဥက္ကဌတွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေဆီကိုလည်း မိတ္တူပေးပို့ထားတယ်လို့ ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို တရားဝင်ကျင်းပခွင့်တင်ပြီး လုပ်ခဲ့ပေမယ့် အဖွဲ့အစည်းတချို့က တိုက်ခိုက်ဖိအားပေးတာမျိုးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ တိုင်ကြားပေမယ့် ထိရောက်တဲ့ အရေးယူမှုမျိုးတွေ မရှိသေးဘူးလို့လည်း မဒါလီမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။