YMBA ရုံး တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်ဖမ်းဆီးခံရတဲ့လူငယ် သေဆုံး

2022.04.14
YMBA ရုံး တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်ဖမ်းဆီးခံရတဲ့လူငယ် သေဆုံး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရုံးကို ၂၀၂၀ ခုနှစ်မှာ တွေ့ရစဥ်
Photo: YMBA

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းပေါ်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရုံး မနေ့ည ၇ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သား တွေရဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦး သေဆုံးသွားပြီလို့ အနီးအနားမှာနေထိုင်တဲ့ မြို့ခံတွေက RFA ကို ပြောပါတယ်။

“လူငယ်တစ်ယောက်သေတယ်။ သေတဲ့လူက ပစ်တဲ့အဖွဲ့နဲ့ မဆိုင်ဘူး။ အပြင်ကလို့ ပြောကြတယ်။ ဖြတ်သွားတဲ့ ကားတစ်စီးလည်း ဗုံးစမှန်တယ်။ အတွဲလိုက်သေနတ်သံ တွေကို ည ၇ နာရီလောက်က ကြားတယ်။ လက်ပစ်ဗုံးနဲ့ ကားပေါ်ကနေ အရင်ပစ်တာ လို့ သိရတယ်။ နောက်အတွဲလိုက်ပစ်သံ ကြားရတယ်။ ပေါက်ကွဲသံတွေ ကြားရတယ်။ YMBA က မှန်တွေမှာတောင် ကျည်ဆန်ရာတွေ တွေ့တယ်။ အဲဒီရှေ့က ကွန်ကရစ်တုံး တွေ ပက်လက်တွေ လန်နေတယ်” လို့ ရေကျော်ဒေသခံတစ်ဦးက ပြောပါတယ်။

ကျည်ဆန်ထိမှန်ခဲ့တဲ့ အရပ်သားလူငယ် သေဆုံးသွားပြီလို့ ရေကျော်လမ်းမှာ နေထိုင်သူ တွေက ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

YMBA အသင်းဟာ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘွဲ့တံဆိပ်တွေ ဆက်ကပ်လှူဒါန်းခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဒီနေရာဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုအခံရဆုံး နေရာတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီ တပ်သားတွေ တပ်စွဲပြီး လုံခြုံရေး အပြည့်ချထားတာလို့လည်း ရေကျော်လမ်း မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေရာမှာက သေနတ်သံ၊ ဗုံးသံတွေဆိုတာ အရမ်းကြီး ထူးထူးဆန်းဆန်းကြီးတော့ မဟုတ်ဘူး။ ဒီလိုပဲ ခဏခဏ လာပစ်နေတာဆိုတော့လေ။ အဲဒီနားကို အရမ်းသတိထား ရတယ်။ ညဘက်ဆို မသွားတော့ဘူး။ YMBA ကလေ မင်းအောင်လှိုင်ကို ဘာညာ တံဆိပ်တွေ ကပ်လို့ဆိုပြီး လုပ်နေတာ။ ဘောမလို့ ဆိုပြီး။ ဆေးတွေ မှုတ်တယ်။ ခဏ ခဏ လာပြီး ပစ်တယ်။ ရဲတွေ ရှိတယ်။ အဲဒီမှာက တပ်ဆွဲထားတာ”

မနေ့က တိုက်ခိုက်ခံရမှုကြောင့် ဒီနေ့မှာ အဲဒီနေရာနား လုံခြုံရေးတွေနဲ့ အကာအကွယ်တွေ ပိုတိုးချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ ရေကျော်လမ်းမှာရှိတဲ့ YMBA အသင်းရုံး ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကို ကာကွယ် ရေး မဟာမိတ်တွေ ဖြစ်တဲ့ CGF – YGN နဲ့ YFA တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းတယ်လို့ CGF – YGN က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ပိုများလာပြီး ဒီလို ပြုလုပ်လာတဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၁ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။