ယင်းမာပင်မှာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

RFA Burmese
2023.10.19
ယင်းမာပင်မှာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲကုန်းရွာမှာ လူခြောက်ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ ၁၈ ရက် မနေ့ကလည်း အရပ်သားတစ်ဦးကို ထပ်မံသတ်ဖြတ်ပြီး နောက်ထပ်နှစ်ဦးကို ဓားစာခံအဖြစ် စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက် မနေ့က အင်အား နှစ်ရာခန့်ပါတဲ့ စစ်ကြောင်း ယင်းမာပင် မြို့နယ် လာဘို့ရွာကနေ ပြန်ထွက်သွားစဥ် အသက် ၃၀ နဲ့ ၄၀ အရွယ်ကြားရှိတဲ့ အမျိုးသားရုပ်အလောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၄ က PDF တပ်ဖွဲ့ဝင် ကိုမင်းကိုက ပြောပါတယ်။

“စစ်ကြောင်းက အတူတူပဲ ပုလဲဘက်က ဝင်လာတဲ့စစ်ကြောင်း။ သေတဲ့သူက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခံထားရတာ။ ဒီစစ်ကြောင်းက ယင်းမာပင်နယ်ထဲမှာ သတ်ဖြတ်တာ တော့ ခုနစ်ဦးထက်မနည်းရှိပြီ။ ဒီနေ့လည်း စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာရှိတယ်”

မနေ့က တစ်ရက်တည်းမှာပဲ ကုန်းရွာက အရပ်သား တစ်ဦးနဲ့ ပေါက်ပန်းဖြူရွာက အရပ်သားတစ်ဦးတို့ကိုလည်း ဓားစာခံအဖြစ် စစ်ကြောင်းက ဖမ်းခေါ်သွားတယ်လို့ သူက ဆိုပါတယ်။

အခုစစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် သဲကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားချိန် အောက်တိုဘာ ၁၆ ရက်နေ့လည်း အသက်မပြည့်သေးသူ သုံးဦး အပါအဝင် အရပ်သား ခြောက်ဦး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာတော့ ရေအောင့်ရွာနားမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကြောင်းမှာ ပျူစောထီးတွေတပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား ၂၀၀ ခန့်ပါဝင်ပြီး ဘီလူးစစ်ကြောင်း၊ မိုးကြိုးစစ်ကြောင်းနဲ့ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းတို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းလို့ PDF တပ်ဖွဲဝင်တွေက ပြောဆိုကြပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိမှာ တိုက်ပွဲဖြစ်နေတာကြောင့် ရေအောင့်ရွာအနီးတစ်၀ိုက်က ပေါက်ပန်းဖြူ၊ ကုန်းရွာ၊ ရုံးလေးပင်၊ လက်လှုပ်၊ စားတော်ပြင်၊ ဇီးတော၊ အုန်းတော၊ လာဘို့၊ အေးကုန်း စတဲ့ရွာတွေက လူတစ်သောင်းလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။