တစ်နှစ်အတွင်း ဓါတ်အားပုံမှန်ရဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြောကြား
2016.05.31

ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမယ့် ၆ လကနေ ၁ နှစ်အတွင်း လျှပ်စစ်မီး ပုံမှန်ရအောင် ကြိုးစားဆောင်ရွက် သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
ရန်ကုန်မြို့ အလုံမြို့နယ်က ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာ ပြုလုပ်တဲ့ အစိုးရရဲ့ ရက် ၁၀၀အတွင်း လုပ်ဆောင်မှုတွေအကြောင်းကို ရှင်းပြရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ထည့်သွင်းပြောလိုက်တာ ဖြစ်ပါတယ်။
"ပြင်ဆင်တယ်ဆိုတာ ခုနကပြောသလိုရက်လပေါင်း ၆ လကနေ ၁၀ လလောက်အတွင်းမှာ ကျနော်တို့ ဘယ်လောက်အများကြီးပြင်ဆင်နိုင်မှာတုန်း၊ ဒါတွေက ကျနော်တို့ သေသေချာချာစဉ်းစားပြီး ဆောင် ရွက်ရမှာပါ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ကျနော်တို့ အချိန်ပြည့်ကြိုးစားနေမှာ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရုံးမှာမေးကြည့်ပါ၊ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ကုမ္ပဏီဆိုရင် ကျနော်တို့ခု ချက်ချင်းခေါ်တွေ့မယ်၊ တခြားနိုင်ငံတစ်ခုက အကူအညီပေးဖို့ဆိုရင် ကျနော်တို့ ခုချက်ချင်းခေါ်တွေ့မယ်၊ ကျနော်ကိုမေးပါတယ်၊ ကုမ္ပဏီတစ်ခုက ဘယ်နေ့စပြီးဆင်းလေ့လာလို့ရလဲ၊ ဒီနေ့စပြီးဆင်းလေ့လာလို့ရတယ်၊ အခုဘယ်စက်ရုံတွေ၊ ဘယ်စက်တွေမကောင်းတော့ဘူးဆိုရင် အခုဆင်းကြည့်လို့ရတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလောက်မြန်မြန်ဆန်ဆန်လုပ်မှ ကျနော်တို့ ၆ လလောက်အတွင်းပြီးမှာဖြစ်ပါတယ်၊ လာမယ့် နွေရာသီမှာ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင် မှုပေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အသိပေးလိုပါတယ်"
ရန်ကုန်မြို့က ပျက်စီးယိုယွင်းနေတဲ့ လျှပ်စစ်မီးတိုင်တွေ၊ စက်ပစ္စည်းတွေ၊ သစ်ပင်တွေနဲ့ မီးတိုင်တွေ စတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းသွားရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ တစ်နှစ်စာ သုံးစွဲခွင့်ငွေဟာ ကျပ်ငွေ ဘီလီယံ ၃၃၄ သာရှိပြီး အဲဒီငွေဟာ အမေရိကန် ဒေါ်လာနဲဆိုရင် ဒေါ်လာ ၃၃၄ သန်းလောက်သာရှိတဲ့ ပမာဏဖြစ်ပြီး အဲဒီငွေဟာ ဝန်ထမ်းအားလုံး ဌာနအားလုံးရဲ့ လစာငွေလည်းပါနေကြောင်းလည်း ဝန်ကြီးချုပ်က ငွေကြေးအခက်အခဲကို ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးသုံးစွဲမှုဟာ တစ်နိုင်ငံလုံး သုံးစွဲမှုရဲ့ ၅၀ ရာခိုင်နှုန်းရှိနေပြီး လိုအပ်ချက် အများဆုံး ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ ဦးမောင်မောင်လတ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အစိုးရအဖွဲ့အနေနဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ရက် ၁ဝဝ အတွင်း ၂၀၀ KVA ထရမ်စဖော်မာ အလုံး ၁၅၀ ကိုလည်း မြို့နယ်အသီးသီးမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။