ရန်ကုန်မှာ စည်းကမ်းချိုးဖောက် တဲ့ မော်တော်ယာဉ်တွေကို အရေး ယူမည်
2016.08.29

လာမယ့်စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စမ်းကမ်းချိုးဖောက်တဲ့ မော်တော် ယာဉ်တွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စီမံချက်ချမှတ်ပြီး စတင်အရေးယူမှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။
"အဓိကလမ်းမကြီးတွေမှာ လုံးဝမရပ်ရဘူးဆိုတာ ပြောထားပြီးသား။ ဒါပေမဲ့ ဈေးဝယ်စင်တာတွေနဲ့ နီးတဲ့နေရာတွေမှာ မနက်ကနေ မိုးချုပ်အထိ ပုံသေရပ်တာတွေ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့က ပိုပြီး ထိထိရောက်ရောက် အရေးယူမှာဖြစ်ပါတယ်။ လမ်းမကြီး ၁၁ လမ်းကို အဓိကထားမယ်။ ပုံမှန်တည်ဆဲ ဥပဒေအရ အရေးယူတာ ငွေကျပ် ၃သောင်း အခုကစီမံချက်ဆိုတော့ အနည်းဆုံး ၅သောင်းလောက် ဖြစ်မယ်။ ဒါပထမဆုံးခြေလှမ်းပေါ့"
ရန်ကုန်တိုင်းထဲမှာ ကားအစီးရေ အဆမတန်များပြားနေပြီး ယာဉ်ကြောကြပ်တည်းမှုပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အရေးယူတာတွေပြုလုပ်မှာဖြစ်ပါတယ်။
ကားပါကင်နေရာ အခက်အခဲအတွက်ကိုလည်း မြို့နယ်တိုင်းမှာ အထပ်မြင့်ကားပါကင် ဆောက်လုပ်ဖို့အတွက် အစိုးရနဲ့ ညှိုနှိုင်းနေတယ် လို့ ဒေါက်တာမောင်အောင် က ပြောပါတယ်။
အဲဒီလိုအရေးယူတာမျိုးတွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စည်ပင်ဝန်ထမ်းတွေ၊ မထသ ဝန်ထမ်းတွေ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြော ပါတယ်။
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နာယကအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ တိုင်းဒေသကြီး လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နဲ့ ပြင်ပပညာရှင်တွေလည်း ပါဝင်ပါတယ်။