မ.ထ.သ လက်အောက်က ယာဉ်လိုင်းတွေ အများပိုင်ကုမ္ပဏီဖွဲ့စည်းပြင်ဆင်
2016.08.27

မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ (မ.ထ.သ) လက်အောက်မှာရှိတဲ့ ယာဉ်ပိုင်ရှင်တွေဟာ အများပိုင်ကုမ္ပဏီဖွဲ့စည်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။
မထသ လက်အောက်က ယာဉ်ပိုင်ရှင်တွေပေါင်းပြီး အများပိုင်ကုမ္ပဏီအဖြစ်လုပ်ဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောခဲ့တဲ့အတိုင်း ပြင်ဆင်နေကြတာဖြစ်တယ်လို့ မ.ထ.သ ဥက္ကဌ ဦးလှအောင် က ပြောပါတယ်။
"မ.ထ.သ အဖွဲ့အစည်းမှာပါတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ပုဂ္ဂလိကတစ်ဦးချင်းပိုင်တာကို နောင်ခွင့် မပြုတော့ဘဲ ကုမ္ပဏီပိုင်ယာဉ်တွေပဲဖြစ်ရမယ်လို့ ၅ လပိုင်း ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ်က ပြောခဲ့ပြီးဖြစ် ပါတယ်၊ အခု မထသ မှာပါဝင်နေတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း ကုမ္ပဏီဖွဲ့စည်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှာ သွားရောက်ပြီးတော့ သတင်းပို့နေကြပြီ ဖြစ်ပါတယ်ဗျ" လို့ ပြောတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မ.ထ.သ အဖွဲ့ကို ဖျက်သိမ်းပြီး မ.ထ.သ အဖွဲ့ဝင်တွေ ကိုလည်း အသစ်ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ပြောထားတာဖြစ်ပါတယ်။
မ.ထ.သ လက်အောက်မှာ အရင်က ယာဉ်လိုင်းပေါင်း ၃၅၈ လိုင်းရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လက အများပြည်သူ စီးတာနည်းတဲ့ ယာဉ်လိုင်း ၂၆ လိုင်းကို ဖျက်သိမ်းလိုက်ပါတယ်။
မ.ထ.သ အဖွဲ့ကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖျက်သိမ်းမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အဲ့ဒီနေ့ရက်မှာ ဖျက်သိမ်းဖို့ အခုအချိန်ထိ ညွှန်ကြားချက် မရရှိသေးဘူးလို့ မ.ထ.သ ဥက္ကဌ ဦးလှအောင် က ပြောပါတယ်။