ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တချို့ကို ပြန်လည်တုန့်ပြန်မယ့် သူတွေ မထသနဲ့ ပူးပေါင်းဖို့ ပြော
2016.12.26

ရန်ကုန်မြို့က လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပြန်လည်တုန့်ပြန်မယ့်သူတွေအနေနဲ့ မထသ (ဗဟို)နဲ့ ပူးပေါင်းပြီး ဥပဒေနဲ့အညီဖြေရှင်းဖို့ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ ဗဟိုဌာနမှာ မထသရဲ့ ခရိုင်အသီးသီးက တာဝန်ရှိသူတွေ၊ ယာဉ်လိုင်းတည်ထောင်ထားသူတေွနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဦးလှအောင် က ပြောခဲ့တာ ဖြစ်ပါတယ်။
"ကျနော်တို့သည်လည်း ဒီတာဝန်ကို ယူထားရသလို ပြည်သူ့ရဲ့ဝန်ကိုလည်း ထမ်းရမှာပါ၊ ဒါကြောင့် အကယ်၍ ဒီလိုဖြစ်စဉ်တွေအပေါ်မှာ ကျနော်တို့ကိုလည်း ပူးပေါင်းပြီး အသိပေးပေးပါ၊ အကယ်၍ ကျနော်ကိုယ်တိုင်က အရေးမယူရင် ကျနော့်ကိုလည်း အခုဝေဖန်သလို ကျနော့်ကိုလည်းပြောလို့ရသလို အရေးယူလည်း ကျနော်ခံရမှာပါ"
ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေအနေနဲ့ ဘတ်စ်ကားကို နေ့စဉ်အသုံးပြုနေရတာ ဖြစ်ပါတယ်။ ယာဉ်လုပ် သားတွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို ပြန်လည်အရေးယူရာမှာ ကျူးလွန်တာနဲ့ညီမျှတဲ့ ပြစ်ဒဏ်မျိုးကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် ပေးသင့်တယ်လို့ ပြောပါတယ်။
လိုင်းကားတွေပေါ်မှာ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို ပြန်လည်တုန့်ပြန်မယ့်သူတွေစုပြီး မ.ထ.န လို့ခေါ်တဲ့ "မိုက်ရိုင်း မော်တော်ယာဉ် နှိမ်နှင်းရေး" အဖွဲ့ကို ဖွဲ့စည်းနေပါတယ်။
လိုင်းကားယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကို အရေးယူတာတွေ အားနည်းတဲ့အတွက် ခရီးသွားပြည်သူအချို့စုပြီး ပြန်လည်တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ကိုကျော်ဉာဏ်ဟိန်း က ပြောပါတယ်။
"မော်တော်ယာဉ် ဘတ်စ်ကားတချို့ပေါ့နော်။ ခရီးသွားပြည်သူတွေကို ရိုင်းပြတဲ့ဆက်ဆံမှုတွေ၊ ကိုယ်ထိ လက်ရောက် ကျုးလွန်တာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက အရေးယူတာ အားနည်းတယ် ခင်ဗျ၊ အားနည်းတဲ့အခါမှာ ကျူးလွန်မှုတွေ များလာတဲ့အခါ ခရီးသွားပြည်သူတွေက ဆန့်ကျင်တွန်းလှန်တဲ့အတွက် Campaign တစ်ခုဖြစ်ပေါ်လာတာပါ။ ကျုးလွန်လိုက်တဲ့ ဘတ်စ်ကား ဒါမှမဟုတ် အဲ့ဒါမျိုးကို အဖွဲ့လိုက်သွားမယ်။ သွားပြီးတော့ ဒီလိုမျိုးဖြစ်စဉ်တွေကို နောက်မလုပ်ဖို့ ပြောဆိုမယ်ပေ့ါနော်။ သူတို့တွေက လက်မခံနိုင်ဘူး၊ လက်မခံဘဲ တုန့်ပြန်လာမယ်ဆိုရင် တုန့်ပြန်လာတဲ့အတိုင်း ပြန်ပြီးတော့ ထိထိရောက်ရောက် တုန့်ပြန်မယ်လို့ စဉ်းစားထားပါတယ်။"
လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာတွေနဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ် တာတွေ စော်ကားတာတွေရှိလာခဲ့ရင် ဗွီဒီယို ဒါမှမဟုတ် ဓာတ်ပုံရိုက်ယူပြီး အချက်အလက် ပြည့်ပြည့်စုံစုံ နဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးရမှာဖြစ်ပါတယ်။
လိုင်းကားတွေ တစ်စီးနဲ့ တစ်စီးပြိုင်မောင်းတာ၊ ခရီးသည်တွေကို အတင်အချလုပ်တဲ့အခါ အတင်းဆွဲချတာတွေ တွန်းချတာတွေ၊ သတ်မှတ်ထားတဲ့ ယာဉ်စီးခထက် ပိုတောင်းတာတွေကြောင့် ခရီးသည်တွေနဲ့ စကားများပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တချို့က ခရီးသည်တွေအပေါ် ကိုယ်ထိလက်ရောက်ကျုးလွန်တာတွေ ရှိနေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။
အဲဒီလိုလုပ်ဆောင်နေတဲ့ ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အရေးယူမှု အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်းမှာ ခရီးသည်တင်ယာဉ်လိုင်းမောင်းသူတွေ နဲ့ ယာဉ်နောက်လိုက်တွေက ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောတာ၊ ကိုယ်ထိလက်ရောက် ကျုးလွန်တာတွေရှိရင် ခံရတဲ့ ခရီးသည်ဘက်က ကူညီပေးဖု့ိအတွက် "မိုက်ရိုင်းမော်တော်ယာဉ်နှိမ်နှင်းရေး"ဆိုတဲ့ လှုံ့ဆော်မှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေပြီး ခရီးသည်တွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေအပေါ် ပြန်လည်တုန့်ပြန်မယ့် အဖွဲ့ ဖွဲ့စည်းနေပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုကျော်ဉာဏ်ဟိန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။