ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ


2015.01.11
yangon-newcity-305 ရန်ကုန်မြို့သစ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာယီရပ်ဆိုင်းထား တဲ့ တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင် က ကျေးရွာတွေဖံ့ွဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။

"စီမံကိန်းကိုပြန်ပြီးတော့ အကောင်အထည် အမြန်ဆုံး ဖော်ပေးဖို့တောင်းဆိုတာပေါ့၊ အဲ့လိုလုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ဒေ သကြီးတစ်ခုလုံးကလေ ရန်ကုန်မြို့နဲ့ဆိုလည်း မြစ်ပဲခြားတယ်လေ၊ လှိုင်သာယာမြို့နဲ့ကျတော့ လည်း မြစ်ပဲခြားတယ်၊ ခြားပြီးတော့ အကိုတို့ဒေသမှာ တစ်ခါတည်း ခန်းခြောက်ပြီးတော့လေ လယ်ယာမြေကလည်း လုပ်စားလို့လည်း အဆင်မပြေ၊ ကျေးရွာတွေကလည်း သွားရေးလာရေးကအစ မိုးတွင်းဖက်ကျရင်လေ ရွှံ့တွေဗွက်တွေနဲ့ အထက်တန်းကျောင်းတွေဆိုရင်လည်း မြေဧက ၃ဝဝဝဝ ဝန်းကျင် ရွာတွေစုထားတာပါ၊ တွဲဘက်အထက်တန်းကျောင်းဆိုတာ ကျောင်းတစ်ကျောင်းပဲရှိတယ်လေ၊ အဲ့ဒီတော့ ကျန်တဲ့ရွာတွေက အဝေးကြီးကနေပြီးမှ အဲ့လိုသွားဖို့က လမ်းပန်းမရှိ ဘာမရှိတွေနဲ့ဆိုတော့လေ ကလေးတွေက ပညာရေးတွေက မမီတော့ဘူးပေါ့၊ ကျောင်းတွေဘာတွေထွက်ပြီးတော့ ကိုယ့်မိရိုးဖလာ အလုပ်ကလေးတွေပဲ လုပ်စားနေရတယ်"

မြို့သစ်စီမံကိန်းဧရိယာမှာပါတဲ့ ဒေသခံတွေဟာ တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာစုဝေးပြီး သင်္ဃန်းကျွန်း မြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။

အခုလို ဒေသခံတွေ ဆန္ဒပြတောင်းဆိုတာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၃ဝဝဝဝ ကျော်မှာ အကောင်အထည် ဖော်မှာဖြစ်ကြောင်းနဲ့ စီမံကိန်းကို မြို့သစ်စေတနာအများပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။