ရန်ကုန်မြို့တော် ရှေးဟောင်း လက်ရာ ထိန်းသိမ်းရေး အဆိုတင်သွင်း


2014.08.22
high_court_305_z.jpg ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အအုံ ဖြစ်ပါသည်။
(Photo: AFP)

ရန်ကုန်မြို့တော်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အဆိုတင်သွင်းခဲ့ပါတယ်။

ရန်ကုန်မြို့တော်ဟာ အာရှမှာ ရှေးဟောင်းလက်ရာတွေ အများဆုံးကျန်ရှိတဲ့ မြို့တော်ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အဆို တင်သွင်းတာဖြစ် တယ်လို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ရန်ကုန်မြို့မှာက ရှေးဟောင်းအမွေအနှစ်တွေ အများကြီးရှိတယ်လေ၊ ကိုင်တွယ်ထိတော့လို့ ရတဲ့ပစ္စည်းတွေပေါ့နော်၊ အဆောက်အအုံတွေ၊ ပန်းခြံတွေ၊ မြင်ကွင်းတွေပေါ့နော်၊ ဒါတွေလည်းရှိသလို ကိုင်တွယ်ထိတော့လို့မရတဲ့ ရှေးဟောင်းအမွေအနှစ်တွေလည်း အများကြီးရှိတယ်၊ ရန်ကုန်မြို့တော်ဟာ အာရှမှာ ရှေးဟောင်းလက်ရာတွေ အများဆုံးကျန်ရှိတဲ့မြို့တော်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ရန်ကုန်မြို့တော်ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းရန် တင်သွင်းတာပါ"

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အဆင့်မြင့်အဆောက်အဦးတွေ အတော်များများ ဆောက်လုပ် ခွင့်ပြုခဲ့တဲ့အတွက် ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရံှုးပျောက်ကွယ်လာတယ်လို့လည်း ဒေါက်တာ ညိုညိုသင်းကပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတင်သွင်းတဲ့အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လက်ခံဆွေးနွေးသင့်၊ မသင့်ကို လာမယ့် သြဂုတ်လ၂၅ ရက်နေ့မှာ ဆုံးဖြတ်မှာဖြစ်ပြီး အဆိုအတည်ဖြစ်ခဲ့ရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး ဥပဒေရေးဆွဲပြီး အမွေအနှစ် ထိန်းသိမ်းရေးကော်မရှင်ကို ဖွဲ့စည်းရမယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စောင့်ကြည့်ရေးအဖွဲ့ World Monuments Fund အဖွဲ့ကလည်း ရန်ကုန်မြို့ကို ၂၀၁၄ ခုနှစ်ရဲ့ ပျောက်ကွယ်သွားနိုင်တဲ့ ရှေးဟောင်းအမွေအနှစ် စောင့်ကြည့်ခံရတဲ့မြို့အဖြစ် သတ်မှတ်ထားပါတယ်။

ဒေါက်တာညိုညိုသင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။