ဒုက္ခသည်စခန်းတွေ ယန်ဟီးလီ သွားမည်
2018.06.28

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း ဒါကာမြို့နဲ့ Cox’s Bazar ဒေသတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပါလိမ့်မယ်။
မစ္စ ယန်ဟီးလီက သူ့ကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ဆက်လက်ငြင်းပယ်ထားတာကြောင့် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက ပေးအပ်ထားတဲ့ တာဝန်တွေကို အကောင်အထည်ဖေါ်ရေးအတွက် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု မရှိတာကို ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။
သူ့အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံထားရသူတွေကို များများသွားရောက်တွေ့ဆုံနိုင် မှ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စ ယန်ဟီးလီဟာ ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး မှာဖြစ်ပါတယ်။ အဲဒီနောက် ခရီးစဉ်က တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ ကျင်းပမယ့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံ တင်ပြမှာဖြစ်ပါတယ်။